မြန်မာနိုင်ငံတွင်
တစ်နေ့တခြား မိုဘိုင်းဖုန်းများ တွင်ကျယ်သည်ထက် တွင်ကျယ်၍ လာနေပြီး မြို့ကြီးများ၏
နေရာအနှံ့အပြား၌ ဟန်းဆက်ဆိုင်များကို မြင်တွေ့လာရသည်။ ယခင်က ခေတ်စားခဲ့သော အင်တာနက်ဆိုင်များ၏နေရာ၌
ဖုန်းဟန်းဆက်ဆိုင်များ ဝင်ရောက်နေရာယူလာသည်ဟုပင် ဆိုရမည်။ အရွယ်မရောက်သေးသည့် ကလေးများသည်ပင်လျှင်
ဖုန်းများ တကိုင်ကိုင်လုပ်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့် မိုဘိုင်းဖုန်းသုံးစွဲမှုနှင့်
ကလေးတို့၏ပညာရေး ဆက်နွှယ်ချက်ကို ဆန်းစစ်ကြည့်ရန် လိုလာသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အထူးသဖြင့် ကျေးလက်ဒေသနှင့် ဝေးလံသီခေါင်သောနေရာများတွင် အရည်အသွေးရှိသော ပညာရေးကို ဖြန့်ချိရန်အတွက် အရေးပါသောစိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းသည့်အခါ အများက အိုင်တီနည်းပညာအပေါ် မျှော်လင့်လာကြပြီး မိုဘိုင်းဖုန်းသည်လည်း ပညာရေးအတွက် အရေးပါလာလိမ့်မည်ဟု ယူဆကြသည်။ အာရှတိုက်တွင် ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မိုဘိုင်းဖုန်းအသုံးပြုသည့် သင်ကြားရေးစနစ်များကို အသုံးပြုကြည့်ရာ ပညာရေးဆိုင်ရာရလဒ်များ တိုးတက်လာသည်ဟု ဆိုသည်။
သို့သော် မိုဘိုင်းဖုန်း တစ်ရက်လျှင် လေးနာရီကျော်သုံးစွဲသည့် ကလေးများသည် တစ်ရက် မိနစ် ၃ဝ သာသုံးစွဲရန် ကန့်သတ်ခံထားရသည့် ကလေးများထက် ကျောင်းသင်ခန်းစာစမ်းသပ်မှုများတွင် ရလဒ်သိသိသာသာ ညံ့ဖျင်းကြောင်း ဂျပန်အစိုးရ၏ မကြာသေးမီက လေ့လာမှုတစ်ရပ်တွင် တွေ့ရှိခဲ့သည်။ တစ်ရက်လျှင် မိုဘိုင်းကိရိယာများကို လေးနာရီထက်မနည်းသုံးစွဲသည့် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် ကျောင်းသားကိုးဦးတွင် တစ်ဦးသည် ကျောင်းပညာ၌ ဘာသာစုံ ပျမ်းမျှအမှတ် ၁၄ ရာခိုင်နှုန်း ကွာဟခဲ့ကြောင်း လေ့လာမှုက ဆိုသည်။ သင်္ချာတွင် ၁၈ ရာခိုင်နှုန်းကျော် ကွာဟကြောင်း ဂျပန်ပညာရေးဝန်ကြီးဌာနက လေ့လာခဲ့သောစစ်တမ်းတွင် တွေ့ရှိခဲ့သည်။
စစ်တမ်းတွင်ပါဝင်ခဲ့သော အထက်တန်းကျောင်းသားများ၏ ထက်ဝက်နီးပါးသည် တစ်ရက်လျှင် တစ်နာရီကျော် မိုဘိုင်းဖုန်းသုံးစွဲကြကြောင်း ဖြေဆိုခဲ့ကြသည်။ စစ်တမ်းတွင် ပါဝင်သည့် ကျောင်းသားများအနက် လေးပုံတစ်ပုံတွင် မိုဘိုင်းဖုန်းမရှိကြပေ။ စမတ်ဖုန်းသုံးစွဲမှုသည် ၁၁ နှစ်အရွယ်ကျောင်းသားများတွင် ပျံ့နှံ့နေကြောင်း၊ မူလတန်းနောက်ဆုံးနှစ်ကျောင်းသားများ၏ ၅၄ ရာခိုင်နှုန်းသည် ကိုယ်ပိုင်ဖုန်းရှိကြကြောင်း ယင်းစစ်တမ်းက တွေ့ရှိခဲ့သည်။ ၎င်းတို့အနက် ၁၅ ရာခိုင်နှုန်းသည် နေ့စဉ် ဖုန်းတစ်နာရီ ထက်မနည်း သုံးစွဲကြကြောင်း ယင်းစစ်တမ်းက တွေ့ရှိခဲ့သည်။ ပညာရေးဝန်ကြီးဌာနက ကောက်ယူသည့် ကျောင်းသားများ မိုဘိုင်းဖုန်းသုံးစွဲမှုဆိုင်ရာ စစ်တမ်းကကျောင်းသားများဖုန်းကို စွဲလမ်းမှုကြောင့် သင်ခန်းစာ စာအုပ်များကို မျက်ကွယ်ပြုလာနေသည်ကို စိုးရိမ်မှု မြင့်တက်စေခဲ့သည်။ ကျောင်းသားများ မိုဘိုင်းဖုန်းသုံးစွဲမှုအလေ့အထကို လေ့လာခဲ့သော ကာဇူအိုတာကီအူချီက မိုဘိုင်းဖုန်းသုံးစွဲမှုကို စွဲလမ်းသောကျောင်းသားများသည် ပညာရပ်ဆိုင်ရာ စွမ်းရည်တွင် ယုံကြည်မှုမရှိကြောင်း ပြောကြားခဲ့ပြီး ဖုန်းသုံးစွဲမှုကို ကန့်သတ်ရန် မိဘများအား တိုက်တွန်းခဲ့သည်။
ဂျပန်သည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သောကြောင့် ကလေးများ၏ မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် ပညာရေးဆက်နွှယ်မှုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကွာခြားနိုင်သည်ဟု ယူဆနိုင်သော်လည်း အကျိုးရှိသောကိစ္စများအတွက်သုံးစွဲခြင်းနှင့် အကျိုးမရှိရုံမက အကျိုးပါယုတ်စေသောကိစ္စများအတွက် သုံးစွဲခြင်းတို့အကြား ချင့်ချိန်စဉ်းစားရန်လိုသည်။ ၎င်းအပြင် အထိုက်အလျောက်သုံးစွဲခြင်းနှင့် အလွန်အကျွံ စွဲလမ်းစွာ သုံးစွဲခြင်းတို့အကြားလည်း များစွာကွာခြားသည်။ ထို့ကြောင့် မိဘများအနေဖြင့် စဉ်းစားချင့်ချိန်မှု အားနည်းသေးသော ကလေးများ၏ မိုဘိုင်းဖုန်းသုံးစွဲမှုနှင့်ပတ်သက်၍ ထိန်းညှိပေးရန်လိုအပ်မည် ဖြစ်ပါသည်။

The
Daily Eleven Newspaper
No comments:
Post a Comment