Thursday, September 18, 2014

ကလေးကစားနည်း

ရုံးပိတ်ရက်တစ်ရက် မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကို အလည်သွားတော့ သူတို့ရဲ့ညီငယ်ထွေး ဖိုးသားတစ်ယောက် စိတ်ဆိုးနေတာကို တွေ့ရပါတယ်။ ဘေးနားမှာလည်း ကစားစရာ စက်ရုပ်၊ ကော်သေနတ်၊ စစ်သားအရုပ်၊ ဂေါ်ဇီလာအရုပ်စသဖြင့် ကလေးအများစုကြိုက်တဲ့ အရုပ်လေးတွေ က ပြန့်ကျဲနေပါတယ်။ သူ့အစ်ကိုကတော့ ipad တစ်လုံးနဲ့ အလုပ်ရှုပ်နေလေရဲ့။ စကားစရှာပြီး ဖိုးသား ကိုပြောလိုက်တယ်။ ဖိုးသား ဘာတွေစိတ်ဆိုးနေတာလဲကွ။ ဦးလေးကိုပြောပါဦးဆိုတော့ ဟို ipad ကိုမပေး လို့တဲ့။ ဖိုးသားက ငါးနှစ်ပဲရှိသေးတာလေ။ ipad ကြီး ဘာလုပ်ဖို့လဲ။ အရုပ်နဲ့ ကစားပေါ့ဆိုတော့ ဟင့်အင်း အဲ့ဒီ ipad ကြီးနဲ့ ဂိမ်းကစားချင်တာတဲ့။ အဲ့ဒါနဲ့ သူငယ်ချင်းကို မင်းကလည်း ကလေးကကစား ချင်တာ ပေးလိုက်ပါကွာ။ ငါနဲ့ လက်ဖက်ရည်ဆိုင်သွားမယ်။ ပြန်လာမှယူဆိုတော့ မပေးချင်ပေးချင်နဲ့ သူ့ညီကိုပေးပြီး ကျွန်တော်နဲ့ လက်ဖက်ရည်ဆိုင် လိုက်လာတယ်။
လက်ဖက်ရည်ဆိုင်ရောက်တော့ “မင်း ဘာသိလို့လဲ။ ကလေးက တစ်နေကုန်ကို ipad နဲ့ ဂိမ်းကစားရောကွ။ အားကုန်ရင်တောင် သူ့ဘာသာသူ အားသွင်းကြိုးယူ အားပြန်သွင်းပြီးကစားတာ။ ငါကမပေးချင်လို့ မဟုတ်ဘူး။ ဘာမှမသိသေးတဲ့ ကလေးတစ်ယောက်က ဒီလိုကွန်ပျူတာ ဂိမ်းကစားနည်းတွေကို စွဲလမ်းသွားမှာစိုးလို့တဲ့” ပြောပြီးတော့ သူလည်း လက်ဖက်ရည်မှာသောက်ရင်း အခုခေတ်ကလေးတွေ အရုပ်တွေ တူတူပုန်းတမ်းတွေ မကစားတော့ဘဲ ဖုန်း၊ အင်တာနက် လက်ပ်တော့တွေနဲ့ ဂိမ်းကစားတာကို ပိုမိုနှစ်သက်လာတဲ့အကြောင်း ကျွန်တော်တို့ပြောဖြစ်ပါတယ်။
သူပြောတာလည်း မမှားပါဘူး။ ခေတ်ရဲ့ ပြောင်းလဲမှု သဘောတရားအရ အခုခေတ်ကလေးတွေဟာ ကျွန်တော်တို့ငယ်ငယ်ကလို စွန်လွှတ်၊ ဂျင်ပေါက်၊ ဂေါ်လီပစ်၊ အရုပ်ထောင်ပစ်တာမျိုးတွေ၊ တူတူပုန်းတမ်းကစားတာတွေ စိတ်သိပ်မဝင်စားတော့ပါဘူး။ touch ဖုန်း၊ tablet၊ ipad တွေထဲက ဂိမ်းတွေကစားရတာကို ပိုမိုနှစ်သက်လာပါတယ်။ ကျွမ်းကျွမ်းကျင်ကျင်လည်း ကစားတတ်ပါတယ်။ ကလေးတင်မကပါဘူး။ အရွယ်ရောက်ပြီးသား ယောက်ျား၊ မိန်းမတော်တော်များများလည်း android ဂိမ်းတွေ ကစားတာကို တွေ့လာရပါတယ်။ အရင်ဆယ်စုနှစ်တစ်ခုစွန်းလောက်က play station စက်ကြီးတွေလို ထုထည်ကြီးတွေနဲ့ အိမ်မှာပဲထားပြီး ကစားရတာမျိုး မဟုတ်တော့ဘဲ ဖုန်းထဲထည့်ပြီး သယ်ဆောင်ရတာ လွယ်ကူတဲ့အတွက် လူအများစုက