မကြာသေးမီက ဟောင်ကောင်မှ မိခင်များကို သတင်းမီဒီယာများက
ကျားမိခင်များဟုတင်စားကြ သလို မြန်မာပြည်မှာလည်း ကလေးတွေအတွက် ကျားမိဘတွေ
တော်တော်များလာနေပါပြီ။ အထူးသဖြင့် ရန်ကုန်မြို့နှင့်မြို့ကြီးများက
ပညာတတ်အသိုင်းအဝိုင်းမှာဖြစ်ပါသည်။ ကျားမိဘ၊ ကျားမိခင်ဆိုသည်မှာ ကလေးများကို
ကျောင်းပညာရေးမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာစေရေး အတွက် နားချိန်မပေးဘဲ
အတင်းအကျပ်ဖိအားသုံးပြီး ကျောင်းစာကိုလုပ်ခိုင်းနေသော မိခင်များ
(သို့မဟုတ်)မိဘများကို ဟောင်ကောင်မှာခေါ်ကြသည့် စကားလုံးဖြစ်သည်။
ဟောင်ကောင်က ကလေးများသည် ကမ္ဘာပေါ်မှာ ပညာရေးထိပ်တန်းအဆင့်ရှိ
နေကြသည်။ စာပေနှင့်သင်္ချာ။ သိပ္ပံပညာတွေမှာ ဟောင်ကောင်ကလေးများက ကမ္ဘာ့ထိပ်တန်းအဆင့်
နိုင်ငံ ၇၀မှာ အဆင့်သုံး (သို့မဟုတ်) လေး အဆင့်လောက်မှာရှိသည်။
သို့သော်လည်း ကလေးများအတွက် ရည်မှန်းချက်ကြီးလွန်းလှသည့် မိခင်၊
ဖခင်တွေက သူတို့ ကိုယ်တိုင်ရော ကလေးများကိုပါ တတ်နိုင်သမျှကျောင်းစာကိုသာ
လုပ်စေပြီး ကျောင်းပညာရေးမှာ အမှတ်ကောင်းရဖို့ အသေအကျေလုပ်ကြသည်။ သို့အတွက်
ဟောင်ကောင်ရှိကလေးများမှာ အိပ်ရေးတွေပျက်၊ စိတ်ဓာတ်တွေကျ၊ စိတ် ဖိစီးမှုများကာ
ကလေးသဘာဝ ပျောက်ပြီး မပျော်နိုင်ကြ။ ထို့ ကြောင့် ဟောင်ကောင်ရှိ ကျား မိခင်တွေကို
ဝေဖန်ပြစ်တင်သံများ ညံလာခဲ့ပြီး အစိုးရကပင် ထိုပြဿနာကို အရေးတယူစဉ်းစား လာခဲ့သည်။
မြန်မာပြည်မှာလည်း ဟောင်ကောင်နီးနီး အခြေအနေမဆိုးပေမယ့်
မြို့ပြတွေမှာ မိဘအတော် များများက ကျားမိခင်ပုံစံတွေဖြစ်နေကြသည်။
ပညာခေတ်ဖြစ်သည့်အတွက် ကလေးတွေကို ငယ်စဉ်ကတည်းက ပညာတတ်စေချင်လှသည်။ ထို့ကြောင့်
တစ်ဦးနှင့်တစ်ဦးအပြိုင်အဆိုင်ကလေးများကို ပညာရေးအတွက်
အပြတ်စခန်းသွင်းမောင်းနှင်ကြသည်။ ထိုအခါ ကလေး၏အရွယ်အလိုက် ပျော်ရွှင်မှုများ၊
စွမ်းရည်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုများကို ဖျက်ဆီးသလိုဖြစ်နေကြသည်။ ရန်ကုန်မြို့
ပုဇွန်တောင်မှာနေသော လင်းသော်တာကြည်သည် အသက် (၆)နှစ်သာရှိပြီး ပထမတန်း
ကျောင်းသူဖြစ်ပါသည်။ သူသည် မနက်စောစောကတည်းက ကျောင်းတက်ရသည်မှာ တစ်နေကုန်ဖြစ်သည်။
ကျောင်းကပြန် လာလျှင် ကျောင်းကဆရာမကျူရှင်ကိုတန်းသွားရသည်။ ကျူရှင်ပြီးသောအခါ
အိမ်ပြန်လာပြီး မိခင်နှင့်အတူ အိမ်စာလုပ်ရသည်။ ပိတ်ရက်များတွင်တော့ အင်္ဂလိပ်စာနှင့်
တရုတ်စာသင်တန်းတက် ရသည်။ သူ့မှာ ကစားချိန်မရှိသလို တစ်နေကုန်စာလုပ်နေရသည်။
