Thursday, September 4, 2014

ကြိမ်လုံးကိုအနားပေး ကလေးပျက်စီးရေး


ဒီခေါင်းစဉ်ကို ရေးဖို့ ကျနော် အတော် စဉ်းစားခဲ့ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အခုအချိန်အခါမှာ နာမည်ကြီးစာရေးဆရာတွေရော၊ ပညာတတ်အသိုင်းအ၀ိုင်းတစ်ခုလုံးပါ ကြိမ်လုံးရဲ့ အပြစ်ဋီကာအဖုံဖုံကို စီကာပတ်ကုံးနဲ့ ချဲ့ကားပြောဆိုနေကြတဲ့အချိန်အခါ သမယမို့ပါပဲ။ ကလေးတို့ကို ကြိမ်လုံးနဲ့ လုံးဝမရိုက် သင့်ဘူး၊ နားလည်အောင် ပြောဆိုဆုံးမရမယ်၊ ကြိမ်လုံးနဲ့ ရိုက်နှက်ဆုံးမတဲ့ပညာရေးစနစ်ဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ပြောဆိုနေကြတဲ့ အလယ်မှာ သာမည်ညောင်ည သကောင့်သား ရူပ တစ်ယောက်ဟာ ကြိမ်လုံးဆန့်ကျင်ရေးသမားတို့ရဲ့ တစ်ဖက်ခြမ်းမှာ ထိုင်ဖို့ အတော်စဉ်းစားလိုက်ရပါတယ်။ ဒါပေမယ့် အသေအချာ စစ်ကြောကြည့်လိုက်တဲ့အခါ လုံးဝ ဆိုတဲ့ တစ်ဖက်ပိတ်အတွေးတွေကို မနှစ်ခြိုက်နိုင် တာမို့ အမုန်းခံပြီး ဒီဆောင်းပါးကို ရေးသားဖြစ်လိုက်ပါတယ်။ 

ကြိမ်လုံးဆိုတဲ့အရာကလေးဟာ ကလေးတိုင်းအတွက် လူမှန်းသိတတ်ခါစ အရွယ်ကတည်းက စတင် သိကျွမ်းခဲ့ရတဲ့ မိတ်ရင်းဆွေရင်းတစ်ယောက်ပါ။ သို့ပေမယ့် ဒီအရာကို ကလေးတွေဟာ မိတ်ဆွေအဖြစ် နှစ်ခြိုက်ခဲ့ကြတာတော့မဟုတ်ပါဘူး။ ကြောက်ရွံ့ခံ့ညားရတဲ့ ပစ္စည်းတစ်ခုအဖြစ်သာ ထာဝစဉ် ရှုမြင်ခဲ့ကြ တာပါ။ သူ့ကြောင့်ပဲ သူတို့ စာမကျက်ချင်သော်လည်း စာအုပ်ကိုင်ခဲ့ရတယ်။ သူ့ကြောင့်ပဲ သူတို့ မလိုက်နာချင်တဲ့ စည်းကမ်းတွေကို လိုက်နာခဲ့ကြရတယ်။ သူ့ကြောင့်ပဲ သူတို့ လိမ္မာရေးခြားရှိခဲ့ကြရတယ်။ မလုပ်ချင်တဲ့အရာတွေ အားလုံးနီးပါးကို အဲ့ဒါကြီးကို ကြောက်လို့ လုပ်ဖြစ်ခဲ့ရပါတယ်။ ကြီးပြင်းလာတော့လည်း စိတ်အလိုလိုက်ပြီး ကျောင်းပြေးမိပြန်တော့ သူနဲ့ မိတ်ဖွဲ့ရပြန်ရော။ အိမ်စာလုပ်ဖို့ မေ့ခဲ့လေတော့လည်း သူနဲ့ နှစ်ပါးသွားရပြန်တယ်။ စိတ် ကစားစ အရွယ်ကလေးတွေမှာ ရည်းစားသနာကလေး ထားမိပြန်တော့ တိုင်ကြောထူတဲ့သူတွေရဲ့ စနက်နဲ့ မိဘနား၊ ဆရာ့နား ပြန်ရောက်ရတဲ့အခါမှာလည်း သူတို့ မတွေ့ချင်တဲ့ မိတ်ဆွေရင်းကြီးနဲ့ နီးနီးကပ်ကပ် ဆုံတွေ့ရပြန်တယ်။ ဒါ့ကြောင့် ကြိမ်လုံးနဲ့ ကလေးဘ၀ဆိုတာ စွယ်တော်ရွက်လိုပဲ တွဲဖက်နှစ်ခု ဖြစ်နေပါတော့တယ်။ ကျနော်တို့ ကိုယ်တိုင် ငယ်စဉ်ဘ၀နေ့ရက်များမှာ ကြိမ်လုံးဆိုတဲ့အရာနဲ့ နေ့တိုင်းလိုလို နှစ်ပါးသွားခဲ့ရဖူးပါတယ်။ ကျနော်တို့ကိုယ်တိုင် ငယ်ငယ်ဘ၀မှာ အတော်ပေခဲ့ဖူးတဲ့ ကလေးဆိုးလေးတွေ ဖြစ်ခဲ့ဖူးကြတာကိုး။ ဒါကြောင့်လည်း ကလေးဆိုးကလေးတွေဖြစ်တဲ့ ကျနော်တို့အတွက်တော့ မိဘဆီက ကြိမ်လုံးနဲ့ ဆရာ့ဆီကကြိမ်လုံးတို့ဟာ မိတ်ရင်းဆွေရင်းတွေ ဖြစ်နေတော့တာပေါ့။ 
လူလားမြောက်လာခဲ့လို့ မိတ်ရင်းဆွေရင်းကြီးနဲ့ အပြီးတိုင် နှုတ်ဆက်ရပြီလို့ သတ်မှတ်လို့ရတဲ့ အချိန်အခါမှာ ဒီအကြောင်းတွေကို ပြန်ပြောင်းစဉ်းစားမိခဲ့တယ်။ ကိုယ့်အပေါ် တစ်လျှောက်လုံး နာကျင်စေခဲ့တဲ့ သူ့ကို ငါ့ရင်ထဲမှာ အမုန်းတရားတွေ ရှိခဲ့သလားပေါ့။ နောက်ပြီး ကိုယ့်ကို နာကျင်မှုဝေဒနာတွေ ခံစားရအောင် အဲ့ဒီပစ္စည်းကို အသုံးပြုပြီး ဆုံးမခဲ့လေတဲ့ မိဘ၊ဆရာတို့အပေါ်မှာရော အဲ့ဒီအကြောင်းပြန်တွေးမိရင် စိတ်နာမှုတစ်စုံတစ်ရာများ ဖြစ်တည်လာလေသလားပေါ့။ လုံးဝ( လုံးဝ ) မဖြစ်တည်လာခဲ့ပါဘူး။ စိတ်နာမှုရဲ့ တစ်ဖက်ခြမ်းက လွမ်းဆွတ်တသမှု ဝေဒနာကလေးတောင် ဖြစ်တည်လာခဲ့သေးတာကို အံ့သြစွာ တွေ့ရှိလိုက်ရပါတော့တယ်။ ဘာဖြစ်လို့ အဲ့ဒီလို ဖြစ်ရတာလဲဆိုတာကို စစ်ကြောလေ့လာကြည့်လိုက်တော့ အဖြေတစ်ခုကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်။ ကိုယ့်အပေါ်ကို နာကျင်မှုတွေ ပေးခဲ့လေတဲ့ မိဘ၊ဆရာတွေအပေါ်မှာ စိတ်နာမှုမဖြစ်ဘဲ လွမ်းဆွတ်မှုသာ ဖြစ်နေရတဲ့အကြောင်းက သူတို့ကို ပြစ်မှားမိလိုက်ရင် ငရဲကြီးမှာ ကြောက်တာကြောင့်တော့ မဟုတ်တာ သေချာပါတယ်။ သူတို့ပေးခဲ့တဲ့ နာကျင်မှုအနည်းငယ်ထဲမှာ သူတို့ရဲ့ စေတနာတွေ၊ မေတ္တာတွေ၊ ကရုဏာတွေ ထာပနာထားတယ်ဆိုတာကို အခုအချိန်မှာ ပိုမို ရှင်းလင်းစွာခံစားသိရှိလိုက်ရလို့ပါပဲ။ 
