မိသားစုဘဝ
ဆိုတာဟာ ကလေးတို့အတွက် အရေးကြီးပါတယ်။ ကလေးတို့အတွက် အရေးကြီးတဲ့ မိသားစုဘ၀လေးကို ပျော်စရာ
မိသားစုဘ၀လေးဖြစ်အောင်လို့ ထိန်းကျောင်းရမယ်၊ ပြုစုရမယ်လို့ ကလေးစိတ်ပညာရှင်များက ဘယ်လောက်ကြီးပဲ
ပြောနေပါစေ တကယ့်ဘ၀ထဲမှာတော့မိစုံ၊ ဘစုံနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘ၀မျိုးကို ဖန်တီးနိုင်ဖို့ဆိုတာသိပ်မလွယ်လှပါဘူး။
ကလေးတိုင်း ကလေးတိုင်းဟာလည်း မိသားစု စုံလင်တဲ့၊ပျော်စရာကောင်းတဲ့ မိသားစုဘ၀များကို
မရနိုင်ကြပါဘူး။
မိဘ
ဆုံးပါးသွားတာမျိုးပဲဖြစ်ဖြစ်၊ အဖေနဲ့အမေ တဦးနဲ့တဦး မချစ်ကြတော့လို့ ကွဲကြ၊ ကွာကြတော့တာပဲ
ဖြစ်ဖြစ် အင်မတန်နုနယ်တဲ့ ကလေးတို့နှလုံးသားမှာ စိတ်ဒဏ်ရာ အကြီးကြီး ရကြရတာကတော့ဖြင့်
မငြင်းနိုင်အောင်ပါပဲ။ အထူးသဖြင့် ကိုယ်ချစ်တဲ့ အဖေနဲ့ အမေတို့ တကွဲစီနေကြတော့မယ်၊လင်မယား
ကွာရှင်းကြတော့မယ်လို့ သိလိုက်တဲ့အချိန်မှာ ခံစားကြရတဲ့ ကလေးတို့ရဲ့ ခံစားမှုကတော့သနားစရာ
ကောင်းလောက်အောင်ပဲ ပြင်းထန်လွန်းလှပါတယ်။
ဟိုးအရင်
ကျမတို့ အဘိုး၊ အဘွားများ ခေတ်တွေ၊ ကျမတို့ရဲ့ အဖေ၊ အမေတွေရဲ့ ခေတ်တွေမှာတော့ လင်မယားကွာရှင်းတယ်တို့၊
နောက်ယောက်ျား၊ နောက်မိန်းမ ယူတယ်တို့ဆိုတဲ့ ဖြစ်ရပ်မျိုးက တော်တော်လေး ရှားပါတယ်။
ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ လင်မယားကွာရှင်းမှုများဟာ ဟိုးအရင် ခေတ်တွေကထက်စာရင် တော်တော်လေး
များလာပါပြီ။ လင်မယား ကွာရှင်းကြတဲ့ကိစ်္စတွေဟာ အကြောင်းများစွာ ရှိကြပေမယ့် အများဆုံးကတော့
အချစ်သစ်ထပ်တွေ့ကြလို့ ကွာကြတာများပါတယ်။ ကွာရှင်းကြတဲ့ အကြောင်းတွေထဲမှာ နောက်ထပ်အကြောင်းတခုကတော့
နှစ်ဖက်ဆွေမျိုးများရဲ့ ၀င်စွက်ဖက်မှုကြောင့်ပါ။ တခြားအကြောင်းတွေ ဖြစ်တဲ့ယောက်ျားက
အရက်သောက်တာ၊ ဖဲရိုက်တာ၊ မိန်းမက နှစ်လုံးထီ ထိုးတာ၊ လည်ပတ်ဝယ်ခြမ်း၊ ဖြုန်းသုံးတာစတဲ့အကြောင်းတွေနဲ့
ကွာရှင်းကြတာ ကတော့ဖြင့် မြန်မာလူမျိုးများပီပီသည်းခံနိုင်ကြတာမို့ ဒီလိုကိစ္စတွေနဲ့
ကွာရှင်းတာမျိုးဟာ သိပ်ကိုမှ နည်းလွန်းပါတယ်။ ဘာကြောင့်ပဲ ကွာကွာ မိဘနှစ်ပါး ကွားရှင်းကြပြီဆိုရင်ဖြင့်
ကြားထဲကမြေစာပင်ဖြစ်တဲ့ သားသမီးများကတော့ စိတ်ဆင်းရဲကြရတာပါပဲ။
အထူးသဖြင့်
အဖေနဲ့ အမေတို့ ကွာရှင်းမယ့်ကာလကို မရောက်ခင်မှာပဲ တခြိမ်းခြိမ်းနဲ့ ဖြစ်ကြတဲ့ ရန်ပွဲတွေကို