ကျောင်းက လပတ်စာမေးပွဲများတွင် ဘာသာစုံ အမှတ်တစ်ရာနှင့်အဆင့်တစ် အမြဲဖြစ်နေအောင်
အားထုတ်ရ၏။ နို့မဟုတ်ပါက မိခင်က သူ့ကို ဆူပူကြိမ်းမောင်းသည်။
လင်းသော်တာကြည်မှာလည်း စိတ်ဖိစီးမှုများကာ သုန်သုန်မှုန်မှုန် ကလေးတစ်ဦးဖြစ်လာသည်။
‘‘ဒါမြန်မာပြည်က ပညာတတ်မိခင်တွေလုပ်နေကြတဲ့ စတိုင်ပဲ။ ကလေးတွေထက်
သူတို့က အချင်းချင်းပိုပြိုင်ဆိုင်နေတယ်။ ကလေးတွေလည်း ဆူခံရ
စိတ်ဖိစီးမှုတွေများပြီး ကလေး လည်း ကလေးနဲ့မတူတော့ဘူး’’ဟု ရန်ကုန်က
အလွတ်ပညာသင်ကျောင်းတစ်ခုမှ ဆရာမဒေါ်စန်းစန်းမြင့်က ပြောကြားသည်။
ယခုကဲ့သို့ ကလေးမိဘများ၏ ပြိုင်ဆိုင်မှုတွေက ပိုဆိုးလာပြီး
ကလေးများကို ကျောင်းစာအပြင် အင်္ဂလိပ်စာသင်တန်းနှင့်
တရုတ်ဘာသာစကားသင်တန်းများသို့ အပြိုင်အဆိုင်ပို့ကြသည်။ ကလေးတွေ
အင်္ဂလိပ်လိုပဲပြောဆိုနေသည်ကို ဂုဏ်ယူ သဘောကျကြသည်။ အချို့ဆိုလျှင် မြန်မာစကားကိုပင်
မပြောခိုင်းဘဲ အင်္ဂလိပ်လိုသာ ပြောဆိုနေသည်။
ထိုလုပ်ရပ်တွေကို ခေတ်မီလာသော ပညာတတ်မိဘတို့၏ လုပ်ရပ်ဟု
မြန်မာကျားမိခင်များက ယူဆသော်လည်း ကမ္ဘာ့ပညာရေးထိပ်တန်းနိုင်ငံများမှာတော့
ကလေးတွေကို ထိုကဲ့သို့ ကျောင်းစာများ ဖိအားပေးသင်ခြင်းသည် အတော်ခေတ်နောက်ကျနေသော
လုပ်ရပ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့် ကမ္ဘာ့ပညာရေးထိပ်တန်း
နိုင်ငံများတွင် အသက် (၁၀)နှစ်ခန့်အထိ ကလေးကိုကျောင်းစာ ဟုတ်တိပတ်တိမသင်ကြ။
ကလေး၏ခန္ဓာကိုယ်နှင့် မှတ်ဉာဏ်ကြီးထွားဖွံ့ဖြိုးမှုကိုသာ ဆရာများနှင့် မိဘများက
ဦးစားပေးလုပ်ဆောင်ကြသည်။
အမေရိကန်နိုင်ငံဝါရှင်တန် ဒီစီမြို့လယ် ရှစ်လမ်းမှာ နေထိုင်သူအသက်
(၄၀)အရွယ် ရှေ့နေ အန်မှာ သားသမီးနှစ်ဦးရှိသည်။ အကြီးသမီးလေးက (၁၀)နှစ်၊ အငယ်က
(၇)နှစ်ဖြစ်သည်။ သူတို့နှစ်ယောက်အတွက် အန်က သူ၏ အချိန်အတော်များများကို ပေးထားသည်။
များသောအားဖြင့် ကလေးများနှင့်အတူ ရေကူးခြင်း၊ ကစားကွင်းသွားခြင်း၊ ပြတိုက်များကို
လျှောက်ကြည့်ခြင်း၊ စာအုပ်များကိုအတူဖတ် ကြည့်ခြင်း၊ ကလေးနှစ်ဦးသိလိုသော
မေးခွန်းများကိုဖြေဆိုခြင်းတို့ဖြစ်သည်။ ယခုအချိန်ထိ ကလေး တွေကို သူကကျောင်းစာ
တစ်ခါမှမသင်ဖူးပါ။
‘‘သူတို့ဆရာမပြောတာတော့ ကျောင်းမှာအခြေအနေ ကောင်းတယ်တဲ့။ ဆရာနဲ့အတူ
ဘာဖြစ်ဖြစ် ဝိုင်းလုပ်လေ့ရှိတယ် တဲ့။ ကျွန်မကတော့ ကလေးတွေ ကို ဉာဏ်ကောင်းလာအောင်၊
ဖွံ့ဖြိုးလာအောင် ကျန်းမာပျော် ရွှင်ဖို့ အဓိကလုပ်ပေးတယ်။ ပညာရေးက ဘာလို့လိုအပ်တယ်
ဆိုတဲ့ အသိမျိုးသူတို့ဘာသာ အရွယ်ရလာတဲ့အခါမှာသိလာပြီး ကျောင်းစာကိုသင်ယူကြလိမ့်