လူဆိုတာ ကိုယ့်အပေါ် နာကျင်မှုတွေ ပေးလာခဲ့ရင် အဲ့ဒီနာကျင်မှုအပေါ် ကြည်ဖြူစွာ လက်ခံနိုင်စွမ်းမရှိပါဘူးရယ်လို့ အများက လက်ခံထားကြပါတယ်။ ဒါဆို ကျနော်တစ်ခု တင်ပြကြည့်ပါမယ်။ အကယ်၍ ကျနော်က သတင်းစာကနေ ကြော်ငြာတစ်ခု ထည့်လိုက်ပြီ ဆိုပါစို့။ အဲ့ဒီကြော်ငြာမှာ ဒီလိုစာသားကလေး ဖြော်ပထားမယ်။ ဘာလဲဆိုတော့ “ မိမိနှင့်အတူ လက်ဝှေ့လေ့ကျင့်ရန် လူတစ်ယောက်အလိုရှိသည်။ လစာကောင်းကောင်း ချီးမြှင့်မည်ဖြစ်သည့်အပြင် မိမိ၏ လက်သီးချက်ကို ခံရပါက တစ်ချက်ခံလိုက်ရတိုင်း ငွေတစ်သောင်း လျော်ကြေးထပ်မံပေးအပ်သွားမည်ဖြစ်သည်” ဆိုတဲ့ စာသားကလေးပါ ။ အဲ့ဒီကြော်ငြာကြောင့် အလုပ်လာလျှောက်မယ့်သူဟာ မြောက်မြားစွာ ရှိလိမ့်မယ်ဆိုတာ ကျနော့်အနေနဲ့ လောင်းကြေးထပ်ပြီးတောင် ပြောရဲပါသဗျာ။ ဘာကြောင့်လဲလို့ စစ်ကြောကြည့်ရင် ကိုယ်နာကျင်မယ့် ဝေဒနာထက် ကိုယ်ရမယ့် အကျိုးခံစားခွင့်က ပိုများနေလို့ အဲ့ဒီ နာကျင်မှုကို ကြည်ကြည်ဖြူဖြူနဲ့ ခံလိုကြတာဆိုတဲ့ အဖြေထွက်လာပါတယ်။ ကျနော်တို့အနေနဲ့ မိဘဆရာတွေရဲ့ ရိုက်ချက်တွေကို လွမ်းဆွတ်ကြတယ်ဆိုပေမယ့် ဆရာတိုင်း၊ မိဘတိုင်းရဲ့ ရိုက်ချက်တိုင်းကိုတော့ လွမ်းဆွတ်ကြတာမဟုတ်ပါဘူး။ စေတနာပြည့်ဝလွန်းကြတဲ့ မိဘ၊ ဆရာတွေရဲ့ ကရုဏာဒေါသကို အရင်းတည်ပြီး ဖြစ်တည်လာခဲ့ကြတဲ့ ရိုက်ချက်ကလေးတွေကိုပဲ လွမ်းဆွတ်ကြတာပါ။ ဘာ့ကြောင့်လွမ်းဆွတ်ကြတာလဲဆိုတော့ အဲ့ဒီရိုက်ချက်ကလေးတွေရဲ့ ပဲ့ကိုင်ပေးမှုကြောင့် ပစ္စုပ္ပန်ကာလမှာ ရရှိခံစားနေရပြီဖြစ်တဲ့ အကျိုးကျေးဇူးတွေဟာ သူတို့ကြောင့် နာကျင်ခဲ့ရတာတွေထက် အဆမတန် များပြားနေပြီ ဖြစ်လို့ပါပဲ။ ကျနော်တို့ မပျက်စီးခဲ့ရတဲ့အကြောင်းအရင်းတွေထဲမှာ မိဘဆရာတွေရဲ့ ကရုဏာရိုက်ချက်တွေဟာ အဓိက အချက်တစ်ခုအနေနဲ့ ပါဝင်ခဲ့တယ်ဆိုတာ ကျနော်တို့ ငြင်းနိုင်ကြမလားဗျာ။
ဒါဆို အခုအချိန်မှာ အားလုံးနီးပါးဟာ ကြိမ်လုံးဆန့်ကျင်ရေး အကြောင်းအရာကြီးအပေါ်မှာ ဘာ့ကြောင့် အာရုံစိုက်နေကြရတာပါလဲ။ ရှင်းပါတယ်။ ကြိမ်လုံးကို အလွဲသုံးစားလုပ်လာကြတဲ့ သူတွေကြောင့်ပါပဲ။ ရှေးယခင်က သူတွေဟာ စာပေဗဟုသုတမှာ မွေ့လျော်ကြတဲ့သူများကြတယ်။ စဉ်းစားတွေးတောတတ်သူ များကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ကြိမ်လုံးကို ဘယ်အချိန်အသုံးပြုသင့်တယ်၊ ဘယ်အချိန်မှာ ကြိမ်လုံးကို အသုံးမပြုသင့်ဘဲ အကျိုးအကြောင်းပြဆိုပြီး ဆုံးမသင့်တယ်ဆိုတာကို အသေအချာ သိရှိနားလည်ကြသူ များခဲ့ကြပါတယ်။ နောက်ပြီး သူတို့ဟာ ကြိမ်လုံးကို ကလေးသူငယ်နှိပ်စက်ရေး ကိရိယာတစ်ခုထက် ပြုပြင်ရေး ကြားခံကိရိယာအဖြစ်သာ အသုံးပြုခဲ့ကြတာပါ။ ဒီလို ပညာဥာဏ်ကြီးမြတ်ကြတဲ့ လူကြီးသူမတွေရဲ့ ပြုပြင်ရေး ကြိမ်လုံးတွေအောက်မှာ လူလားမြောက်ခဲ့ရတဲ့သူတွေဟာ သူတစ်ပါးထက် ပိုမို ထူးချွန်ကြပါတယ်။ ပိုမို စည်းကမ်းသေ၀ပ်ကြပါတယ်။ ပိုမို ကိုယ်ကျင့်တရားကောင်းကြပါတယ်။ ဒါယခင် ဆယ်စုနှစ်များဆီက ပုံရိပ်တွေသာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ကြိမ်လုံးဆိုတာ အသိတရားနည်းပါးသူတွေရဲ့ ဒေါသပေါက်ကွဲရာ ကြားခံပစ္စည်း၊ လောဘကြီးသူတွေရဲ့ ငွေညှစ်ယူရာ ကြားခံပစ္စည်း၊ အညှိုးကြီးသူတွေရဲ့ အာသာဖြေစရာ ကြားခံပစ္စည်းအဖြစ် တန်ဖိုး လျော့ကျသွားခဲ့ရပြီဖြစ်လို့ အဲ့ဒီအဖြစ်ကို မခံစားနိုင်ကြလေတဲ့ ပညာတတ် အသိုင်းအ၀ိုင်းက ဒီအရာအပေါ် ဆန့်ကျင်ရေးစိတ်များ ပိုမို အားကောင်းလာခဲ့ကြခြင်း ဖြစ်ဟန်တူပါတယ်။ ကျနော်ကိုယ်တိုင် ကြိမ်လုံးအပေါ် အဲ့ဒီလို အလွဲသုံးစားလုပ်နေခြင်းကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒါပေမယ့် ကလေးတွေကို ကြိမ်လုံး လုံးဝ မသုံးဘဲ အကျိုးအကြောင်းနဲ့ပဲ ဆုံးမရမယ်ဆိုတာကလည်း လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ ကျင့်သုံးဖို့ မဖြစ်နိုင်သေးတဲ့ စနစ်တစ်ခုလို့ ယူဆတာကြောင့် ကြိမ်လုံး ရာနှုန်းပြည့်ဆန့်ကျင်ရေး အယူအဆကို ကျနော် လုံးဝ လက်မခံပါဘူး။