ကလေးတို့ခမျာ ကြုံကြရ၊ ကြားကြရပါပြီ။ တယောက်နဲ့တယောက် နစ်နာစေမယ့် စကားလုံး တွေနဲ့ တယောက်ကိုတယောက်
တိုက်ခိုက်တဲ့စကားလုံးတွေနဲ့ ဒေါသတကြီး အပြန်ပြန်အလှန်လှန် ပြောဆိုနေတာကို စိတ်မချမ်းမြေ့စွာနဲ့
ကြားနေကြရပါတော့တယ်။ တချို့ မိဘတွေကတော့ ရန်ဖြစ်ကြရင် နင်က ဘာကောင်ပဲတို့၊ နင်ကတော့
ဘာကောင်မပဲတို့ ဆိုတဲ့စကားလုံးတွေကို ကလေးတို့ရဲ့ ရှေ့မှာတောင်မှ မဆင်ခြင်ဘဲ တယောက်ကိုတယောက်ပြောတတ်ကြပါသးတယ်။
ဒီအခါမှာတော့ အဖေရဲ့ မကောင်းကွက်တွေကို အမေက ထုတ်ဖော်ပြောတာကို ကြားရ၊ အမေရဲ့ မကောင်းကွက် မှန်သမျှကိုအဖေက
ထုတ်ဖော်ပြောတာကို ကြားရတဲ့ ကလေးတို့ခမျာ ကိုယ့်ရဲ့ မိဘတွေကို အထင် သေးစိတ်၊ စိတ်ပျက်စိတ်တွေ
ဝင်လာတတ်ကြပါတယ်။ ငါဟာ ဒီလိုမကောင်းတာတွေ အများကြီးလုပ်ထားတဲ့ အဖေ၊ အမေတို့ရဲ့ သားသမီးပါလား
ဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေ ၀င်လာတတ် ပါတယ်။ တချို့မိဘများကတော့
သူတို့ရဲ့ ရန်ပွဲတွေမှာ မဆီမဆိုင် ကလေးတွေကိုပါ ထည့်သွင်းတတ်ကြ ပြန်ပါသေးတယ်။
ဥပမာ
- ““နင်တို့ကြောင့် ငါ့မှာ ၀ဋ်ခံနေရတာ၊
နင်တို့ကို မမွေးလာခဲ့ဘူးဆိုရင် သိပ်ကောင်းမှာပဲ”” စသဖြင့် ကလေးတွေကြောင့်ပဲ ကိုယ့်မြှာဒီလိုဒုက္ခတွေခံနေကြရသယောင်ယောင်နဲ့
ပြောဆိုတတ်ကြပါသေးတယ်။ အဲဒီအခါမှာတော့ ငယ်ရွယ်သေးတဲ့ ကလေးတွေမှာရော၊ ဆယ်ကျော်သက်ထဲကို
ဝင်ရောက်စပြုနေတဲ့ ကလေးတပိုင်း၊ လူကြီးတပိုင်း အရွယ်တွေမှာပါ သူတို့ကြောင့်ပဲ အဖေနဲ့
အမေ ပြဿနာဖြစ်ရသလိုလို၊ အဖေနဲ့ အမေရဲ့ ကွာရှင်းမှုထဲမှာ သူတို့ရဲ့အပြစ်တွေပဲ ပါနေသလိုလို
ထင်ပြီးတော့ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ကြ ရပါတယ်။ ငါဟာ လူမဖြစ်ထိုက်ဘူး၊ လူ့ဘ၀ကို
မှားယွင်းပြီးရောက်လာတာပဲ။
တကယ်တော့
ငါ့ကိုအဖေရော၊ အမေကပါ မလိုချင်ကြတာပါလားလို့ တွေးပြီးတော့ စိတ်ထဲမှာ ၀မ်းနည်း ထိခိုက်
နာကြည်းတတ်လာပါတော့တယ်။ တကယ်တော့ ဒီလိုမျိုး ကလေးတွေကို စိတ်ပျက်၊ ၀မ်းနည်း နာကြည်းအောင်လို့
မပြောဆိုရင်တောင်မှ အဖေနဲ့အမေ ကွာရှင်းကြတော့မယ်၊ အတူတူမနေရတော့ဘူး ဆိုတဲ့ကိစ္စဟာ ကလေးတို့အတွက်
အင်မတန်မှကြောက်စရာကောင်း တဲ့ ကိစ္စရပ်ကြီးပါပဲ။
နိုင်ငံရပ်ခြားမှာတော့
ကွာရှင်းကြပြီဆိုရင်ဖြင့် ကလေးတို့ဟာ သူတို့နဲ့အတူတူမနေရတဲ့ အဖေ (သို့မဟုတ်) အမေနဲ့
