Sunday, September 28, 2014

ကလေးများကို ပုံပြင် ပြောပြပါ

ကျွန်တော်တို့သည် အဘိုး၊ အဘွားများ၊ မိဘများနှင့် မိသားစုထဲရှိ အခြားအသက်အရွယ်ကြီးသူများပြောပြသော ပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြသည်။
ဘိုးဘိုး၊ ဘွားဘွားနှင့် ဖေဖေ၊ မေမေတို့ဘေးတွင် လဲလျောင်း၍ ၎င်းတို့ ပြောပြသော ပုံပြင်များကို နားထောင်ရင်း ကျွန်တော်တို့ကို စိတ်ကူးယဉ်ခရီးသို့ ခေါ်ဆောင်သွားသော ယင်းကလေးဘ၀ အချိန်များမှာ အမှတ်ရ စရာနေ့ရက်ဟောင်းများပင် ဖြစ်သည်။
၎င်းတို့ ပြောပြသော ပုံပြင်များတွင် ယုန်နှင့်လိပ် အပြေးပြိုင်ခြင်း၊ဘုရားဟောဇာတကတို့အပြင် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ကဲ့သို့ သောအရာများကကျွန်တော်တို့ ဘ၀အတွက်အရေးကြီးသောသင်ခန်းစာအချို့ သင်ယူနိုင်ရန် ကူညီပေးသည်။
သို့သော် ယနေ့ခေတ်တွင် ကျွန်တော်တို့၏ ဘ၀များသို့  ယခင်ကနှင့်မတူဘဲ နည်းပညာများ ထိုးဖောက် ၀င်ရောက်လာကာ အလုပ်များသော မိဘများနှင့် မိသားစုတွင် အခြားလူပိုမရှိကြသောကြောင့် ပုံပြောပြသော အလေ့အထမှာ ရှားပါးလာပြီ ဖြစ်သည်။ ကလေးများကို ပုံပြောပြခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက် ပါသည်။
ပုံပြင်နားထောင်ခွင့်ရသော ကလေးများမှာ ဝေါဟာရပိုကြွယ်ဝလာနိုင်သည်။ ယင်းကဲ့သို့ ပုံပြင်နားထောင်ရချိန် တွင် ကလေးများက ၎င်းတို့နားမလည်သော ဝေါဟာရ၏ အဓိပ္ပာယ်ကို သိလိုစိတ်ဖြင့် ပြန်လည်မေးမြန်းလေ့ ရှိသောကြောင့် စကားလုံးအသစ်များ၏ အဓိပ္ပာယ်ကို သိရှိနားလည်လာမည် ဖြစ်သည်။
ကလေးများသည် ၎င်းတို့ ဘ၀နောက်ပိုင်းတွင် အသုံးပြုမည့်စကားလုံးများစွာကို ငယ်စဉ် အရွယ်တွင် အများဆုံး မှတ်သားလေ့ရှိကြောင်း လေ့လာမှုများက ဖော်ပြသည်။ ထို့ကြောင့် စကားမပြောတတ်သေးသောအရွယ် ကလေးငယ်များကို ပုံပြောပြလျှင်ပင် အကျိုးများသည်။ ၎င်းတို့ ကြီးပြင်းလာချိန်တွင် ကလေးများ၏ နားထောင်နိုင်စွမ်းများကိုလည်း အားကောင်းလာစေသည်။ ကလေးများသည် နားထောင်ခြင်းထက် စကားပိုပြောလေ့ရှိသော အလေ့အထများကို စာသင်ခန်းများ၌ အထူးသဖြင့် မြင်တွေ့နိုင်သည်။ ပုံပြင် နားထောင်သော အလေ့အထရှိသည့် ကလေးများမှာ ကောင်းစွာနားထောင်နိုင်သော ကလေးများ ဖြစ်လာပေမည်။
သို့သော် ကွန်ပျူတာများတွင် ပုံပြင်များ ဖွင့်ပြခြင်းမှာ အကျိုးရှိသော်လည်း လူသားမဆန်သဖြင့် ကလေးငယ် များကို ကိုယ်တိုင် ကိုယ်ကျပုံပြောပြခြင်းက ပိုကောင်းကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ကလေးများကို ပုံပြင်ပြောပြခြင်းဖြင့် ၎င်းတို့သည်ယဉ်ကျေးမှုဆိုင်ရာများကို ပိုမိုနားလည်လာကာ သမိုင်းကြောင်းများ ကို လေ့လာသင်ယူလိုစိတ် ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
