Friday, August 15, 2014
ငယ်လေလည်လေ ကြီးလေဖြီးလေ
ကလေးအရွယ်
ရပ်ကွက်အတွင်းမှကလေးတစ်သိုက် ပိုက်ဆံထောင်၍ ကျောက်ဒိုးနှင့်ပစ်သည့်
ကစားနည်းကို ကစားလျက် ရှိသည်။ အကြွေစေ့မရှိတော့သည်ဖြစ်၍ တစ်ရာတန်၊ နှစ်ရာတန် ငွေစက္ကူများအား
အသေးဆုံး အရွယ် ဖြစ်အောင် ခေါက်ကာ မြေပေါ် တွင် စိုက်၍ထောင်သည်။ ခြေလှမ်း ၁၀လှမ်းခန့်
အကွာမှ ကျောက်ဒိုးဖြင့် ထိအောင်ပစ်ခြင်း ဖြစ်သည်။ မည်သူကစ၍
ပစ်မည်ကို စည်းနီးလု၍ ဆုံးဖြတ်ကြသည်။ ပစ်၍လဲလျှင် လဲသည့် ငွေစက္ကူခေါက်အား ယူနိုင်သည်။
သုံး၊လေးခုလဲလျှင်လည်း သုံး၊လေးခုယူရန်ဖြစ်သည်။ တစ်ယောက်တစ်လှည့်စီ ပစ်ပြီးချိန်၊ ငွေစက္ကူခေါက်များ ကျန်နေပါက
ထပ်ပစ်မည်လား၊ ထပ်ဖြည့်မည်လား ဆိုသည်ကို အားလုံးသဘောတူဆုံးဖြတ်ကြသည်။
မကြာခဏ အကျန်များခြင်း၊ ကျန်သည့် တစ်ခု၊ နှစ်ခုမှာ ပစ်ရန်ခက်ခြင်းဖြစ်လာသည့်အခါ
ကစားပုံကို တစ်မျိုးပြောင်းကြသည်။ တစ်ခုလဲ တစ်ခုယူမဟုတ်တော့။ ခေါင်ထိအကုန်ယူဖြစ်လာသည်။ ထိုနည်းတွင် ထိသည့်
ငွေစက္ကူ မှစ၍ ပစ်သူဘက်မှ ငွေစက္ကူအားလုံး ရနိုင်ပေသည်။
တစ်ယောက်တစ်ပေါက်ငြင်းကြ၊ ခုံကြ၊ ထင်မြင်ချက်တွေပေးကြနှင့်
ကစားဝိုင်းပျက်သွားသည်။ တစ်ယောက်က ပြောသည်။ သူတို နိုင်မယ်မှန်းသိလို့
ခေါင်ထိအကုန်ယူချင်တာ။ " ရှုံးသူက မကျေနပ်၊ စိတ်ထဲက ကြိမ်းဝါးသည်မှာ " နေနှင့် ဦးပေါ့ကွာ၊
တစ်နေ့နေ့တော့ တွေ့ကြသေးတာပေါ့"။ နိုင်သူက
ငြိမ်နေလိုက်သည်။ ကလေးဘ၀ ခိုအောင်းခဲ့သည့်ခံစားချက်များမှ တစ်ခုဖြစ်ပါသည်။
လူငယ်အရွယ်
ရွာစွန်ထန်းတောတွင် လူငယ်တစ်သိုက် ၀ိုင်းဖွဲ့ကာ ထန်းရည်သောက်လျက်ရှိသည်။ နံနက်စောစော အိပ်ရာထ၍နွားနှစ်ကောင်ဆွဲကာ ထွန်တုံးထမ်းရင်း လယ်ကွင်းသို့ ရောက်ခဲ့သည်။
နေမွန်းမတည့်မီ တစ်ဧကလောက်ပြီးရန် မျှော်မှန်းသည်။ ပြီးချင်သည်မှာလည်း ထယ်ထိုးပြီး၊
ထွန်တိုက်ပြီးသည်အထိ ဖြစ်သည်။ ထို့ကြောင့် နွားတစ်ရှဉ်းသာမက ကျွဲတစ်ရှဉ်းပါ ခေါ်လာခဲ့သည်။
ခုတော့ပြီးပြီ၊ လိုချင်သည့် အတိုင်းအတာလည်းဖြစ်ပြီ။ တစ်မနက်ခင်း ပင်ပန်းသမျှ ထန်းရိပ်မှာ