မယ်’’
ထို့အပြင် လက်ဆေးခြင်း သည် ကျန်းမာရေးအတွက် မည်
မျှအရေးကြီးကြောင်းဆိုတာကလေးတွေကို သေချာရှင်းပြ ပြောဆိုထားသည်။ ကလေးများ မှာ
တီဗီဂိမ်းနှင့် ရုပ်သံကို ကြိုက် သလိုကြည့်ခွင့်မရှိ။ တစ်ပတ်မှာ
သင့်လျော်သောနာရီအချိန်နှင့် သာကြည့်ရသည်။ ကြည့်ရသော ကာတွန်းရုပ်ရှင်များမှာလည်း ကလေးတွေအတွက်
အထူးထုတ် လုပ်ထားသော ကာတွန်းများသာ ဖြစ်၏။ အိမ်က ကလေးတွေရှေ့ မှာ
ရုပ်မြင်သံကြားကို အန်ရော၊ သူ၏ ခင်ပွန်းရော မကြည့်ရှုကြ ပါ။ ကလေးနှစ်ဦးစလုံး၏ အား
ကစားလှုပ်ရှားမှုများကိုလည်း အထူးအားပေးသည်။ ဝါရှင်တန် ဒီစီက ဘေ့စ်ဘောကစားကွင်း တွင်
အားကစားသမားများက ကလေးများကို သီးသန့်နှုတ်ဆက် လေ့ရှိရာ အန်က ပိတ်ရက်မှာ သူ့
သားလေးကို ထိုအားကစားသမား များဆီ လိုက်ပို့မိတ်ဆက်ပေးခဲ့ သည်။ သားဖြစ်သူမှာ
ပျော်ရွှင် ကျေနပ်မဆုံး ‘‘ကျွန်မကလေးတွေ ကို ကြီးလာရင်ပညာရှင်ကြီးတွေ
သိပ်ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ အခုအရွယ်မှာတော့ သူတို့ အဲဒီ လမ်းကြောင်းကို
မှန်မှန်ကန်ကန် လျှောက်လာအောင်လို့ ဒီနည်းနဲ့ ပျိုးထောင်ပေးနေပါတယ်’’ဟု အန်က
ရှင်းပြပါသည်။
ကလေးကျန်းမာရေးပညာ ရှင်တွေ၏ ပြောကြားချက်အရ
စိတ်ဖိစီးမှုနည်းပါးသောနည်းက သာ ကလေးသူငယ်များ၏ ဉာဏ် ရည်ဖွံ့ဖြိုးမှုနှင့်
စွမ်းရည်ကို အား ကောင်းတိုးတက်လာစေသည်ဟု ဆိုသည်။ ထို့အပြင် ကလေးတွေ ကို
သူတို့၏ပင်ကိုစွမ်းရည်ဖော် ထုတ်ရန် မိဘဆရာတို့က ကူညီ ဖို့သာလိုအပ်ပြီး အတင်းအကျပ်
ဖိအားမပေးရန်လည်း ကလေး စိတ်ပညာရှင်တွေက အကြံပေး ထားသည်။
အမေရိကန်နိုင်ငံရှိကလေး များဖွံ့ဖြိုးရေးစင်တာက အကြံပြု ထားသည့်
ကလေးများလေ့လာ သင်ယူမှုကို သဘောကျလာ အောင် လုပ်ယူရမည့်နည်းလမ်း များတွင် ကလေးကို
သူ့ဘာသာ လေ့လာစူးစမ်းခွင့်ရအောင် လွတ် လပ်ခွင့်အတော်များများပေးရန်၊ သူ့ဝါသနာနှင့်
စိတ်ဝင်စားမှုကို မိဘကပံ့ပိုးပေးရန် အဓိကညွှန်ပြ ထားပါသည်။
တိုးတက်နေသော ဟောင် ကောင်နှင့် မြန်မာပြည်ကတူသည် ဆိုလျှင်
တခြားအရာတွေမှာတူ တာက ပိုကောင်းပါသည်။ ကျား မိခင်တွေလို့ အခေါ်ခံရသည်မှာ တော့
ကောင်းသည့်အချက် မဟုတ်။ ကလေးများကို ပညာ ရေးထူးချွန်အောင် တွန်းအားပေး သည်မှာ
တကယ်တော့ကောင်းပါ သည်။ သို့သော်လည်း ပိုပြီးလက် တွေ့ကျထိရောက်သောနည်း
လမ်းများဖြင့် ကလေးများကို ကူညီအားပေးသောနည်းတွေရှိ ကြောင်း မြန်မာပြည်က ကျား
မိခင်များ သတိပြုစေချင်ပါသည်။
ထားထားမြင့်
7
Day Daily (01-08-2014)
No comments:
Post a Comment