မွေးကင်းစကလေးမှစ၍ ခြောက်နှစ်၊ ခုနစ်နှစ်လောက်အရွယ်
ကလေးငယ်လေးများကို ချစ်စဖွယ် ကလေး ငယ်လေးအဖြစ် ရှုမြင်ကြသည်။ သူတို့အရွယ်လေးများသည် မြင်ရုံနဲ့တင်
ချစ်ချင်စရာကောင်းပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေရဲ့ မျက်နှာမှာ ဘာတစ်ခုမျှ
ဖုံးကွယ်မထားသေး။ တကယ့်အဖြူထည် သက်သက်လေး။ ဘာတစ်ခုမျှ အရောင်အထင်း မစွန်းထင်းသေးသောကြောင့်
ဖြစ်လေသည်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း မျက်နှာမှာ အထင်းသားပေါ်နေလေသည်။
ကလေးတိုင်းမှာ သဘာဝအားဖြင့် ဖြူစင်ရိုးသားကြသည်။
လိမ်တာညာတာ၊ ခိုးတာဝှက်တာ၊ သတ်တာဖြတ်တာတွေ ဘာမှမသိသေး။ တဖြည်းဖြည်း အရွယ်ရောက်လာပြီးတဲ့
နောက်မှာတော့ သူတို့နေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင်က အကျင့်စရိုက်များကို မြင်ပါများ၊
တွေ့ပါများပြီး ပုံတူကူးချရင်းကနေ သူတို့ရဲ့ ဖြူစင်တဲ့စိတ်ကလေးတွေ မည်းညစ်စွန်းထင်း
သွားကြတာပဲ ဖြစ်သည်။ သူတို့ပုံတူကူးယူဖို့အတွက် မူရင်းကောင်းဖို့လိုသည်။ တံငါနားနီး
တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို သူတို့အတုယူ ကူးယူရမည့် ပတ်ဝန်းကျင် မိဘ၊ ဆွေမျိုး
အသိုင်းအဝိုင်းက ကောင်းဖို့လိုသည်။ မူရင်းမကောင်းလျှင် မိတ္တူ မကောင်းနိုင်တော့ပါ။
ကျွန်တော်တို့သည် တဖြည်းဖြည်း အသက်ကြီးလာသည်နှင့်အမျှ
လူငယ်တွေ အတွက် နေရာဖယ်ပေးရပေမည်။ ကျွန်တော်တို့ အမြဲတမ်းချုပ်ကိုင် ထားလို့မရပါ။ အသက်အရွယ် ကြီးရင့်လာပြီး
အိုမင်းမစွမ်းဖြစ်လာတဲ့အခါ နောက်တက်လာတဲ့ လူငယ်တွေ မဖြစ်မနေ နေရာပေးရပေမည်။ စာရေးဆရာကြီး
ဦးအောင်သင်း ပြောတာ တစ်ခုရှိပါသည်။ သူ့အိမ်၏ ဧည့်ခန်းသည် တဖြည်းဖြည်းနဲ့ သူ့သားသမီးများက
သိမ်းပိုက်သွားကြောင်း သူဟာ အရာမရောက် တော့တဲ့အကြောင်း ဖတ်ဖူးပါသည်။ သူအရွယ်ကောင်းစဉ်က
ဧည့်သည်လာသည့်အခါတိုင်း သူသာလျှင် အဓိကဖြစ်ပေမယ့် အခုတော့ သူ့သမီးများ၏ မိတ်ဆွေအပေါင်းအသင်းများ
လာသောအခါ သူက အရာမရောက်တော့ သူ့သားသမီးများကို ဧည့်ခန်းမှာထားပြီး သူကရှောင်ထွက်ရတဲ့
အကြောင်း ရေးထားတာ ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူငယ်များ၏
လက်ထဲကို မဖြစ်မနေ ထည့်ထားခဲ့ရမည်သာ ဖြစ်သည်။ ကျွန်တော်တို့ လွှဲပြောင်းထားခဲ့ရမယ့်
နိုင်ငံရဲ့အနာဂတ် ကောင်းမွန်ဖို့ဆိုတာ လွှဲပြောင်းရယူမယ့် မျိုးဆက်သစ်လူငယ်များက အစစအရာရာ
ကောင်းမွန်ဖို့ဆိုတာ အဓိကကျလေသည်။ မျိုးဆက်သစ် လူငယ်များ ကောင်းမွန်ဖို့ လူကြီးများက
စံပြအဖြစ် ပြုမူနေထိုင်ရပေမည်။ ရှေ့ဆောင်လမ်းပြ ရပေမည်။
ကလေးတိုင်း မကြီးဖူးပေမယ့် လူကြီးတိုင်းကတော့
ကလေးဖြစ်ခဲ့ဖူးသည်။ ငယ်ခဲ့ဖူးသည်။ လူကြီးဖြစ်လာတော့ လူမှုရေး၊ စီးပွားရေးတွေနဲ့ လှည့်ပတ်မှုတွေ၊
ဟန်ဆောင်မှုတွေနဲ့ ရှင်သန်ရလေသည်။ လူအချင်းချင်း ဆက်ဆံတဲ့အခါမှာ ဟန်မဆောင်လို့မရနိုင်၊
ကိုယ့်စိတ်ထဲ ခံစားဖြစ်ပျက်နေတဲ့အတိုင်း အကုန်လုံး ထုတ်ဖော်ပြောပြဖို့ဆိုတာ မဖြစ်နိုင်ပါ။
အများနဲ့နေတဲ့အခါမှာ မှန်တာပြော၍ ရွာပြင်ထုတ်ခံ ရနိုင်ပါသည်။ လူချင်းတွေ့တဲ့အခါမှာ ပြုံးမပြချင်လည်း
ပြုံးပြရသည်။
မပြောချင်လည်း ပြောရသည်။ လောကကျင့်ဝတ် လူမှုရေးတွေက အများသား မဟုတ်ပါလား။
ဟန်ဆောင်မှုများစွာနဲ့ မွန်းကျပ်ပိတ်လှောင်မှုတွေ များလာတဲ့ အတွက်ကြောင့် အပြစ်မသိသေးတဲ့
ကလေးဘဝကို တစ်ခါပြန် ပြီးရချင်သေးတယ်လို့ အဆိုတော် စိုင်းထီးဆိုင်က ဆိုခဲ့တာဖြစ်ပေလိမ့်မည်။
ကျွန်တော်၏ မိတ်ဆွေတစ်ယောက်က သူ့အိမ်က
အဖြစ်အပျက်တစ်ခုကို ကျွန်တော့် ကို ပြောပြပါသည်။ သူ့မှာ နှစ်နှစ်အရွယ် သမီးလေးတစ်ယောက်နဲ့
လေးနှစ်အရွယ် သမီးလေးတစ်ယောက်ရှိသည်။ သူ့အိမ်ကိုလာပြီး အိမ်နီးချင်းများက မကြာခဏ သံဖြတ်လွှ
လာငှားလေ့ရှိပြီး မကြာခင်မှာ အဲဒီသံဖြတ်လွှ က ပျောက်သွားတဲ့ အတွက် လာငှားတဲ့သူများကို
ပျောက်နေတဲ့အကြောင်း ပြောလွှတ်ရသတဲ့။ မကြာခင် သံဖြတ်လွှအသစ် ဝယ်ထားပြီးတဲ့အခါမှ အိမ်နီးနားချင်းက
လာငှားပြန်တော့ လူကြီးက မငှားချင်တဲ့ အတွက် ပျောက်နေတဲ့ အကြောင်း အသစ်မဝယ်ရသေးတဲ့အကြောင်း
ပြောနေတုန်းမှာ လေးနှစ်အရွယ် သမီးလေးက သံဖြတ်လွှအသစ် ဝယ်ပြီးတဲ့အကြောင်း ထားတဲ့နေရာတောင်
သိတယ်ဆိုပြီး လိုက်ပြမယ် ဆိုပြီးပြောလို့ လူကြီးလုပ်တဲ့သူမှာ မျက်နှာပူရတဲ့အကြောင်း
ပြောပြတာ ဖြစ်ပါသည်။ ဒါဟာ ကလေး ရဲ့ ဖြူစင်မှုပဲ။
သားသမီးများက ပထမဆုံး အတုခိုးသင်ယူရသည့်
ဆရာမှာ မိဘနှစ်ပါးပဲ ဖြစ်သည်။ ကလေးများက သူတို့နဲ့ အမြဲတမ်း အတူနေတဲ့ မိဘတွေကို စံပြအတုယူရမယ့်
ပုဂ္ဂိုလ်များအဖြစ် မှတ်ယူထားတတ်ပါသည်။ မိဘက အမြဲတမ်းဆူဆဲ ရန်ဖြစ်နေပါက ကလေးကလည်း လိုက်ပါဆဲဆို
တတ်လာပါလိမ့်မည်။ လမ်းပေါ်မှာ တောင်းရမ်းနေတဲ့ ကလေးတွေ၊ ရေသန့်ဘူး၊ ပလတ်စတစ် စသည်တို့
ကောက်ယူနေသော ကလေးတွေ၊ လူလစ်လျှင် ခိုးယူတတ်သော ကလေးတွေ နေရာအနှံ့အပြား တွေ့နိုင်ပါသည်။
ထိုကလေးများ၏ လုပ်ရပ်များသည် သူတို့၏ မိဘများ စေခိုင်းချက်ကြောင့် သို့မဟုတ် သူတို့၏
ပတ်ဝန်းကျင် အခြေအနေများ ကြောင့် လုပ်ဆောင်လာကြတာပဲ ဖြစ်ပါသည်။
တကယ်တော့ ကလေးများသည် မူလသဘာဝအားဖြင့်
အဖြူထည်လေးများ ဖြစ်ပါသည်။ နောက်တော့မှ လူကြီးတွေကြောင့် အရောင်စွန်းထင်း သွားတာပဲ
ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပညာသင်ချိန်အရွယ်မှာ ပညာမသင်ကြားနိုင်သော ကလေးများ နေရာအနှံ့အပြားတွင်
တွေ့နိုင်ပါသည်။ လမ်းပေါ်မှာ၊ လက်ဖက်ရည်ဆိုင် တွေမှာ စသဖြင့် ကျွန်တော်တို့ မမြင်ချင်မှအဆုံးပဲ
ဖြစ်သည်။ တိုင်းပြည် တွင်ဖြစ်ပေါ်နေသော ပြည်တွင်း ပဋိပက္ခများဖြစ်သည့် လူမျိုးရေးပဋိပက္ခများ၊
ဘာသာရေးပဋိပက္ခများ၊ လက်နက်ကိုင် ပဋိ ပက္ခများနှင့် မိသားစုအတွင်း ဖြစ်ပေါ်နေသော အိမ်တွင်း
ပဋိပက္ခများ စသည့် ပဋိပက္ခများ သည် ကလေးသူငယ်များ၏ အခွင့်အရေးများ ဖြစ်သော ပညာသင်ခွင့်၊
မိဘနှင့် ရပ်ကွက်တွင် အတူတကွနေထိုင်ခွင့် စသည့် အခွင့်အရေးများ ဆုံးရှုံးစေသည့် အဓိကအကြောင်းများဖြစ်
သည်။ ယင်းပဋိပက္ခများအပြင် အခြားသော စီးပွားရေး အဆင်မပြေမှု၊ အလုပ်အကိုင် အဆင်မပြေမှု များကြောင့်လည်း
ဖြစ်နိုင်ပါသေးသည်။
ဆင်းရဲနွမ်းပါးမှုကြောင့် ပညာသင်ကြားခွင့်
ဆုံးရှုံးနေသော ဆင်ခြေဖုံးမြို့နယ်များရှိ ကလေးသူငယ်များအား အခမဲ့ ပညာသင်ယူနိုင်ရန်
ကလေးသူငယ် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ စီမံချက်များ လုပ်ဆောင်နေကြောင်း သတင်းများဖတ်ရတာ
အတော်ဝမ်းသာစရာ ကောင်းပါသည်။ ငယ်ငယ်က ဖြူစင်သန့်ရှင်းခဲ့သလို ကြီးသည်အထိ ဖြူစင်ရိုးသားစွာ
ရှင်သန်ကြီးပြင်းလာဖို့ လူကြီးများ က ပြုစုပျိုးထောင် ပေးရမည် ဖြစ်ပေသည်။
Written by - စိုးခိုင်ညိန်း
No comments:
Post a Comment