တပတ်တကြိမ် (သို့မဟုတ်) တလတကြိမ် စသဖြင့် တွေ့ခွင့်ရကြပါတယ်။ ဒါပေမယ့်ကျမတို့ဆီ မှာတော့
ဒီလိုမျိုးကြည်ကြည်ဖြူဖြူနဲ့ ပေးတွေ့တာမျိုး သိပ်ကိုမှရှားလှပါသေးတယ်။ ကလေးဟာ အဖေ (သို့မဟုတ်)
အမေနဲ့ အတူတူနေပြီဆိုပါတော့။ အတူတူနေရတဲ့ အဖေ(သို့မဟုတ်) အမေ (သို့မဟုတ်) အဘိုး၊ အဘွား၊အဒေါ်
စသူတို့က နင့်အဖေက ဘယ်လိုမကောင်းတာ၊ နင့်အမေက ဘယ်လိုမကောင်းတာ စသဖြင့်ကလေးနဲ့ အတူမနေသူ
အဖေ၊ အမေရဲ့ မကောင်းကြောင်းတွေ၊ စိတ်နာစရာတွေ၊ ကလေးအရွယ်နဲ့မသိသင့်သေးတဲ့ အဖြစ်ပျက်မျိုးတွေကို
ကလေးကိုပြောပြတာမျိုးတွေလည်း ကျမတို့ဆီမှာ ရှိနေဆဲပါ။
အဲဒီလိုပဲ
ကလေးက အမေ့ကို တွေ့ချင်တယ်တို့၊ အဖေကို တွေ့ချင်တယ်တို့ ပြောမိရင်လည်း ကလေးကို မဲပြီးတော့
ရိုက်တာမျိုးတွေ ရှိနေဆဲပါပဲ။ ဒီလိုပြုလုပ်ခြင်းဟာ ကလေးက ကိုယ့်ရဲ့ဘက်တော်သားဖြစ်ဖို့၊
ကိုယ့်တယောက်တည်းကိုပဲ ချစ်ဖို့ ဆိုတဲ့အတွေးတွေနဲ့ လုပ်ကြတာ များပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်လိုက်ခြင်းကြောင့်
ကလေးတို့ရဲ့ ဘ၀မှာအင်မတန်မှအရေးကြီးတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ် (Self-Confidence)
နဲ့ ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်စိတ်၊ အထင်ြကီးစိတ် (Self Esteem) ကိုပြိုပျက်သွားအောင်လို့
လုပ်လိုက်ခြင်းပဲ ဆိုတာကိုတော့ဖြင့် မိဘများခမျာ သတိမပြုမိ တတ်ကြပါဘူး။
အိမ်ထောင်ရေး
ပြိုကွဲတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်က တဖက် အိမ်ထောင်ဖက်ပေါ်မှာ စိတ်ပျက်ရ၊ ဒေါသထွက်ရ၊
ဝမ်းနည်းရ၊ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် မိဘတွေကြားမှာ ဘာမှနားမလည်ရှာတဲ့၊
အပြစ်ကင်းစင်တဲ့ ကလေးတို့ရဲ့ ရင်ထဲမှာ စိတ်ဒဏ်ရာမရစေဖို့အတွက်တော့ဖြင့် သတိထားကြရမှာပါပဲ။
ကိုယ့်အတွက်က မုန်းစရာ အင်မတန်ကောင်းတဲ့မိန်းမ (သို့မဟုတ်) ယောက်ျား ဖြစ်နေပေမယ့် ကလေးတွေအတွက်ကတော့
သူတို့ရဲ့ အမေ (သို့မဟုတ်)အဖေပါပဲ။ အဖေနဲ့ အမေဟာ အကြောင်းကြောင်းတစ်ယောက်နဲ့တစ်ယောက်
အတူတူနေလို့မရတော့ပေမယ့် ကလေးတွေကိုတော့ ချစ်နေတုန်းပဲ၊ မိဘနှစ်ပါး ကွဲကွာခြင်းဟာ ကလေးတွေနဲ့
ဘာမှမဆိုင်တဲ့ အကြောင်း၊ ဖေဖေကလည်း သမီးတွေနဲ့အတူတူမနေတော့ပေမယ့် သမီးတို့တွေ့ချင်တဲ့အချိန်မှာ
အဖေနဲ့တွေ့လို့ရသလို ဖေဖေက ဘယ်နားမှာပဲနေနေ သမီးတို့ရဲ့ အမြဲတမ်း ဖေဖေပဲ ဆိုတာကိုကလေးတို့
