ကျွန်တော်တို့သည်
အဘိုး၊ အဘွားများ၊ မိဘများနှင့် မိသားစုထဲရှိ အခြားအသက်အရွယ်ကြီးသူများပြောပြသော ပုံပြင်များကို
နားထောင်ရင်း ကြီးပြင်းလာခဲ့ကြသည်။
ဘိုးဘိုး၊
ဘွားဘွားနှင့် ဖေဖေ၊ မေမေတို့ဘေးတွင် လဲလျောင်း၍ ၎င်းတို့ ပြောပြသော ပုံပြင်များကို
နားထောင်ရင်း ကျွန်တော်တို့ကို စိတ်ကူးယဉ်ခရီးသို့ ခေါ်ဆောင်သွားသော ယင်းကလေးဘဝ
အချိန်များမှာ အမှတ်ရ စရာနေ့ရက်ဟောင်းများပင် ဖြစ်သည်။
၎င်းတို့
ပြောပြသော ပုံပြင်များတွင် ယုန်နှင့်လိပ် အပြေးပြိုင်ခြင်း၊ဘုရားဟောဇာတကတို့အပြင်
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ကဲ့သို့ သောအရာများကကျွန်တော်တို့
ဘ၀အတွက်အရေးကြီးသောသင်ခန်းစာအချို့ သင်ယူနိုင်ရန် ကူညီပေးသည်။
သို့သော်
ယနေ့ခေတ်တွင် ကျွန်တော်တို့၏ ဘ၀များသို့ ယခင်ကနှင့်မတူဘဲ နည်းပညာများ
ထိုးဖောက် ၀င်ရောက်လာကာ အလုပ်များသော မိဘများနှင့် မိသားစုတွင်
အခြားလူပိုမရှိကြသောကြောင့် ပုံပြောပြသော အလေ့အထမှာ ရှားပါးလာပြီ ဖြစ်သည်။
ကလေးများကို ပုံပြောပြခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက် ပါသည်။
ပုံပြင်နားထောင်ခွင့်ရသော
ကလေးများမှာ ဝေါဟာရပိုကြွယ်ဝလာနိုင်သည်။ ယင်းကဲ့သို့ ပုံပြင်နားထောင်ရချိန် တွင်
ကလေးများက ၎င်းတို့နားမလည်သော ဝေါဟာရ၏ အဓိပ္ပာယ်ကို သိလိုစိတ်ဖြင့် ပြန်လည်မေးမြန်းလေ့
ရှိသောကြောင့် စကားလုံးအသစ်များ၏ အဓိပ္ပာယ်ကို သိရှိနားလည်လာမည် ဖြစ်သည်။
ကလေးများသည်
၎င်းတို့ ဘ၀နောက်ပိုင်းတွင် အသုံးပြုမည့်စကားလုံးများစွာကို ငယ်စဉ် အရွယ်တွင်
အများဆုံး မှတ်သားလေ့ရှိကြောင်း လေ့လာမှုများက ဖော်ပြသည်။ ထို့ကြောင့်
စကားမပြောတတ်သေးသောအရွယ် ကလေးငယ်များကို ပုံပြောပြလျှင်ပင် အကျိုးများသည်။ ၎င်းတို့
ကြီးပြင်းလာချိန်တွင် ကလေးများ၏ နားထောင်နိုင်စွမ်းများကိုလည်း အားကောင်းလာစေသည်။
ကလေးများသည် နားထောင်ခြင်းထက် စကားပိုပြောလေ့ရှိသော အလေ့အထများကို စာသင်ခန်းများ၌
အထူးသဖြင့် မြင်တွေ့နိုင်သည်။ ပုံပြင် နားထောင်သော အလေ့အထရှိသည့် ကလေးများမှာ
ကောင်းစွာနားထောင်နိုင်သော ကလေးများ ဖြစ်လာပေမည်။
သို့သော်
ကွန်ပျူတာများတွင် ပုံပြင်များ ဖွင့်ပြခြင်းမှာ အကျိုးရှိသော်လည်း လူသားမဆန်သဖြင့်
ကလေးငယ် များကို ကိုယ်တိုင် ကိုယ်ကျပုံပြောပြခြင်းက ပိုကောင်းကြောင်း ကျွမ်းကျင်သူများက
ပြောသည်။ ကလေးများကို ပုံပြင်ပြောပြခြင်းဖြင့် ၎င်းတို့သည်ယဉ်ကျေးမှုဆိုင်ရာများကို
ပိုမိုနားလည်လာကာ သမိုင်းကြောင်းများ ကို လေ့လာသင်ယူလိုစိတ် ဖြစ်ပေါ်လာစေမည်
ဖြစ်သည်။
ပုံပြင်ပြောပြခြင်းဖြင့်
ကလေးများကို အပြန်အလှန် ဆက်သွယ်တတ်လာစေပြီး ကလေးများ ဖွံ့ဖြိုးလာသည်နှင့် အမျှ
မေးခွန်းများ မေးတတ်လာကြသည်။ ပုံပြောပြသူတစ်ဦးအနေဖြင့် ကလေးများသိ လိုစိတ်
ရှိလာစေမည့် နည်းလမ်းများကို သုံးသင့်ပြီး ကလေးများကို စဉ်းစားတွေးတောစေ၍
မေးခွန်းများ မေးလာစေရန် တွန်းအားဖြစ်စေသည်။
ကလေးများကို
ပြောပြထားသည့် ဇာတ်ကောင်များနှင့် ပုံပြင် တိုလေးတစ်ပုဒ် ဖန်တီးခိုင်းခြင်းမျိုး
ပြုလုပ်ရန် တစ်ခါတစ်ရံ ကလေး များကို မိဘများက တိုက်တွန်းသင့်ကြောင်း ကျွမ်းကျင်သူများက
ပြောသည်။ ယင်းကဲ့သို့ ပုံပြင်ဖန်တီးခိုင်းခြင်းကြောင့် ၎င်းတို့၏
စိတ်ကူးပုံဖော်နိုင်မှုကို အားကောင်းလာစေပြီး ပြောပြသောပုံပြင်များကို ပို၍
စိတ်ဝင်စားလာစေမည် ဖြစ်သည်။
ပုံပြောပြခြင်းက
ကလေးတစ်ယောက်၏ စိတ်ခံစားချက်နှင့် ခံစားမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေသည်။
၎င်းတို့၏ စိတ်ကူးတွေးတောနိုင်စွမ်းကိုလည်း အားကောင်းလာစေမည် ဖြစ်သည်။
-TOI
No comments:
Post a Comment