မြန်မာနိုင်ငံရှိ သန်းနှင့်ချီသော
ကလေးသူငယ်များသည် ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်များ အပါအ၀င် ကလေးသူငယ် အခွင့်အရေးများကို
ဆုံးရှုံးနေရကြောင်း မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ
အုပ်ချုပ်မှုဒါရိုက်တာ ဦးအာကာစိုးနောင်က ပြောကြားခဲ့သည်။ မေ ၂၉ ရက် နံနက် ၁၀ နာရီက
ရန်ကုန်မြို့ ခ၀ဲခြံမျက်မမြင်ကျောင်းတွင် ပြုလုပ်သည့်
‘ကိုယ်ဝန်ဆောင်မိခင်၊ ရှေးဦးကလေးသူငယ်၏ အာဟာရပိုင်းဆိုင်ရာ အရေးပါပုံနှင့် ကလေးသူငယ်
အခွင့်အရေးများဆိုင်ရာ အသိပညာပေး အခမ်းအနားတွင် ဦးအာကာစိုးနောင်က ယခုလိုပြောကြား ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် (အထူးသဖြင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့
အပါအ၀င် လက်နက်ကိုင်နှင့် စစ်တပ်ကြား တိုက်ပွားများ ဖြစ်ပွားနေပြီး မငြိမ်းချမ်းသည့်ဒေသများ၊
ရခိုင်ပြည်နယ်ကဲ့သို့ ဘာသာရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင်) ပညာသင်ကြားခွင့်၊
ကျန်းမာရေးအတွက် လုံလောက်သည့် ဆေးကုသခွင့်၊ မိသားစုနှင့် အတူနေထိုင်ခွင့်၊ ရုပ်ပိုင်းဆိုင်ရာနှင့်
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အခြားသော ကလေးသူငယ် အခွင့်အရေးများကို
ဆုံးရှုံးနေရကြောင်း သိရသည်။
ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်သော ကုလသမဂ္ဂကွန်ဗင်းရှင်းကို အတည်ပြုလျက် ကလေးများအားလုံး တန်းတူအခွင့်အရေးများ ရစေရမည်ဟု ၁၉၈၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းမှ အစိုးရအဖွဲ့များက ကတိပြုခဲ့ကြသည်။ ယင်းအခွင့်အရေးများသည် ကလေးတစ်ဦး အသက်ရှင်ရန်၊ ကြီးထွားရန်၊ ပါဝင်ဆောင်ရွက်ရန်နှင့် သူတို့၏အလား အလာများကို ဖြည့်ဆည်းရန် လိုအပ်ချက်များအပေါ် အခြေခံသည်။ ကလေးများ မည်သူဖြစ်သည်၊ သူတို့မည်သည့်နေရာမှ လာသည်ဟူသည့် အချက်များနှင့် မသက်ဆိုင်ဘဲ ကလေးတိုင်းကို တန်းတူအခွင့်အရေး ပေးရမည်ဖြစ်သည်။
သို့သော် ကမ္ဘာတစ်ဝန်း၌ ကလေးများ၏ အခွင့်အရေးများ ငြင်းပယ်ခံနေရသည်။ ကာကွယ်နိုင်သော ရောဂါများဖြစ်လျက်နှင့် အဆိုပါ ရောဂါများကြောင့် ကလေးများ သန်းနှင့်ချီလျက် သေဆုံးနေကြသည်။ သန်းနှင့်ချီသော ကလေးများ ကျောင်းမတက်ရ၊ စားနပ်ရိက္ခာမရှိ၊ နေစရာမရှိ၊ သန့်ရှင်းသောရေများ မရကြ။ ကလေးများ အကြမ်းဖက်ခံရ၊ အလွဲသုံးစား လုပ်ခံရ၊ ခွဲခြားဆက်ဆံခံရ။ ကလေးများကို ဂရုမစိုက်ကြ။ အကြီးအကျယ်မှားယွင်း၍ နေလေသည်။
ကလေးတစ်ဦး အနာဂတ်တွင် ဖြစ်လာမည့် အရာများနှင့် ပတ်သက်၍ စိတ်ပူပန်တတ် ကြသော်လည်း အဆိုပါကလေးငယ်၏ ယနေ့ပစ္စပ္ပုန်၌ ဖြစ်တည်နေမှုကိုမူ မေ့လျော့နေတတ်ကြသည်။ အမှန်တကယ်၌ ကလေးများဟူသည် ယခုအချိန်မှ မမြင်နိုင်သော အချိန်တစ်ခုဆီသို့ ပို့လိုက်သော သက်ရှိမက်ဆေ့ဂ်ျများပင် ဖြစ်သည်။ ယနေ့၌ ကလေးများအပေါ် ဆက်ဆံကျင့်သုံးပုံသည် အနာဂတ်ကို အဆုံးအဖြတ်ပေးသော အကြောင်းအချက်များ ဖြစ်လာလိမ့်မည်။ ယခုအချိန်၌ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံရှိသော ကလေးများသည် ကမ္ဘာကြီး၏ အနာဂတ်တစ်ခုလုံး ဖြစ်လာလိမ့်မည်။
ထို့ကြောင့် အနာဂတ်၏ အခြေခံရင်းမြစ်ဖြစ်သော ကလေးများအတွက် အခွင့်အရေးကို ခိုင်မာစွာ အခြေတည်ရန် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် မူဝါဒများ တိကျစွာချမှတ်ပြီး စနစ်တကျ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။

No comments:
Post a Comment