မိန်းကလေးလို့ ဆိုလိုက်တာနဲ့ ကျမတို့ရဲ့ လူမှုဝန်းကျင် အသိုင်းဝိုင်းမှာ
အားနွဲ့ရှာသူ၊ အားနည်းသူ ကလေးများအဖြစ် မြင်လိုက်ကြတာ များပါတယ်။
သမီးမိန်းကလေးဟာ သားယောကျာ်းလေးများနဲ့ သဘာဝအားဖြင့် မတူသူမို့ အထူးတလည်
ထိန်းသိမ်းစောင့်ရှောက်ဖို့ ပိုပြီးလိုတယ်လို့လည်း ထင်တတ် ကြပါတယ်။ ယောကျာ်းလေးနဲ့
မိန်းကလေးများဟာ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် ကွဲပြားခြားနားတာ မှန်ပေမယ့်
စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး စတာတို့မှာတော့ ဘယ်သူက ဘယ်သူ့ထက်
ပိုသာတယ်ရယ်လို့ မရှိပါဘူး။ ထိန်းသိမ်းစောင့်ရှောက်ပျိုးထောင်မှု၊ ပတ်ဝန်းကျင်၊
ကြိုးစားလေ့လာမှု စတာတွေ အပေါ်မှာ မူတည်ပြီးတော့ လူတဦးချင်းစီအလိုက်
ကွာခြားသွားကြတာပါ။
သမီးမိန်းကလေးများဟာ စိတ်ပိုင်းဆိုင်ရာအား ဖြင့်
နူးညံ့ပျော့ပျောင်းကြတာများပါတယ်။ ယောကျာ်း လေးများနဲ့ မိန်းကလေးများဟာ
ကစားတဲ့အရွယ် လောက် ရောက်လာပြီဆိုတာနဲ့ တပြိုင်နက်တည်း အရုပ်ရွေးချယ်တာချင်း ကအစ
မတူကြတော့ပါဘူး။ ယေဘုယျအားဖြင့် ယောကျာ်းလေးများက တိုက်တဲ့ ခိုက်တဲ့ ကစားနည်းများကို
ပိုကြိုက်ကြပေမယ့်၊ မိန်းကလေးများကတော့ အရုပ်လေးတွေကို အင်္ကျီ ဝတ်ပေးရတာ၊
ဟင်းချက်တမ်း ကစားရ တာမျိုးတွေ ကို ပိုကြိုက်ကြပါတယ်။ သမီးမိန်းကလေးများဟာ
သူတို့ပတ်ဝန်းကျင်က အမေ၊ အဒေါ်၊ အဘွားတို့ ရဲ့ အပြောအဆို၊ အပြုအမူ စတာတွေကို
အတုခိုးပြီး တော့ ပြောဆိုလုပ်ကိုင်တတ်ကြပါတယ်။ မေမေရုံးသွား သလိုမျိုး
ပိုက်ဆံအိတ်ကြီးလွယ်ပြီးတော့ ရုံးသွားတမ်း ကစားတတ်ကြသလို၊ အဒေါ် အလှပြင်
သလိုမျိုးလည်း သူတို့ ပြင်ချင်ကြပြန်ပါတယ်။
သမီး မိန်းကလေးများဟာ သုံးလေးငါးနှစ် အရွယ် စတင်ပြီးတော့
ဆော့ကစားတတ်တဲ့ အရွယ်မှာပဲ ယောကျာ်း လေးများလိုမျိုး ခုန်တာပေါက်တာ၊
သစ်ပင်တက်တာတွေကိုလည်း ဆော့ကစားချင်တတ် ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့
ပတ်ဝန်းကျင်က “ဟဲ့မိန်းကလေးက ဒီလိုမနေနဲ့ ဟိုလိုနေ” ဆိုပြီးတော့
ကန့်သတ်ခြင်း၊ ကဲ့ရဲ့ခြင်း ခံကြရတဲ့အခါမှာတော့ သူတို့ရဲ့စိတ်ထဲမှာ စတင်ပြီး
မိန်းကလေးဖြစ်ရတာကို မလွတ်လပ်၊ မလုံခြုံဘူးလို့ ခံစားလာရပါတော့တယ်။
မိန်းကလေးမို့လို့ ဒီလိုနေ၊ ဟိုလိုမနေရဘူး စသဖြင့် ကန့်သတ်ခံရခြင်း၊ နေရာတကာ မှာ
ကာကွယ်စောင့် ရှောက်မှု ခံရခြင်းတွေကြောင့် သမီးမိန်းကလေးတို့ရဲ့ စိတ်ထဲမှာ
ပျော့ညံ့တဲ့စိတ်၊ အားငယ်ဝမ်းနည်းတတ် တဲ့စိတ်၊ သူတပါး အားကိုးလိုစိတ်တွေ ဝင်လာကြရ ပါတော့တယ်။
zမီးမိန်းကလေးများနဲ့
ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်နိုင်မှု
********************************************
သမီးမိန်းကလေးများဟာ သူတို့ရဲ့ မိန်းမဖြစ်ရ မှုကို မုန်းတီးစရာရယ်လို့
မထင်မိဖို့ အရေးကြီးလှပါ တယ်။ မိဘများအနေနဲ့ နေရာတကာမှာ အစိုးရိမ်လွန်ပြီး
တော့ ကာကွယ်စောင့်ရှောက်နေခြင်းဟာ သမီးမိန်းကလေး များရဲ့
ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့ စိတ်ကို လျော့ နည်းသွားစေပါတယ်။ သမီးမိန်းကလေး
များဟာ အိမ်ရဲ့ တာဝန်ကို (အိမ်အလုပ်တွေကို) လုပ်ကိုင်ရမယ်၊ သား
ယောကျာ်းလေးများကတော့ ယောကျာ်းလေးသာမို့ အိမ်ရဲ့ မီးဖိုချောင်အလုပ်ကို ဘာဆိုဘာမှ
လုပ်စရာမလိုဘူး ရယ်လို့ ခွဲခြားဆက်ဆံ ခြင်းဟာ သမီးမိန်းကလေး များရဲ့
ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်ကို လျော့နည်း သွားအောင် လုပ်လိုက်ခြင်းပါပဲ။
တကယ်တော့ သမီးမိန်းကလေးရော သားယောကျာ်းလေးများကိုပါအိမ်အလုပ်၊ အိမ်ရဲ့
တာဝန်ကို ခွဲဝေခိုင်းရမှာပါ။ ကျမတို့ရဲ့ လူမှုဝန်းကျင် များမှာ ဒါကတော့
မိန်းကလေးတာဝန်၊ ဒါကတော့ မိန်းကလေးအလုပ် ဆိုပြီးတော့ တချို့မိဘများ က
သမီးမိန်းကလေးများကိုပဲ ခိုင်းတတ်ကြပါတယ်။ သမီး မိန်းကလေးက မီးဖိုထဲမှာ
ချက်ပြုတ်လုပ်ကိုင်၊ တအိမ် လုံးစားထားသမျှ ပန်းကန်တွေကို ဆေးကြောနေတဲ့ အချိန်မှာ
သားယောကျာ်းလေးများကတော့ သူငယ်ချင်း အပေါင်းသင်းများနဲ့ လက်ဖက်ရည်ဆိုင် မှာ
ထိုင်နေ တတ်ကြပါတယ်။ အဲဒီလိုမျိုး မောင်များ၊ အစ်ကို
များနဲ့ ခွဲခြားပြီးတော့ ဆက်ဆံခံရခြင်းကြောင့် သမီးမိန်းကလေး များဟာ သူတို့ရဲ့ မိန်းမဖြစ်ရမှုကို မုန်းတီးလာပါတော့ တယ်။ ဒါကြောင့်မို့လို့ မီးဖိုချောင် ထဲက ပန်းကန်ဆေးတဲ့ ကိစ္စအပါအဝင် အိမ်အလုပ်၊ အိမ်ရဲ့တာဝန်များကို ခိုင်းစေတဲ့အခါမှာ မိဘများ အနေနဲ့ သမီးမိန်းကလေးများ ကိုရော၊ သားယောကျာ်း လေးများကိုပါ ညီတူညီမျှ ခိုင်းစေသတ်မှတ်ဖို့ လိုပါတယ်။

သမီးမိန်းကလေးများနဲ့
ကိုယ့်ကိုယ်ကိုယ် ကာကွယ်တားဆီးနိုင်မှု
*************************************************
သမီးမိန်းကလေးများကိုမွေးထားတဲ့ မေမေများ အနေနဲ့ မိန်းကလေးများ
သိသင့်သိထိုက်တဲ့ကိစ္စ မှန် သမျှကို သူ့အရွယ်နဲ့သူ သင်ကြားပေးထားဖို့ လိုပါ တယ်။
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ အကြောင်းကို ကလေးအရွယ်နဲ့
လိုက်ပြီးတော့ နားလည်အောင် သင်ကြားထားဖို့ လိုပါတယ်။ မိန်းမတို့ရဲ့
ဓမ္မတာကိစ္စမျိုးက အစ၊ ယောကျာ်းလေးနဲ့ မိန်းကလေးတို့ရဲ့ ကွားခြားတဲ့
ခန္ဓာဖွဲ့စည်းပုံအကြောင်း၊ မိန်းမတို့ရဲ့ သားမွေးဖွားမှု တာဝန် စတာတွေကို
ဆယ်ကျော်သက်ကာလ (၁၂ နှစ်၊ ၁၃ နှစ်) လောက်မှာကတည်းက သူတို့ သိသင့် သလောက်
သင်ကြားထားဖို့ လိုပါတယ်။ ကျမတို့ ဆီမှာတော့ အပျိုလေးတွေ သိဖို့မလိုဘူး၊ ရှက်စရာ
ကိစ္စတွေ စသဖြင့် ဖုံးကြဖိကြတာတွေ များလွန်းတာမို့ အရွယ်မတိုင်မီ မဖြစ်သင့်
မဖြစ်ထိုက်တာတွေဖြစ် ကုန်ကြ တာများပါတယ်။ လိင်ပညာပေးဟာ သမီးနဲ့ အမေကြားမှာ
မပြောအပ်တဲ့အရာ မဟုတ်ပါဘူး။ အမေတယောက် အနေနဲ့ သမီးဖြစ်သူ သိသင့်သိထိုက် သလောက်ကို
အသိပေး၊ သင်ကြားပေးကြရမှာပါ။
မိန်းကလေးများနဲ့
စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစွမ်းရည်
*****************************************
သမီးမိန်းကလေး အများစုဟာ စိတ်ဆိုးလွယ်၊ စိတ်ကောက် လွယ်တတ်ကြတယ်လို့
ဆိုပါတယ်။ တချို့ကတော့ မိန်းကလေးပဲရယ်လို့ အိမ်ကမိဘများ က အလိုလိုက်ထားကြတာမို့
စိတ်ဆိုး စိတ်ကောက် ရတာကို အကျင့်တခု ဖြစ်လို့နေတတ်ကြပါတယ်။ ကိုယ့်အိမ်မှာမဟုတ်ဘဲ
လုပ်ငန်းခွင်ထဲကို ဝင်ကြရတဲ့ အခါမှာတော့ သေးသေးလေး ကအစ လိုက်ပြီးတော့ မြင်တတ်တာ၊
သဘောထားသေးတာ၊ စိတ်ဆိုး စိတ် ကောက် လွယ်တာတွေဟာလုပ်ငန်း ခွင်နဲ့ ကိုယ်
ကိုယ်တိုင်ကိုပါ ထိခိုက်လာစေပါတော့တယ်။
ဒါကြောင့်မို့လို့ မိဘများအနေနဲ့ ဟိုးငယ်စဉ်က တည်းက ကလေးတို့ရဲ့
စိတ်ပိုင်းဆိုင်ရာ ဥာဏ်စွမ်း ရည်ကို မြင့်တက်အောင်လို့ လေ့ကျင့်ပေးထားဖို့ လို
ပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက် တဖက်တည်းကိုပဲ မကြည့်ဘဲနဲ့ သူများတဖက်ကိုပါ
ကြည့်တတ်အောင်၊ စာနာနားလည်တတ်အောင်၊ ရင့်ကျက်လိမ္မာအောင်လို့ သင်ကြားပေး ထားဖို့
လိုပါတယ်။
လွတ်လပ်စွာ
ရွေးချယ်ခွင့်ပြုပါ
***********************
သမီးမိန်းကလေး မွေးထားတဲ့
တချို့ မိဘများ ဟာ ဒါကတော့ မိန်းကလေးအလုပ်၊ ဒါကတော့ ယောကျာ်းလေး အလုပ် စသဖြင့်
လိုက်ပြီးတော့ခွဲခြား ထားလေ့ရှိပါတယ်။ မိန်းကလေးက တူတွေ၊ ခွတွေနဲ့ ကစားရင်၊
ကိုင်ရင် ဖြင့် မိန်းကလေး ကိုင်စရာလား၊ ကစားစရာလား ဆိုပြီးတော့ လိုက်တားတတ်ကြပါ
သေးတယ်။ ဒါ အင်မတန် မှားယွင်းတဲ့ ထိန်းကျောင်း နည်းပါ။ မိန်းကလေးက တူတွေ၊ ပလာယာတွေနဲ့ပဲ
ကစားကစား၊ ယောကျာ်းလေး က ချက်တမ်း ပြုတ်တမ်းပဲ ဆော့ဆော့ သူတို့လုပ်ချင်ရာကို
(အန္တရာယ် မရှိဘူးဆိုရင်) လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးရပါမယ်။
သမီးမိန်းကလေးများရဲ့ကိစ္စဟာ ကလေးမွေးရုံ၊ အိမ်မှာတင် အိမ်မှုတာဝန်များကို ထမ်းဆောင်ရုံ၊ အလှပြင်ရုံ သက်သက် မဟုတ်သေးပါဘူး။ သား ယောကျာ်းလေးများနဲ့တန်းတူ တချိန်ချိန်မှာ အနာဂတ် လူ့အဖွဲ့စည်းရဲ့ နိုင်ငံ့ခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင် တွေလည်း ဖြစ်နိုင်ပါတယ်။ ရှေးရှေးက ကျော်ကြား ထင်ရှားသူ အမျိုး သမီးများရဲ့အကြောင်း၊ အမျိုးသမီး များရဲ့ အတ္ထုပ္ပတ္တိ၊ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်၊ နိုင်ငံ့ ခေါင်းဆောင် အမျိုး သမီးများ အကြောင်းကိုလည်း သမီးလေးတို့ကို မေမေ၊ ဖေဖေတို့က ပြောပြဖို့လိုပါ တယ်။ သမီးမိန်းကလေးမို့လို့ ဒီလောက်နဲ့ပဲတော်ပါပြီ ဆိုတဲ့ အတွေးကို မိသားစုဝင်တိုင်း မတွေးမိဖို့ လိုပါ တယ်။ သမီး မိန်းကလေး ဆိုတာ ထက် လူသား တယောက်အနေနဲ့ သမီး မိန်းကလေးတို့ကို ပြုစု စောင့်ရှောက် ထိန်းကျောင်းနိုင်မယ် ဆိုရင်တော့ သူတို့ရဲ့ စွမ်းရည်၊ ဥာဏ်ရည်တွေကို အတားအဆီး အကန့်သတ်မရှိ အသုံးပြုနိုင်ကြမှာပါ။ ဒါဆိုရင်ဖြင့် လူ့အဖွဲ့ စည်းအတွက်၊ လူ့လောကအတွက်၊ နိုင်ငံ အတွက် တန်ဖိုးရှိတဲ့၊ အသုံးဝင်တဲ့ ခေါင်းဆောင်နိုင် တဲ့ ၊ စိတ်ရည်၊ ဥာဏ်ရည်မြင့်တဲ့ အစွမ်းအစမြင့်မားသူ အမျိုးသမီးတွေကို နေရာစုံ၊ နယ်ပယ်စုံမှာ ဒီထက် မက အများကြီး ကျမတို့ မြင်တွေ့ကြရဦးမှာပါပဲ။ အားကိုးလွယ်၊ အားငယ်လွယ်၊ ငိုလွယ်၊ စိတ်ကောက် လွယ်တဲ့ မိန်းကလေး အဖြစ် သမီးမိန်းကလေးတို့ကို ကြီးပြင်းစေမလား၊ ကိုယ့်အား ကိုယ်ကိုးတတ်တဲ့၊ စိတ်နေရင့်ကျက်တဲ့၊ ကိုယ့်စွမ်းကိုယ်စကို ယုံကြည်တဲ့ မိန်းကလေးအဖြစ် သမီးလေးတို့ကိုကြီးပြင်းစေမလား ဆိုတာကတော့ သမီးမိန်းကလေးတို့ ကြီးပြင်းကျင် လည်ရာ ပတ်ဝန်းကျင်၊ မိဘ ဆွေမျိုးများနဲ့သာ သက်ဆိုင်ပါတယ်။ လူ့လောကအတွက် အသုံးဝင်တဲ့ လူသားတယောက်အဖြစ် သမီးမိန်းကလေးတို့ကို ကြီးပြင်းစေဖို့အတွက် ကျမတို့ ကြိုးစားကြဖို့သာ လိုအပ်ပါတယ်။

ခေတ်ဘုန်းသစ် (ဧရာသတီ Blog )

No comments:
Post a Comment