ကျနော်တို့လို အရှေ့တိုင်းမပြောပါနဲ့။ အနောက်တိုင်းမှာတောင် Spare the rod, Spoil the child (ကြိမ်လုံးကို အနားပေး၊ ကလေးပျက်စီးရေး) ဆိုပြီး ဆောင်ပုဒ်တစ်ခုရှိကြောင်း ဆရာကြီး ဦးအောင်သင်းရေးတဲ့ ကျွန်တော် ကျောင်းဆရာ စာအုပ်မှာ မှတ်သားခဲ့ရဖူးပါတယ်။ ကြိမ်လုံးနဲ့ နှိပ်စက်ကလူပြုမူတာကိုတော့ ကျနော်လည်း အားမပေးပေမယ့် ကလေးတွေရဲ့ စာရိတ္တနဲ့ စည်းကမ်းသေ၀ပ်မှုအတွက် ကြိမ်လုံးကို တစ်ခါတစ်ရံတော့ အသုံးပြုသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဆရာကြီးဦးအောင်သင်းရဲ့ စာအုပ်ထဲမှာ ဆက်လက်ဖော်ပြ ထားခဲ့ပါသေးတယ်။ ရိုက်ခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ ရိုက်တဲ့သူရဲ့ စေတနာမေတ္တာပေါ်မှာ အရင်းခံ ပါတယ်တဲ့။ ရိုက်တဲ့သူက စေတနာနဲ့ ရိုက်တာလား ၊ အညှိုးထားပြီးရိုက်တာလားဆိုတာ ကလေးတွေက နှလုံးသားနဲ့ သိရှိနားလည်နိုင်ပါတယ်တဲ့။ တကယ့်စေတနာအရင်းခံနဲ့ ရိုက်နှက်ဆုံးမခဲ့တဲ့ ဆရာ၊ ဆရာမတွေဆို ကလေးတွေက မမုန်းတဲ့အပြင် ကြီးပြင်းလာတဲ့အခါမှာ လွမ်းဆွတ်မှုတောင် ဖြစ်သေးပါတယ်လို့ ဖော်ပြထား ပါတယ်။ ကျနော် ဆရာကြီးရဲ့ အဆိုကို ရာနှုန်းပြည့်လက်ခံမိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင် ကျနော့်ကို ရိုက်နှက်ဆုံးမခဲ့ဖူးလေတဲ့ ကျနော့်ဆရာမအချို့ကို ယနေ့ထက်တိုင် လွမ်းဆွတ်နေမိလို့ပါပဲ။ သူတို့ရဲ့ စေတနာရိုက်ချက်တွေကြောင့် ကျနော် ကျောင်းတက်မှန်ခဲ့တယ်။ စာပုံမှန်ကျက်ဖြစ်ခဲ့တယ်။ သူတို့ စေတနာ ရိုက်ချက်တွေရဲ့ လမ်းပြမှုကြောင့် ကျနော်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင် ခဲ့ပါတယ်။ ဒါ့ကြောင့် မိဘဆရာတွေဟာ မိမိတို့ရဲ့ ရင်ထဲက မေတ္တာစေတနာစိတ်အပေါ် လိပ်ပြာသန့်ခဲ့ရင် ကလေးတွေအပေါ်မှာ သင့်တော်တဲ့ ရိုက်နှက်ဆုံးမမှုမျိုးကို ပြုလုပ်ထိုက်တယ်လို့ ကျနော် ယူဆမိကြောင်းပါ။

ဒေါက်တာရူပ

No comments:

Post a Comment