ချွေးသိပ်ရတော့မည်။ထန်းရည်သည် ပုစွန်ဆိတ်ခုန်နေသလို ပဲကြီး လှော်ကလည်း ကြွပ်ရွလျက်ရှိသည်။
ထန်းတဲရှင် ကိုချက်ကြီးက ပင်ကျရည်လက်ကျန်ဟုဆိုကာ ထန်းအိုးနှစ်မြူ
လာချသည်။ သောက်မည့်သူက လေးယောက်ဆိုတော့ အာသာပြေမည် မထင်။ ထို့ကြောင့် ကိုချက်ကြီးနှင့်
အလောင်းအစား တစ်ခု လုပ်ကြသည်။ ထန်းပင်ပေါ်က ထန်းသီးကို လေးခွနှင့်ပစ်မည်။ တစ်လုံးပြုတ်ကျလျှင်
တစ်အိုး၊ နှစ်လုံးပြုတ်ကျလျှင် နှစ်အိုး ပေးရမည်ဟု ကိုချက်ကြီးသဘောတူ၍ ခေါင်းပေါ်က ထန်းသီးစိမ်းများကို
ရီဝေေ၀နှင့်လက်တည့်စမ်းကြသည်။ လောက် စာလုံးတစ်အိတ်သာ ကုန်သွားသည်။ ထန်းသီးတစ်လုံးမျှ
ကြွေကျခြင်းမရှိ။ ထိုအခါမှကိုချက်ကြီးက ရင်တွင်းဖြစ်စကားဆိုသည်။ " ဘယ်အရာမှအလကားမရဘူး
" ဟူ၍ဖြစ်သည်။
လူလတ်ပိုင်းအရွယ်
လူလတ်ပိုင်းအရွယ်တစ်စု 'Indoor game ' ဟုဆိုကဲာရိုက်ကြသည်။ ယောက်ျားတွေချည်းမဟုတ်၊ မိန်းမတွေလည်းပါသည်။
အကြမ်းအားဖြင့် အသက်(၅၀)ကျော်အရွယ်များနှင့် ပင်စင်စားများဖြစ်သည်။ ဖဲကစားနည်းမှာ တစ်ချပ်မှောက်ဖြစ်ပြီးကြေးကလည်း ကြီးသည်။
ကစားနည်းအရ နိုင်ပုံမပေါ်လျှင် စောစောစီးစီးဘေးထွက်၍ ရသည်။ ကံစမ်းလိုသူများက
ဖဲစိတ်မွှန်၍ ငွေမျောတော့ ငွေနဲ့လိုက်ကြသည်။ တစ်ခါတစ်ရံ စိန်ကောင်း၊ ကျောက်ကောင်းရောင်းရာတွင်
ဆေးရိုးသည်ကတစ်မှောင့်ဆိုသလို အောက်ပြုတ်သမားနှင့်လည်း တွေ့ရသည်။ အောင့်သီးအောင့်သက် ဖြစ်ကာ
ပင့်၍ခွပ်သည်ကို ခံရပြီး စင်ပေါ်က ပြုတ်ကျသည်များလည်းရှိသည်။ ဖဲဝေပြီးသည်နှင့် မျက်နှာထားတွေ
ပြောင်းကြသည်။ ဟန်ဆောင်တတ်ခြင်းသည် တစ်ချပ်မှောက်ကစားနည်းအတွက် ပညာတစ်မျိုးပင်။ ဟန်ဆောင်ကောင်းသူများကြောင့်ပါ
သွားသည်လည်း ရှိသည်။
ဒီအလှည့်တော့ အပေါ်စီးကဖြစ်ကြောင်းသိသဖြင့် ခပ်ကျယ်ကျယ်လေးအော်လိုက်မိသည်။
" ရှိုး "။ ခဏငြိမ်သွားပြီး တစ်ယောက်ပြေး၍ သုံးယောက်လိုက်သည်။ သင်္ကြန်အမြောက်အထင်နှင့်
မကြောက်ကြ။ အားလုံးလိုက်ပြီး၍ ဖဲလှန်ပြပြီးသာသူ စားရုံသာဖြစ်သည်။ ထိုအချိန်တွင် "ရဲတွေ လာနေပြီ" ဟုအသံထွက်လာသည်။ နိုင်သူကရှုံးသူရှေ့ရှိငွေအားလုံးလိုက်သိမ်းသည်။ဖျာအောက်မှာ