သဘောကျလာပါတယ်။ ဂိမ်းကစားတာ အပျင်းပြေရုံလောက်ပဲဆိုရင်တော့ ကောင်းပါတယ်။ ဦးနှောက်ကိုလည်း သွက်လက်စေပါတယ်။ စဉ်းစားမှုအားကိုလည်း တိုးမြင့်စေနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အပျင်းပြေတာကိုကျော်လွန်ပြီး အားတဲ့အချိန်အားသလို touchscreen မှန်သားမျက်နှာပြင်ကိုပဲ ပွတ်နေရင်တော့ စွဲလမ်းနေပြီဖြစ်ပါတယ်။ ရုံး၊ လက်ဖက်ရည်ဆိုင်၊ ကားမှတ်တိုင်၊ ဘတ်စ်ကားပေါ်မှာပဲဖြစ်ဖြစ် လူငယ်လူရွယ် တော်တော်များများ တစ်ခါတလေ လူကြီးတွေတောင် ပါပါတယ်။ ဒီမှန်သားမျက်နှာပြင်လေးကိုပဲ ပွတ်နေကြပါတယ်။ ဂိမ်းကစားရင်ကစား၊ မကစားရင် facebook သုံးတာပဲ ဖြစ်ပါတယ်။
ဂိမ်းကို စွဲလမ်းမှု မြင့်တက်လာတဲ့အခါ ကျွန်တော်တို့ဟာ အားလပ်ချိန်မှာ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေကို အချိန်သိပ်မပေးနိုင်တော့ပါဘူး။ ဂိမ်းထဲကိုပဲ အာရုံရောက်နေပါတော့ တယ်။ တွေးတောကြံဆမှုတွေလည်း အားနည်းလာပါတယ်။ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း အဓိကအားဖြင့် အာရုံကြော အားနည်းလာပါတယ်။ မျက်စိဝေဒနာ ခံစားလာရပါတယ်။ စာဖတ်လို့ မျက်စိမှုန်တာဆိုရင် ခံသာပါသေးတယ်။ နောက်ဆုံး တဖြည်းဖြည်းနှင့် ဂိမ်းထဲကအောင်မြင်မှု level တွေကို သာယာလာတဲ့အလျောက် ပြင်ပလောကမှာ အောင်မြင်မှု level ကတော့ ကျဆင်းလို့လာပါ တယ်။ နိုင်ငံခြားမှာဆိုရင် ဂိမ်းကြောင်ကြောင်ပြီး လူသတ်မှုကျူးလွန်တာတွေတောင် ကြားဖူးပါတယ်။
ဒါတွေဟာ ဂိမ်းကိုစွဲလမ်းတာကြောင့် ကြုံလာရတဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ လူကြီးတွေတောင် စွဲလမ်းလာတဲ့ ဂိမ်းကို ကလေးတွေလည်း နှစ်သက်မယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ sniper/DDay လို အပစ်အခတ် ဂိမ်းတွေ၊ zombie လို သရဲဂိမ်းတွေကို ကလေးတော်တော်များများ သဘောကျကြပါတယ်။ ဘယ်ကလေးမှ အပင်ပန်းခံပြီး ကျွန်တော်တို့ ငယ်ငယ်ကလို ကျိုက်ထီးရိုးသေနတ်နဲ့ အပြင်မှာ သေနတ်ပစ် တိုင်း မကစားတော့ ပါဘူး။
ရုပ်ဝတ္ထုပစ္စည်း တိုးတက်လာတဲ့ ခေတ်ကာလမှာတော့ ချွေးသံတရွှဲရွှဲနဲ့ ကလေးတွေ ကစားမှာကိုလည်း မိဘတွေက မမြင်ချင်တော့ပါဘူး။ အိမ်မှာနေရင် ပြီးရောဆိုပြီး ခေတ်မီစက်ပစ္စည်း ဝယ်ပေးထား တာကြောင့် ချောင်ပိတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ ကလေးငယ်ဟာ ဖုန်း၊ tablet၊ ipad တွေရဲ့ မှန်သား မျက်နှာပြင်လေး ကိုသာ ဖိနှိပ်ကစားရင်း စုပေါင်းလုပ်ဆောင်တတ်တဲ့ အကျင့်တွေ တစ်စထက် တစ်စ ပျောက်လို့လာပါတယ်။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ ပုံစံမျိုး တွေ့လာရပါတယ်။ တစ်ယောက်တည်း ကစားတာများတဲ့ အခါ ကိုယ့်ဘာသာကိုယ် Confidence ရှိတယ်ဆိုတာထက် ငါလုပ်မှငါရမယ်ဆိုတဲ့ အတ္တဘက်ကို ကဲသွားမှာ စိုးရိမ်ရပါတယ်။ ကျန်းမာရေးလည်း ထိခိုက်လာပါတယ်။
ကလေးကစားစရာဆိုတာ လူကြီးတစ်ယောက်အတွက် အရေးမကြီးဘူးလို့ ထင်ရပေမယ့် ကလေး တစ်ယောက် အတွက်တော့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးငယ်ဘဝကို ပြန်မြင်ယောင် ကြည့်ပါ။ ကစားစရာ တစ်ခုခုကိုတော့ ကျွန်တော်တို့ စွဲလမ်းနှစ်သက်ခဲ့ပါတယ်။ စွဲလမ်းနှစ်သက်စိတ်ကြောင့် အဲ့ဒီကစားစရာလေးနဲ့ပဲ ကစားနေသလို အခုခေတ် ကလေးတွေကလည်း၊ ipad တွေ handset တွေကို ကစားစရာတစ်ခုလိုသာမြင်ပြီး စွဲလမ်းနှစ်သက်နေတာကို တွေ့ရပါတယ်။ ဒီလိုနှစ်သက်လာတာနဲ့အမျှ စိတ်ပညာအရကြည့်ရရင် သူ့ရဲ့ကိုယ်ပိုင် ကမ္ဘာလေးမှာ ပျော်နေတာကြောင့် အထီးကျန်စိတ်က မဖိတ်ခေါ်ပဲ ရောက်လာပါတယ်။
ခေတ်ကို မျက်ခြည်မပြတ်စေဖို့အတွက် ခောတ်မီနည်းပညာသုံး ကွန်ပျူတာ၊ အင်တာနက်နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုခေတ်မီနည်းပညာကို ကျွန်တော်တို့ ဘယ်လိုအသုံးချမလဲဆိုတဲ့ အပေါ်ကိုတော့ မူတည်ပါတယ်။ ကလေးတွေကိုလည်း အချိန်အကန့်အသတ်တစ်ခု သတ်မှတ်ပြီး သုံးစေသင့်ပါတယ်။ တန်ရင်ဆေး လွန်ရင်ဘေးဖြစ်တတ်ပါတယ်။
ကလေးငယ်တွေဆိုတာ စီးဆင်းနေတဲ့ရေနဲ့ သဏ္ဌာန်တူပါတယ်။ ကလေးတွေကို ခေတ်မီနည်းပညာ အသုံးပြုထားတဲ့ ဂိမ်းတွေကြားမှာ ချောင်ပိတ်လိုက်တာဟာ စီးဆင်းနေတဲ့ရေကို ပိတ်လိုက်တာနဲ့ တူပါတယ်။ စီးဆင်းနေတဲ့ရေကို ရေကာတာပိတ်ပြီး ရပ်တန့်သွားစေရင်တော့ စီးဆင်းမှုကင်းတဲ့ ကန်ရေ ဖြစ်လာပါလိမ့်မယ်။ မကြာမီအချိန်အတွင်းမှာ ရေညှိတက်လာပါလိမ့်မယ်။ တက်နေတဲ့ရေညှိကို မဖယ်ရှားဘဲ ဆက်ထားတဲ့အခါ ရေပုပ်လာပါလိမ့်မယ်။ ညစ်ပတ်နံစော်ပြီး သုံးသူမရှိ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ စီးဆင်းနေတဲ့ရေကို မြစ်အဖြစ်သာ ပြောင်းလဲပါစေ။ သဲသောင်တွေထွန်းတဲ့ အခါလည်း တူးပေးပါ။ သဘာဝအတိုင်းသာ သူလိုရာကို ဆက်လက်စီးဆင်းပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(ဆောင်းပါးရှင် - ကိုထက်)

No comments:

Post a Comment