ပုံပြင်ပြောပြခြင်းဖြင့် ကလေးများကို အပြန်အလှန် ဆက်သွယ်တတ်လာစေပြီး ကလေးများ ဖွံ့ဖြိုးလာသည်နှင့် အမျှ မေးခွန်းများ မေးတတ်လာကြသည်။ ပုံပြောပြသူတစ်ဦးအနေဖြင့် ကလေးများသိ လိုစိတ် ရှိလာစေမည့် နည်းလမ်းများကို သုံးသင့်ပြီး ကလေးများကို စဉ်းစားတွေးတောစေ၍ မေးခွန်းများ မေးလာစေရန် တွန်းအားဖြစ်စေသည်။
ကလေးများကို ပြောပြထားသည့် ဇာတ်ကောင်များနှင့် ပုံပြင် တိုလေးတစ်ပုဒ် ဖန်တီးခိုင်းခြင်းမျိုး ပြုလုပ်ရန် တစ်ခါတစ်ရံ ကလေး များကို မိဘများက တိုက်တွန်းသင့်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ယင်းကဲ့သို့ ပုံပြင်ဖန်တီးခိုင်းခြင်းကြောင့် ၎င်းတို့၏ စိတ်ကူးပုံဖော်နိုင်မှုကို အားကောင်းလာစေပြီး ပြောပြသောပုံပြင်များကို ပို၍ စိတ်ဝင်စားလာစေမည် ဖြစ်သည်။
ပုံပြောပြခြင်းက ကလေးတစ်ယောက်၏ စိတ်ခံစားချက်နှင့် ခံစားမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေသည်။ ၎င်းတို့၏ စိတ်ကူးတွေးတောနိုင်စွမ်းကိုလည်း အားကောင်းလာစေမည် ဖြစ်သည်။
-TOI

Friday, September 26, 2014

ရင်သွေးအတွက် အား

အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ပြီဆိုသည်နှင့် အများဆုံး   မေးမြန်းခံရသည့်မေးခွန်းမှာ ‘ဘာလေးလိုချင်လဲ’ ဆိုသည့်  အမေးနှင့် ‘ဒီအတိုင်းမွေးမှာလား၊ ခွဲမွေးမှာလား’ ဆိုသည့် မေးခွန်းပင်ဖြစ်သည်။
ဒုတိယမေးခွန်းမှာ မိခင်ဆန္ဒအရ ခွဲစိတ်မွေးဖွားရန် ရွေးချယ်ခွင့်ရှိသော မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံအချို့ တွင်တော့ မေးနိုင်ကောင်းမေးနိုင်မည်။ ကျန်းမာရေး လိုအပ်ချက် တစ်စုံတစ်ရာမရှိဘဲ ခွဲစိတ်မွေးဖွားခွင့် မရှိသည့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံများတွင် ထိုမေးခွန်းက မေးမြန်းရန်ပင် မလိုတော့။
အမျိုးသမီးဦးရေ ၂၆ သန်းကျော်ရှိပြီး မိခင်တစ်ဦးက  ကလေးနှစ်ယောက်နှုန်းပျမ်းမျှမွေးဖွားသည့်  မြန်မာနိုင်ငံတွင် ရင်သွေးကို ခွဲစိတ်မွေးဖွားရန်  ရွေးချယ်လာခြင်းသည် တောရော၊မြို့ပါ တစ်နေ့တခြား  ကျယ်ပြန့်လာနေသည်။
တကယ်တော့ ကလေးမွေးဖွားခဲ့ဖူးသော မိခင်တစ်ယောက်၊ အမေတစ်ယောက်အတွက် သန္ဓေသားလေးကို ကိုယ်ဝန် ဆောင်ရသည့်အချိန်မှာ ဘ၀အတွက် အရေးကြီးဆုံးသော အစိတ်အပိုင်းကာလများဖြစ်သည်။ အထူးသဖြင့် သားဦး၊ သမီးဦးလေးများဆိုလျှင် ပိုလို့ပင် သဲသဲလှုပ်ဖြစ်ရ၏။
ထို့ကြောင့်လည်း မိခင်တိုင်းက  မိမိ၏ သန္ဓေသားလေးကို ကိုးလလွယ် ဆယ်လဖွားဆိုသည့် အတိုင်း မွေးဖွားသန့်စင်ရာမှာ ယခင်က ကိုယ့်ခွန်ကိုယ့်အားနှင့် မွေးဖွားသန့်စင်ရသည့် မိခင်တစ်ယောက်၏ သတ္တိ၊ သားသမီးတို့အတွက် အားအင်တို့က အနှိုင်းမဲ့ဖြစ်သည်။
ယနေ့ခေတ်မှာတော့ မိခင်တော်တော်များများက ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးနေကြရပြီဖြစ်သည်။ မြို့ကြီးပြကြီးများတွင်သာမဟုတ်ဘဲ နယ်မြို့များတွင်ပါ ခွဲစိတ်မွေးဖွားခြင်းအလေ့အထ  ကျယ်ပြန့်လာနေခြင်း ကြောင့် ပင်ဖြစ်သည်။
ကျန်းမာရေးအရ လိုအပ်ချက်တစ်စုံတစ်ရာရှိသည်ဟု ဆရာဝန်က မှတ်ချက်မရှိသရွေ့ ခွဲစိတ်မွေးဖွားခွင့် မပေးသည့် ဂျပန်နိုင်ငံမှ ၀ါရင့်သူနာပြုဆရာမကြီးတစ်ဦးကတော့ မိခင်တိုင်းဟာ သဘာဝအတိုင်းပဲမွေးဖွားဖို့ ကြိုးစား သင့်ကြောင်း ပြောဆိုပါသည်။
‘‘အမျိုးသမီးတစ်ယောက်အတွက် ဘ၀မှာ ကြီးမားတဲ့ အခွင့်အရေးကို ဆုံးရှုံးသွားရတာပါပဲ။ အမျိုးသမီးတွေ ကိုယ့်သန္ဓေသားကို ကိုယ့်ခွန်ကိုယ့်အားနဲ့ မွေးဖွားဖို့ ကြိုးစားသင့်ပါတယ်။ အမျိုးသမီးတွေပဲရတဲ့ မွေးရာပါအခွင့် အရေးပါပဲ’’
ဂျပန်နိုင်ငံတွင် သဘာဝအတိုင်း ကလေးမွေးဖွားသည့် အလေ့အထကို အားပေးပြီး သဘာဝ အတိုင်း မွေးဖွားသန့်စင်နိုင်သည့် အစိုးရနှင့် ပုဂ္ဂလိကဆေးရုံဆေးခန်းများ မှာ စနစ်တကျရှိလှသည်။
မီးဖွားခန်းများကိုလည်း သဘာဝအတိုင်း အလွယ်ကူဆုံး၊ နာကျင်မှုအသက်သာဆုံး မွေးဖွားနိုင်ရန် ပြင်ဆင်ထားပြီး အထူးသဖြင့် အထောက်အကူပြုပစ္စည်းများကို ပြင်ဆင်ထားသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများက ခွဲစိတ်မွေးဖွားရန် ဆုံးဖြတ်ကြခြင်းတွင် အကြောင်းပြချက် အမျိုးမျိုးရှိ သည်။ ပထမဆုံးအချက်ကတော့ ဆေးရုံ၊ ဆေးခန်းများ၏ ပျက်ယွင်းနေသော စနစ်ကြောင့် ဗိုက်နာပြီး  ဆေးရုံ ပြေးရမည့် အခြေအနေကို စိုးရွံ့နေကြခြင်းပင်။
ဒုတိယအချက်မှာ အိုဂျီများက မိခင်လောင်းများကို သဘာဝအတိုင်း မီးဖွားခြင်းနှင့် ခွဲစိတ်ခြင်း တို့ကြား ကောင်းကျိုးဆိုးပြစ်များကို ရှင်းပြရန်ပင် ပျက်ကွက်နေကြခြင်းဖြစ်သည်။
အိုဂျီအများစု က ပုဂ္ဂလိကဆေးရုံများတွင်သာ မွေးဖွားရန် ဆွဲဆောင်နေပြီး ခွဲစိတ် ရန်ကိုသာ သွယ်ဝိုက် အားပေးနေ ခြင်းဖြစ်သည်။
နောက်ပြဿနာတစ်ခုမှာ မြန်မာနိုင်ငံရှိ မိသားစုများကြား ခွဲစိတ်မွေးဖွားခြင်းကို ဂုဏ်ဒြပ် တစ်ခုလို မြင်လာနေကြခြင်းဖြစ် သည်။ ဘယ်ဆေးရုံမှာ ဘယ်ဆ ရာဝန်နဲ့ ခွဲစိတ်မွေးဖွားသည်ဆို သည်ကပင် ငွေကြေးတတ်နိုင် သော မိသားစုများက မွေးဖွားလာ မည့် သားသမီးအတွက် ချစ်ခြင်း မေတ္တာ ပြယုဂ်သဖွယ် လည်းဖြစ် သည်။
‘‘ခွဲစိတ်မွေးတာ ပိုက်ဆံရှိတဲ့ လူတွေပဲ လုပ်နိုင်တယ်။ ပုံမှန်မွေး တာကတော့ နွမ်းပါးတဲ့လူတွေ လုပ်တာပဲဆိုတဲ့ အမြင်က ကိုယ့် ခွန်ကိုယ့်အားနဲ့ သားသမီးဖွားမြင် မယ့်သူတွေအတွက် ပုံရိပ်ဆိုးကို ပေးလိုက်တာပါပဲ။ ဒီလိုအမြင်မျိုး လုံးဝမဖြစ်သင့်ပါဘူး’’ ဟု ဂျပန်  နိုင်ငံရှိ St.Luke's သူနာပြုကျောင်း မှ ပါမောက္ခသူနာပြု ဆရာမကြီး က ဆိုသည်။
၎င်းဦးဆောင်လုပ်ကိုင်နေ သည့် သားဖွားဆေးခန်းတွင် မိခင် လောင်းများအတွက် သီးသန့်ခန်း များက ပုံစံအနေအထားမျိုးစုံနှင့် မွေးဖွားနိုင်အောင် ပြင်ဆင်ပေး ထားသည်။ မိခင် ဆန္ဒရှိပါက မွေး ခန်းထဲတွင် ခင်ပွန်းသည်၊ သားသမီးနှင့် မိဘများပါ ၀င်ရောက် နိုင်ပြီး မီးဖွားနေစဉ်အတွင်း စိတ် ခွန်အားရှိစေရန်ဖြစ်သည်ဟု သူ က ရှင်းပြသည်။
ပြည်တွင်းရှိ အစိုးရဆေးရုံ များတွင်တော့ ထိုအခြေအနေမျိုး မဖြစ်နိုင်သေးပါ။ သို့သော် ပုဂ္ဂလိ က ဆေးရုံများတွင် သဘာဝအ တိုင်း မွေးဖွားမည့်သူများအတွက် ထိုအခြေအနေ ၀န်ဆောင် မှုများ ကို ဖန်တီးပေးနိုင်သည်။ အိုဂျီများ ကလည်း သဘာဝအတိုင်း မွေး ဖွားပေးရန် မိခင်လောင်းများကို အားပေးအားမြှောက်ရှိ လာမည် ဆိုလျှင် သဘာဝအတိုင်း မီးဖွား သည့် အလေ့အထ ပြန်လည်ရှင် သန်လာနိုင်မည်ဖြစ်သည်။
ခွဲစိတ်မွေးဖွားခြင်းက မိခင် အတွက် ဆိုးကျိုးများစွာရှိပြီး သ ဘာဝအတိုင်း မွေးဖွားခြင်းက က လေးအတွက်ရော မိခင်အတွက် ပါ ကောင်းကျိုးများက ပိုသည်။
မီးဖွားပြီးနောက်ပိုင်း ရင် သွေးကို ကိုယ်တိုင်ကိုယ်ကျ အ ပြည့်အ၀ လုပ်ကိုင်ပေးလိုသည့် စိတ်ဆန္ဒကြောင့် ခွဲမမွေးဘဲ သ ဘာဝအတိုင်း မွေးရန် အိုဂျီကို ကိုယ်ဝန်စအပ်စဉ်ကပင် ပြောခဲ့ ပြီး သမီးဦးလေးအတွက် စိတ်ခွန် အားသတ္တိများ ပြည့်နေသည့် မိ ခင်လောင်း မလင်းလင်းဦးက ယ ခုလို ပြောပြသည်။
‘‘အင်နဲ့အားနဲ့ မွေးကြည့်ဖူး ချင်တယ်။ မွေးတဲ့အမေတိုင်း တော့ နာကြတာပဲပေါ့။ ကလေး လေးမြင်ရင် အားလုံးပျောက်သွား တယ်လို့ ပြောကြတယ်ဆိုတော့ သတ္တိကတော့ အပြည့်ပဲ နာစမ်းပါ စေ’’
မလင်းလင်းဦးပြောသလို အမျိုးသမီးတိုင်းတွင် သဘာဝ ပေးသော အဖိုးမဖြတ်နိုင်သည့် ထိုအခွင့်အရေး ရှိသည်။ မိခင် လောင်းများ ထိုအခွင့်အရေးကို အဆုံးရှုံး မခံသင့်ပေ။
သဘာဝအတိုင်း ရိုးရိုးမွေးခြင်း၏ အကျိုးကျေးဇူးများ
(၁) ရိုးရိုးမွေးခြင်းဖြင့် ကလေးသည် မိခင်ဝမ်းဗိုက်မှ ထွက်လာစဉ်တွင် ရောဂါများဒဏ် ကာကွယ်နိုင်သော ဘက်တီးရီးယားကို ရလာမည်ဖြစ်ပြီး ထိုဘက်တီးရီးယားက ၎င်း၏ ကိုယ်တွင်းရောဂါ ခုခံစနစ်ကို တိုးမြှင့်ပေးစေမည်။ အချို့သော ကူးစက်တတ်သည့် ရောဂါများ ထိခိုက်ခြင်းဒဏ်မှ လည်း လွတ်ကင်းမည်ဖြစ်သည်။
(၂) မိခင်ဝမ်းခေါင်းမှ ညှစ်အားဖြင့် ထွက်လာရခြင်းကြောင့် ကလေးအတွက် ရေမြွှာပေါက်ချိန် အဆုတ်အတွင်း ဝင်နေခဲ့သော အရည်များကို ထွေးထုတ်စေမည်ဖြစ်သည်။ ထိုအချက်က ကလေးအနေဖြင့် မိခင်ကိုယ်တွင်းမှ အပြင်သို့ ရောက်သည်နှင့် အသက်ကောင်းကောင်း ရှူတတ်စေရန် ကူညီနိုင်သည်။
(၃) သဘာဝအတိုင်းမွေးသော ကလေးငယ်များသည် အခြားနည်းဖြင့်မွေးသော ကလေးများထက်အရေပြားထိတွေ့အာရုံခံစားနိုင်စွမ်း ပိုကောင်းသည်။
(၄) ရိုးရိုးမွေးသည့် ကလေးများသည် နို့တိုက်ခြင်းမလုပ်မီ အပြုအမူများဖြစ်သော မိခင်နို့ကို စုပ်ယူခြင်းကဲ့သို့သော အပြုအမူများတွင် ပိုစိတ်ဝင်စားသည်။ မိခင်နို့ မက်သည်။
သဘာဝအတိုင်း ရိုးရိုးမွေးသည့် မိခင်တို့၏ အကျိုးကျေးဇူးများ
(၁) ပုံမှန်ရိုးရိုးမွေးသော မိခင်များသည် မွေးပြီးနောက် မြန်မြန်နာလန်ထလွယ်ကာ ဆေးရုံမှ စောစောဆင်းနိုင်သည်။ ထို့ကြောင့် မိခင်နှင့်ကလေးမှာ နေအိမ်တွင် စောစောစီးစီး သက်သောင့်သက်သာစွာ အနားယူနိုင်သည်။
(၂) မီးဖွားမှုကြောင့်ဖြစ်သော ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးမှုများ နည်းသည်။
(၃) မိခင်နို့ အထွက်နှုန်းလည်း ပိုများသည်။

7 Day Daily (26-09-2014)




ကလေးများနဲ့ အားကစား

မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည် ဆိုတဲ့ သီချင်းကို တီဗီကနေ ကြားရတိုင်း ကြားရတိုင်းမှာပဲ မခံချင်စိတ်၊ ရှက်စိတ်တို့နဲ့ အတူ ကျမရင်ထဲမှာ ဝမ်းနည်းနာကျင်လာရမြဲပါ။ သီချင်းထဲမှာသာ ကမ္ဘာကို လွှမ်းနိုင်တဲ့ မြန်မာ့ အားကစားက တကယ့်အပြင်ဘက် လက်တွေ့ဘဝမှာတော့ ကမ္ဘာကို အသာထားလို့ အရှေ့တောင်အာရှမှာ တောင်မှ မလွှမ်းမိုးနိုင် သေးတာလည်း အမှန်ပါပဲ။
အားကစား ရာသီပွဲတော် ဆိုရင်ဖြင့် စိတ်အား တက်ကြွဖွယ်ရာ ကြားရတတ်တဲ့ အဲဒီသီချင်းသံဟာ ကျမစိတ်ကို ကသိကအောက် ဖြစ်အောင်လို့ အနှောင့်အယှက် ပေးတတ်ပါတယ်။ ကျမတို့ရဲ့ မြန်မာ့အားကစားဟာ တချိန်တုန်းက အရှေ့တောင် အာရှမှာ မျက်နှာမော်နိုင်ခဲ့ ပေမယ့် အခုချိန်မှာတော့ တလိမ့်ခေါက်ကွေး ပြုတ်ကျလာခဲ့တဲ့ အားကစား အဆင့်ကို ပြန်ပြီးတော့ မြှင့်တင်နိုင်ဖို့ အတွက် တော်တော်ကြီးကိုပဲ အားစိုက်ဆောင်ရွက်ရဦးမယ့် အနေအထား ကို ရောက်လို့ နေပါတယ်။
တခေတ်တခါက  မျက်နှာမော်နိုင် ခဲ့ဖူးတဲ့ မြန်မာ့ အားကစားဟာ ဘာကြောင့် ကျမတို့ ခေတ်မှာ ဒီလောက် အဆင့်ထိ ထိုးကျလာခဲ့ရ သလဲ ဆိုတာကို ပြန်ပြီးတော့ ဆန်းစစ်ကြည့်ရင်ဖြင့် အကြောင်းရင်းတွေက အများကြီး ပါပဲ။ အကြောင်း ရင်း တခုကတော့ ကျမတို့ရဲ့ အားကစား သမားတွေဟာ နိုင်ငံတကာက အားကစား သမားတွေလောက် ကိုယ်လက် ကြံ့ခိုင်မှု မရှိဘူး ဆိုတာကို တွေ့နေရပါတယ်။ အမော မခံနိုင်တာ၊ သက်လုံ မကောင်းတာ၊ လူကောင် သေးညှက်တာ၊ အလေ့အကျင့် နည်းတာ စသဖြင့် အများကြီးပါပဲ။