သိမ်းထားသည့် ငွေစက္ကူအချို့ အစထွက်နေရာသို့ လက်ရောက်သွားသည်။ " ဖျာအောက်က မပါဘူးလေ၊ သူနဲ့မဆိုင်ဘူး။ " ရဲများရောက်ရှိချိန်
ဟိတ်ဟန်ကောင်းသော ရှိုးသမားများ ပုံမပျက်။ ပြန်ချိန်တန် တော့ ရဲတွေပြန်သွားကြသည်။
လူကြီးအရွယ်
လူကြီးတစ်ဦး အာပေါင်အာရင်းသန်သန် ဖြင့် မိုက်ကရိုဖုန်းကိုင်ကာ မဲဆွယ်စကားပြောလျက်
ရှိသည်။ သူပြောသည့်စကားကို အနှစ်ချုပ်လျှင် သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်းသာဖြစ်သည်။
ဘယ်လောက်တော်ကြောင်း၊ တတ်ကြောင်း၊ ကျွမ်းကျင်ကြောင်း၊ လျှောမွေးကိုဗာရာဏသီချဲ့လျက်ရှိသည်။
သူ့ကိုထောက်ခံသူများ လက်ခုပ်လက်ဝါးတီးပြီး အများစုက နှာခေါင်းရှုံ့ကြသည်။ သို့ရာတွင်
အရှိန်မသတ်နိုင်၊ ကြုံတုန်းလုပ်ထား(လုပ်စား)ရပေမည်။
ဟုတ်တာမဟုတ်တာအပထားပြီး ကြမ်းပိုးကလိပ် ဖြစ်ချင်ဖြစ်မည်။ အိမ် ပြန်ရောက်လျှင်
ကိုယ်ပြောခဲ့သည့်စကားများ လက်တွေ့ကျမကျ စဉ်းစားရန် လိုပေလိမ့်မည်။ လေထဲတိုက်အိမ်ဆောက်သည့်
အစီအမံများသည် သူသေသည့်တိုင် အကောင်အထည်ပေါ်လာရန် အကြောင်းမမြင်ပေ။ ထိုလူကြီးသည် အတွေအကြုံများသူဖြစ်၍
အောက်သက်ကျေမည်ဟု ယူဆစရာရှိသည်။ သို့ရာတွင် သူ့ကြောင့် အောက်
သို့ရာတွင် သူ့ဆီကယူရမည့်ပညာတစ်ခုကား ခေတ်အဆက်ဆက်ကုလားထိုင်မပျောက်အောင်
နေတတ်ခြင်းပင်။ လုပ်စားတော့ မိုးခေါင်၊ ခိုးစားလို့ ခွေးဟောင် မခံရသည့် လူစားမျိုးတွင်
တစ်ဦးအပါအ၀င်ဖြစ်သည်။ ဒီတစ်ခါ ထိုလူကြီးနှင့်ကြုံလျှင်မေးခွန်းတစ်ခု မေးကြည့်ရပေမည်။ ကံကံ၏ အကျိုးကို ယုံသလားဟု။ လူတို့သည် မွေးဖွားပြီးနောက်
ငယ်ရာမှကြီး၊ ကြီးရာမှအိုနာသေကြရသည်။ ဆရာတော် တစ်ပါးရှင်းပြဖူးသည့် ပုထုဇဉ်တို့ ကြိုတင်မသိနိုင်သော သေခြင်းနှင့်သက်ဆိုင်သည့်
အရာငါးမျိုးမှာ (၁) သေမည့်အသက်အရွယ်၊ (၂) သေမည့်အနာရောဂါ၊ (၃) သေမည့်အချိန်၊ (၄) သေမည့်နေရာ၊
(၅) သေလွန်ပြီးနောက်ဖြစ်ရမည့် ဘုံဘ၀ဟူ၍ဖြစ်သည်။ သမိုင်းရေးကြသူများကိုယ်တိုင် သမိုင်းတရားခံအဖြစ်
မခံသင့်ကြောင်း တွေးမိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment