တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်

ဒီနေ့ခေတ် အချိန်အခါမှာ အိမ်ကိုအလည်လာတဲ့ ဆွေမျိုးတွေကဖြစ်ဖြစ်၊
ဧည့်သည်တွေကဖြစ်ဖြစ် အဲဒီအိမ်က ကလေးတွေကို မိဘ၊ အုပ်ထိန်းသူမသိအောင် မုန့်ဖိုးပေးတာကို
ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ကလေးတွေကို တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်
အကြောင်းကို အသေအချာ လေ့လာကြည့်ရအောင်ပါ။ ဒါက အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ
လူသူမသိဘဲ သူများတစ်ပါးရဲ့ ငွေကြေးကို ယူလို့ရတယ်လို့ အတွေးစိတ်ထဲ ၀င်သွားနိုင်ပါတယ်။
ဒီအတွေးကို ပိုပြီးတွေးဖြစ်တာက ဟိုနေ့က နယ်ကနေ လာလည်တဲ့ တစ်ဝမ်းကွဲ ညီအမတွေက အိမ်က
အသက်သုံးနှစ်ကျော်အရွယ်ရှိ တူလေးကို မုန့်ဖိုး ၅၀၀၀ တန်နှစ်ရွက် ကလေးရဲ့ အင်္ကျီအိတ်ထောင်ထဲ
ထည့်ပေးတာကနေ စတယ်ဆိုရင် မမှားဘူးလို့ ဆိုရမှာပါ။
အိမ်က အစ်မသုံးယောက်က သူတို့တူကို လူကြီးမသိအောင် တစ်နည်းအားဖြင့်
လူမြင်ကွင်းနောက်ကွယ်ကနေ ပေးသမျှကို လက်မခံဖို့၊ မယူဖို့၊ အဲဒီလို လူမသိသူမသိ လုပ်တာ၊
ယူတာက ကိုယ်ကျင့်တရား ပျက်ပြားရာရောက်တယ် ဆိုတာမျိုးကို ဥပမာတွေနဲ့ ပြောပြပြီး တားမြစ်ထားပါတယ်။
တစ်ခါ အခုခေတ်က နိုင်တဲ့ဝန်ကို မထမ်းတဲ့သူတွေ များလာလို့တဲ့ တူလေးကို အခုအရွယ်ကတည်းက
ပြောင်သည်ဖြစ်စေ၊ မပြောင်သည်ဖြစ်စေ သူတို့ကြမ်းတိုက်နေရင် ကြမ်းဝိုင်းတိုက်ခိုင်းတယ်။
သစ်ပင်ရေလောင်းခိုင်းတယ်။ ကိုယ်နိုင်တဲ့ဝန်ကို နိုင်တဲ့ဘက်ကနေ ၀င်ထမ်းရမယ်ဆိုတဲ့စိတ်ကို
ငယ်ငယ်ကတည်းက စွဲနေအောင် လုပ်ပေးနေတယ်ကြတာပါ။ နောက် ပိုက်ဆံကို ငါးနှစ်ကျော် ကျောင်းစတက်မှသာ
ဂဏန်းသင်္ချာတွက်တတ်အောင် ပေးသုံးမယ်လို့ သူတို့က ဆုံးဖြတ်ထားကြပါသေးတယ်။ ဒါကလည်း ကလေးတွေက
ပိုက်ဆံရှိရင် အရာရာ လုပ်လို့ရတယ်ဆိုတဲ့ အတွေးမျိုး မ၀င်အောင်နဲ့ ငွေကြေးကို ကိုးကွယ်တပ်မက်သူတွေ
မဖြစ်ရေးဆိုတဲ့ သူတို့ရဲ့ တွက်ကိန်းဖြစ်ပါတယ်။ ကဲပါလေ ဒါက အိမ်ကအစ်မတွေနဲ့ တူတော်မောင်၊
သူတို့ တူဝရီးရဲ့ ဇာတ်လမ်းပါ။
တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့ကိစ္စကို ပြန်ဆက်ကြရအောင်ပါ။
ကလေးတွေကို မုန့်ဖိုးတိတ်တိတ်ပုန်း ပေးတဲ့အကြောင်းကို မိတ်ဆွေသူငယ်ချင်း တခြားနိုင်ငံသူ၊
နိုင်ငံသားတွေ (မလေးရှား၊ ဂျပန်၊ အင်္ဂလိပ်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်) နဲ့ ဆွေးနွေးကြည့်ဖြစ်ပါတယ်။
သူတို့ဆီမှာ ဒီလိုကလေးတွေကို မုန့်ဖိုးတိတ်တိတ်ပေးတဲ့အကျင့် ရှိသလားလို့မေးတော့ သူတို့အားလုံးပြောတာက
ပွဲတော်အခါမှာတော့ ကလေးတွေကို ဧည့်သည်တွေ၊ ဆွေမျိုးတွေက မုန့်ဖိုးပေးလေ့ရှိတယ်။ ဒါကလည်း
မိဘတွေရှေ့မှာပဲ။ ပမာဏကလည်း သိပ်မများတဲ့ ကလေးတစ်ယောက် မုန့်ဝယ်စားလို့ရနိုင်တဲ့ ငွေကြေးသာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက သီတင်းကျွတ်၊ တန်ဆောင်မုန်းနဲ့ တန်ခူးလလို မြန်မာ့ပွဲတော်
အချိန်အခါတွေမှာ ဆွေမျိုး၊ မိတ်ဆွေက ကလေးတွေကို မုန့်ဖိုးပေးသလိုမျိုးပါပဲ။ သူတို့က
ဆက်ပြောတာက အရွယ်မရောက်သေးတဲ့ ကလေးတွေကို သူတို့သုံးနိုင်တဲ့ ပမာဏဖြစ်စေ၊ အဲဒီပမာဏထက်
ပိုပေးတာဖြစ်စေ အုပ်ထိန်းသူမသိအောင် ပေးခြင်းဟာ စိုးရိမ်စရာ ကောင်းပါတယ်။ ကလေးတွေမသုံးသင့်၊
မ၀ယ်သင့်တာတွေ ၀ယ်မယ်၊ သုံးမယ်ဆိုရင် အလွန်အန္တရာယ်ကြီးတယ်လို့ ပြောကြပါသေးတယ်။ ဒါနဲ့
သေချာအောင် သူတို့ကို ထပ်မေးကြည့်ပါသေးတယ်။ တကယ်လို့ အိမ်မှာ လာတည်းတဲ့ ဧည့်သည်တွေ
ဘာတွေကရော အိမ်ရှင်ရဲ့ကလေးတွေကို အိမ်ရှင်လူကြီးတွေ မသိအောင် မုန့်ဖိုးပေးတတ်သလားလို့
မေးမြန်းပြန်တော့ သူတို့အားလုံး တညီတညာတည်း ပြောတာက တကယ်လို့ တည်းခိုခွင့်ရတဲ့အတွက်
လက်ဆောင်ပေးချင်တယ်ဆိုရင် ပစ္စည်းတစ်ခုကို အိမ်ရှင်လူကြီးတွေလက်ထဲပဲ ထည့်ပေးတာမျိုး၊
ကလေးအတွက် မုန့်ပဲသရေနဲ့ ကစားစရာတွေကိုဝယ်ပြီး လူကြီးတွေရှေ့မှာပဲ ပေးလေ့ရှိပါတယ်လို့
ပြောကြပြန်ပါသေးတယ်။
ဘာအတွက်ကြောင့် ကလေးတွေကို တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့ကိစ္စကို
ဒီလောက်အထိ အရေးကြီးခွင်ကျယ် လုပ်နေတာလဲလို့ မေးလာမယ်ဆိုရင် အဖြေက အဆင့်သင့် ရှိပါတယ်။
အခု ကျွန်တော်တို့နိုင်ငံမှာက လက်ဖက်ရည်ဖိုးနဲ့ တံစိုးလက်ဆောင်တွေပေးတဲ့ ကိစ္စက ဆိတ်သုဉ်းမသွားဘဲ
ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေလို့ပါ။ တခြားသူတွေ့တာ မဟုတ်ဘူး၊ လက်သိပ်ထိုးပေးတာပဲ၊
အိမ်ကိုလာပေးတာပဲဆိုပြီး လာဘ်လာဘပေးတာကို မြိန်ရည်ယှက်ရည် ယူငင်သုံးစွဲနေတာကို နေရာတိုင်းမှာ
တွေ့နေရလို့ပါ။ ဒီကနေ့ခေတ် ၀န်ကြီး၊ ၀န်ကလေးတွေ၊ အရာရှိ အရာခံတွေကို ကြည့်လိုက်ပါ။
နောက်ဆုံးပေါ် ကားနှစ်စီး၊ သုံးစီးနဲ့ နေအိမ်က သုံးလုံး၊ လေးလုံး ပိုင်ဆိုင်နေကြပါတယ်။
သူတို့ရတဲ့ လစာနဲ့ ဒီပစ္စည်းတွေဆိုတာ စိတ်ကူးနဲ့တောင် ပိုင်ဆိုင်လို့မရတဲ့ အရာတွေပါ။
ဒီလို ပစ္စည်းအသုံးဆောင်တွေ ပိုင်ဆိုင်ဖို့ဆိုတာ လာဘ်မယူဘဲ ဘယ်လိုမှ မ၀ယ်နိုင်၊ မသုံးစွဲနိုင်ပါ။
အဲဒီလို လာဘ်ယူစဉ်က သူတို့ရုံးခန်းမှာ လူရှေ့သူရှေ့မှာ လက်ခံခဲ့ကြတာ မရှိသလောက် နည်းမှာပါ။
အိမ်မှာလာပို့တာကို လက်ခံထားတဲ့ ပစ္စည်းတွေက ပိုဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်နည်းပြောရင်
အာဏာအလွဲသုံးစားလုပ်ပြီး ဆိတ်ကွယ်ရာကနေ တိုင်းပြည်ဘဏ္ဍာကို ခိုးယူကြတာပါ။ တစ်ခုတော့ ရှိတာပေါ့။
သားတွေ၊ သမီးတွေ မင်္ဂလာဆောင်မှာ မင်္ဂလာဆောင်လက်ဖွဲ့ဆိုပြီး ပုံဖျက်ပြီး လက်ခံတာမျိုးတွေလည်း
ရှိပါတယ်။ ဒီလို လူရှေ့သူရှေ့မှာ လက်ခံတာမဟုတ်ရင် ခိုးယူတာ၊ ညာယူတာ၊ လိမ်ယူတာဆိုတဲ့
ရှက်ရွံ့သိမ်ငယ်ရမယ့်စိတ်မျိုး မ၀င်ဘဲ မိသားစုလိုက် ပျော်ပျော်ကြီး လက်ခံသုံးစွဲနေကြတာ
အများအမြင်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဘယ်လောက်ထိ ဖြစ်လာသလဲဆိုတော့ အာဏာရှင်အစိုးရကို
ဖြုတ်ချမယ်ဆိုတဲ့ တော်လှန်ရေးအင်အားစုတွေကတောင် အခုလက်ရှိ အစိုးရပေးတဲ့ ဘာပါမစ်၊ ညာပါမစ်ဆိုတဲ့
လက်ဆောင်တွေကို လူထုနောက်ကွယ်ကနေ လက်ခံနေကြတဲ့အထိ ဖြစ်လာတာက အတော်စိတ်မကောင်းစရာကောင်းတဲ့
အခြေအနေပါ။
လာဘ်ပေးလာဘ်ယူကိစ္စနဲ့ လူထုပိုင်ပစ္စည်း အလွဲသုံးစားလုပ်နေတာကို
မကြိုက်မနှစ်သက်တဲ့ သူတွေကနေစပြီး ကျွန်တော်တို့ရဲ့ ကလေးတွေကို ဘယ်သူကပဲဖြစ်ဖြစ် လူရှေ့သူရှေ့မှာ
ပေးတာမဟုတ်တဲ့ ပစ္စည်းကို လက်မခံဖို့၊ အဲဒီလို လက်ခံတယ်ဆိုတာက စာရိတ္တ ပျက်ယွင်းတယ်ဆိုတာမျိုး၊
လူအများ မသိတဲ့အရာကို လက်ခံစားသုံး၊ သုံးစွဲတာက ရှက်စရာကောင်းတယ် ဆိုတာကို ပြောပြရင်း
အကျင့်စာရိတ္တဆိုတဲ့ စကားလုံးရဲ့ လေးနက်တဲ့ အနက်အဓိပ္ပာယ် ကလေးတွေရင်ထဲ စွဲနေအောင် ဒီကနေ့ကစပြီး
ပြောပြပြီး ကိုယ်ကိုယ်တိုင်ကလည်း ရှေ့ဆောင်လမ်းပြအနေနဲ့ အဲဒီလို လာဘ်ပေးလာဘ်ယူခြင်း
ရှောင်ကြဉ်ကြရအောင်ပါ။ ဒါ့အပြင် ကိုယ်လုပ်နိုင်တဲ့ အလုပ်မှန်သမျှကို နိုင်တဲ့ဘက်ကနေ
တာဝန်ယူ လုပ်ဆောင်သင့်တယ် ဆိုတာမျိုးကို ကလေးတွေရဲ့ စိတ်ထဲကို စွဲသွားအောင် လုပ်ပေးကြရအောင်ပါ။
ဆယ်စုနှစ်တွေချီပြီး စွဲကပ်နေတဲ့ လာဘ်ပေးလာဘ်ယူတဲ့ အကျင့်တွေကို ကျွန်တော်တို့ရဲ့ ကလေးတွေ
စွဲမသွားအောင် လုပ်ပေးခြင်းအားဖြင့် သိပ်မဝေးတဲ့အချိန်မှာ လာဘ်ပေးလာဘ်ယူခြင်းကင်းတဲ့
နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင် ၀ိုင်းဝန်းတည်ဆောက်ကြရအောင်ပါလို့ နှိုးဆော်ပါရစေ။
(ဆောင်းပါးရှင် - အေးနှင်းညို)
No comments:
Post a Comment