မြန်မာ့အားကစား ကမ္ဘာကို လွှမ်းအောင်လို့ လုပ်နေပါပြီ ဆိုပြီး ကြွေးကြော်နေတဲ့ အခုအချိန်မှာ ကျမ အနေနဲ့ တွေးမိတာ ကတော့ နောက်လာမယ့် မျိုးဆက်မှာ ဆိုရင် အခုထက်များ အားကစားစွမ်းရည် ပိုပြီးတော့ ကျသွား လေ မလားရယ်လို့ စိုးစိတ်နဲ့ တွေးမိရပါတယ်။ ဘာကြောင့် ဒီလိုတွေးမိရသလဲ ဆိုရင်ဖြင့် တချိန်မှာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ဖြစ်လာမယ့် အခုခေတ် ကလေးတော်တော် များများဟာ သူတို့ရဲ့ ခြေထောက်၊ လက်မောင်း၊ လက်ဖျံတို့မှာ ရှိနေတဲ့ ကြွက်သားမျှင်ကြီးများရဲ့ (Gross Motor Skills) ဖွံ့ဖြိုးသန်မာ လာအောင်လို့ ပြေးလွှား ကစားခွင့် မရှိရှာပါဘူး။
အခုလက်ရှိ ကျမတို့ နိုင်ငံရဲ့ ကျောင်းတွေအနေထား၊ ပညာရေးအနေထားကို လေ့လာကြည့်မယ် ဆိုရင်ဖြင့် အစိုးရကျောင်းများမှာ ကလေးတို့ ကစားခုန်စား လုပ်ဖို့၊ ပြေးလွှား ဆော့ကစားဖို့ အတွက် နေရာ ကျယ်ကျယ်ဝန်းဝန်း လုပ်ထားတာ မျိုးတွေ၊ အားကစား ခန်းမတွေကို ဆောက်လုပ် ထားတာတွေ၊ အားကစားကို ဘာသာ တရပ်အနေနဲ့ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ သတ်မှတ်ထား တာမျိုးတွေကို တွေ့ရတာ နည်းလှပါသေးတယ်။
ကလေးတို့ ဘောလုံးကန်တာ၊ ဆော့ကစား ပြေးလွှားကြတာကို တောင်မှ ကလေးတွေက ဆော့လွန်းတယ်၊ ငြိမ်ငြိမ် မနေဘူး ဆိုပြီးတော့ ရိုက်နှက်ဆုံးမကြတဲ့ ဆရာ၊ ဆရာ ဆရာမတွေတောင် ကျောင်းတွေမှာ ရှိနေပါသေးတယ်။
ကလေးတို့ ခမျာ ဖတ်စာအုပ်ထဲက စာကို အလွတ်ကျက်၊ ပြန်ဖြေရတဲ့ ပညာရေး စနစ်ထဲမှာ သူတို့ရဲ့ အချိန်တွေ၊ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့ တွေးခေါ်မှု စွမ်းရည်၊ တီထွင်ဖန်တီးမှု စွမ်းရည် စတဲ့အရာတွေကို ပေးလိုက်ရတဲ့ အပြင် ကိုယ်လက် ကြံ့ခိုင်မှု ဆိုတဲ့ အရာကိုပါ ဝမ်းနည်းစရာ ကောင်းအောင် ပေးလိုက်ရ ပြန်ပါသေးတယ်။
ကျောင်းကနေ ကျူရှင်၊ ကျူရှင်ကနေ ကျောင်းဆိုတဲ့ အမှတ်ကောင်းကောင်း ရရေး၊ ဂုဏ်ထူး များများပါရေး၊ အင်္ဂလိပ်စာ သင်တန်း၊ ဘာ သင်တန်း ညာသင်တန်းစတဲ့ မိဘတို့ရဲ့ အပြိုင်အဆိုင် ဂုဏ်တုဂုဏ်ပြိုင် ပညာရေး ပြိုင်ပွဲကြီးမှာ ကလေးတော်တော် များများဟာ ကစားချိန် မရှိရှာ တော့ပါဘူး။
ကျမ ရောက်ခဲ့ဖူးတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ကလေးတို့ဟာ ကလေးဘဝကို လွတ်လပ်စွာ အပြည့်အဝ ရကြပါတယ်။ ကျောင်းတွေမှာ ကလေးတို့ ကစားဖို့  ကစားကွင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိကြ သလို၊ ရပ်ကွက်တိုင်းရဲ့ လမ်းတိုင်းမှာ လည်း ကလေး တို့ ကစားဖို့ အတွက် ကစားကွင်း၊ ပန်းခြံလေးတွေ ရှိကြပါတယ်။ ကျောင်းကပြန်လာရင် ကျူရှင် သွားစရာ မလိုတဲ့၊ အိမ်စာတွေလည်း အများကြီးလုပ်စရာ မလိုတဲ့၊ ဖတ်စာအုပ် ထဲက စာတွေကို ဗလာစာအုပ် တွေထဲမှာ ပြန်ကူးရေးစရာ မလိုတဲ့ ကလေးများသာမို့  သူတို့မှာ ကိုယ်ပိုင်အချိန် များစွာ ရှိကြပါတယ်။
ကျမ တို့နိုင်ငံမှာတော့ နယ်မြို့များက ကလေးများက လွဲရင် မြို့ကြီးများက ကလေးများခမျာ ကစားဖို့ အချိန်ရှိ ရင်တောင်မှ ကစားဖို့ နေရာ မရှိရှာပါဘူး။ ရန်ကုန်မြို့ကတော့ အဆိုးဆုံး ပါပဲ။ မြို့လယ်ကောင် တိုက်ခန်း ကျဉ်းကျဉ်း လေးတွေမှာ နေရတဲ့ ကလေးတို့ အဖို့ ကစားစရာရယ်လို့ ရပ်ကွက်ပန်းခြံ မရှိသလို ဘောလုံးကန်ချင်တဲ့ ကလေးများ အတွက် ဘောလုံးကန်စရာ ဘောလုံးကွင်းတွေလည်း မရှိတော့ပါဘူး။
ကျမ တို့ငယ်ငယ်တုန်းက ရှိခဲ့ဖူးတဲ့ ရပ်ကွက် ဘောလုံး ကွင်းလေးတွေ ဟာလည်း တစ တစနဲ့ ပျောက်ပျောက် ကုန်ပါပြီ။ ကျမ တို့ရဲ့ ကလေးတွေ ခေတ်မှာ ခုန်ပေါက်ပြေးလွှား ဆော့ကစားစရာ နေရာတွေ မရှိတော့သလို၊ ကစားဖို့ ဆိုတဲ့ ကစားဖော် ဟာလည်း ရှားပါးစ ပြုလာပါပြီ။
မူကြိုကလေး တောင်မှ ကျူရှင်တက်နေရတဲ့ ခေတ်မှာ ကလေးတို့ခမျာ ဟိုးအရင်ကလိုမျိုး ကျောင်းကနေ ပြန်လာတာ နဲ့ လွယ် အိတ်ကလေးချပြီး ကစားကြဖို့ မလွယ်တော့ပါဘူး။ ကိုယ့်မှာ ကစားဖို့ အချိန်ရှိတယ် ဆိုရင်တောင်မှ ကစားဖို့ ကစားဖော် ကတော့ဖြင့် ရှားလာပါပြီ။
ကလေးတို့ ကစားဖို့ ကစားဖော် ရှားလာပေမယ့် ကစားဖော်နေရာမှာ အစားဝင်လာတာ ကတော့ နည်းပညာပါပဲ။ ကျမတို့ ကလေးတွေရဲ့ခေတ်မှာ နည်းပညာကလည်း အားကောင်းလာပြီမို့ တီဗီတွေ၊ ကာတွန်းကားတွေ၊ တီဗီဂိမ်း၊ ကွန်ပျူတာဂိမ်း၊ တက်ဘလက် စတာတွေနဲ့ ကလေးတို့ဟာ အချိန်တွေကုန် လာကြပါပြီ။ ကလေးတို့ဟာ ပိုပိုပြီးတော့ ကိုယ်လက် လှုပ်ရှားမှုတွေ နည်းလာကြ ပါတယ်။
အားကစား ထူးချွန်ခြင်းဟာ ကျောင်းပညာရေးမှာ  အထောက်အပံ့ မဖြစ်စေတဲ့ အရာမို့လို့ မိဘများကလည်း ကလေးတို့ ကစားခုန်ပေါက်ခြင်း နည်းလာတဲ့ အပေါ်မှာ ဘယ်လိုမှ သဘော မထားကြပါဘူး။ ဒါနဲ့ပဲ ပျော့စိပျော့ညက် ဖြူဖျော့ဖျော့၊ ပိန်လှီလှီလေးတွေ (ဒါမှ မဟုတ်) အဝလွန်တဲ့ ကလေးတွေကို ကျမတို့ ဝန်းကျင်မှာ ပိုပိုပြီးတော့ မြင်လာ ကြရပါ တော့တယ်။ အဲဒီဖြူဖျော့ဖျော့ ကလေးတွေ၊ အဝလွန်တဲ့ ကလေး တွေဟာ နောင်အနာဂတ်ကို ဦးဆောင်မယ့် မျိုးဆက် အသစ်လေးတွေပါပဲ။
ဒီကလေးတွေထဲက ကလေးတော်တော်များများ ဟာ  ငယ်စဉ်မှာ မဆော့မကစားခဲ့ရတဲ့၊ ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ခွင့် မရခဲ့တဲ့၊ ကျောင်းက အားကစား ခန်းမတွေထဲမှာ စနစ်တကျနဲ့ အားကစား မလေ့ကျင့်ခဲ့ရ ဖူးတဲ့ ကလေးများ ပါပဲ။