သိအောင်၊ နားလည်အောင်လို့ ရှင်းပြဖို့လိုပါတယ်။
အိမ်ထောင်ရေး
ပြိုကွဲတယ်ဆိုတာဟာ လူကြီးတွေအတွက် စိတ်ဆင်းရဲစရာ ကောင်းလှတဲ့ ဖြစ်ရပ်ကြီးတခု ဖြစ်သလို၊
ကလေးများအတွက်လည်း သိမ်ငယ်၊ ၀မ်းနည်း၊ အားငယ်စရာ အင်မတန်ကောင်းလှတဲ့ အပြောင်းအလဲကြီးတခုပါပဲ။
ဒီဖြစ်ရပ်ကြောင့် အားငယ်စိတ်၊ ၀မ်းနည်းစိတ်နဲ့ သိမ်ငယ်စိတ်တွေဝင်လာမယ် ဆိုရင်ဖြင့်
ကလေးတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် (Social Skill) ကို ထိခိုက်စေရုံသာမက ကလေးတို့ဟာ
ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ အကောင်းမမြင်တတ်ကြ တော့ပါဘူး။ မိသားစု
ပြဿနာများကြောင့် ကလေးတို့ဆိုးလာကြတယ။် ဂျစ်ကန်ကန်နိုင်လာကြတယ်တို့ဆိုတဲ့ အပြုအမူ တွေဟာ
ကလေးတို့ရဲ့ စိတ်ထဲမှာ Self Esteem လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အကောင်းမြင်တဲ့
စိတ်ပြိုကွဲ ပျက်စီးသွားရလို့ပါပဲ။ ဒီလို ပြိုကွဲ ပျက်စီးရခြင်းဟာ ကလေးတို့ရဲ့ အနာဂတ်
ပညာရေးလမ်းကြောင်းကို ထိခိုက်စေရုံသာမက ကလေးငယ်လေးပဲဖြစ်ဖြစ်၊ ကလေးကြီးပဲဖြစ်ဖြစ် ပျက်စီးလေလွင့်သွားစေနိုင်ပါတယ်။
ဒါကြောင့်မို့လို့
ကလေးတို့ စိတ်ပိုင်းဆိုင်ရာမနာကျင်၊ မထိခိုက်၊ မပျက်စီးစေဖို့အတွက် မိဘဆွေမျိုးများက
ကိုယ့်ရဲ့ အမုန်းတရားတွေ၊ မကျေနပ်ချက်တွေကို ကလေးဆီကို ပုံမချဘဲနဲ့ ကလေးတို့ကိုကြင်နာမေတ္တာစိတ်
ထားပြီးတော့ ၀ိုင်းဝန်း ကူညီစောင့်ရှောက်ဖို့လိုပါတယ်။ ဒါဆိုရင်ဖြင့် အကြောင်းကြောင်းကြောင့်
မိဘ အစုံအလင်နဲ့ နေခွင့်မရရှာကြတဲ့ ကလေးတို့ခမျာ ကိုယ့်အနားက မိစုံ၊ ဖစုံနဲ့ ပျော်ပျော်ရွှင်ရွှင်
နေနေကြတဲ့ ကလေးတွေကို မြင်ကြပေမယ့်လည်း အားငယ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ၊ ၀မ်းနည်း စိတ်တွေ နည်းသွားကြ
မှာပါပဲ။ မိစုံဖစုံနဲ့ နေခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကလေးတို့အတွက် အရေးကြီးဆုံး အရာကတော့
ကလေးဘ၀ ကာလလေးမှာ ပျော်ရွှင်မှုတွေ မပျောက်ဆုံးဖို့ပါပဲ။ အပူအပင် ကင်းမဲ့စွာနဲ့နေခွင့်ရတဲ့
ကလေးဘ၀ကာလ ခဏတာလေးမှာကလေးတို့ဟာ ကံမကောင်း အကြောင်းမလှလို့ မိစုံဖစုံနဲ့ နေခွင့်မရကြသည့်တိုင်အောင်
ချစ်ခြင်းမေတ္တာနဲ့ စောင့်ရှောက်ကြင်နာတတ်တဲ့ မိဘတို့ရဲ့ ရင်ငွေ့ထဲမှာ ပျော်ရွှင်စွာနဲ့နေခွင့်ရစေဖို့
လိုပါတယ်။
ခေတ်ဘုန်းသစ်
No comments:
Post a Comment