ဒီလို ကလေးတွေ များလာတာဟာ တိုင်းပြည် အတွက်ရော၊ သူတို့တတွေရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနဲ့ ကျန်းမာမှု အတွက်ပါ မကောင်းပါဘူး။ ကလေးတို့ ကိုယ်လက်ကြံ့ခိုင်မှု ရှိစေဖို့ အတွက် ကျောင်းတွေက အားကစား ခန်းမတွေ ထဲမှာ ကလေးတွေကို တကယ် ကစားခိုင်းဖို့ လိုပါတယ်။
သင်္ချာတွေ၊ အင်္ဂလိပ်စာတွေ အရေးကြီးသလိုပဲ အားကစား ဘာသာရပ်ဟာလည်း တကယ်အရေးကြီးတဲ့ ဘာသာရပ် ဆိုတာကို မိဘများရော၊ သင်နေတဲ့ ဆရာများပါ တကယ် သဘောပေါက်ဖို့ လိုပါတယ်။ ကလေးတို့ အတွက် ကစားချိန် ရှိဖို့နဲ့ ကစားဖို့နေရာ ရှိဖို့လည်း လိုပါတယ်။ ရပ်ကွက်တိုင်းမှာ ကလေးတို့ကစားဖို့ ပန်းခြံတွေ၊ ကလေးများ စိတ်ကြိုက် လွတ်လပ် လုံခြုံစွာနဲ့ ဆော့ကစားဖို့ အတွက် ဘောလုံးကွင်းကြီးတွေလည်း ရှိဖို့ လိုပါတယ်။
ကလေးတို့ ကစားဖို့  မြေနေရာ ကျယ်ကျယ်နဲ့ ဘောလုံးကွင်းများ၊ ကစားကွင်းများ ထားရှိခြင်းဟာ နောင်အနာဂတ် မျိုးဆက် အတွက် ရင်းနှီး မြှုပ်နှံခြင်း တခုပါပဲ။ ကလေးတို့ ကစားဖို့အတွက် ဘောလုံးကွင်း ကြီးတွေ၊ ကစားကွင်းတွေ ရပ်ကွက်တိုင်း လိုလိုမှာ ရှိလာခဲ့ပြီ ဆိုရင်၊ ကျောင်းတွေမှာ စာကို အလွတ်ရွတ်နိုင်ဖို့ထက် ကိုယ်ကာယ သန်စွမ်း ကျန်းမာဖို့က အရေး ကြီးတယ် လို့ ထင်လာပြီ ဆိုရင်ဖြင့် ကျမတို့တိုင်းပြည် တကယ်ပြောင်းလဲပြီလို့ ပြောလို့ရပါ လိမ့်မယ်။     ။

ခေတ်ဘုန်းသစ်

Thursday, September 18, 2014

ပုဗ္ဗာစရိယ မိနဲ့ဖ

လူတစ်ယောက်ရဲ့ဘ၀နဲ့ စိတ်ဓာတ်ကို လွှမ်းမိုးတာ နှစ်ခုရှိတယ်။ တစ်ခုက မွေးရာပါဗီဇ၊ နောက်တစ်ခုက ပတ်ဝန်းကျင်။ အဲ့ဒီပတ်ဝန်းကျင်ကိုမှ ထပ်ခွဲရရင်တော့ မိဘပါမယ်။ ဆရာတွေပါမယ်။ သူကြီးပြင်း ရှင်သန်ရာ ဘေးပတ်ဝန်းကျင်က လူတွေပါမယ်၊ နောက်ပြီး သူဖတ်တဲ့၊ မှတ်တဲ့ စာအုပ်တွေ ပါမယ်။ အဲဒီနှစ်ခုမှာမှ ပတ်ဝန်းကျင်က ပိုပြီးအရေးပါတယ်လို့ ဆိုကြတယ်။ အရင်တုန်းက လက်ခံခဲ့တာ Leaders are born ခေါင်းဆောင်တွေဟာ မွေးရာပါအရည်အချင်း ပြည့်ဝသူတွေတဲ့။ ခုတော့ မဟုတ်တော့ဘူး၊ Leaders are made ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ လေ့ကျင့်ယူလို့ရတယ်ဆိုပြီး လက်ခံလာကြပြီ။ အဲဒီလို လူတစ်ယောက်ရဲ့ အရည်အသွေးကို လွှမ်းမိုးနိုင်တဲ့ ပတ်ဝန်းကျင်မှာမှ မိဘက အရေးကြီးဆုံးပါပဲ။ ဒါ့ကြောင့်လည်း ‘လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနဲ့ဖ’ ဆိုပြီးတော့ ပြောလေ့ရှိကြတာ။
ကျွန်တော်တို့နိုင်ငံဟာ အာဏာရှင်စနစ်ရဲ့အောက်မှာ နှစ်ပေါင်းများစွာ အုပ်ချုပ်ခံခဲ့ရတယ်။ ဆုံးရှုံးနစ်နာ မှုတွေဆိုတာလည်း မနည်းဘူး။ ဒီစနစ်ကို တိုက်ဖျက်ဖို့ ပေးခဲ့ရတဲ့ အသက်တွေ၊ စတေးခဲ့ရတဲ့ အရာတွေဆိုတာလည်း ပြောပြလို့တောင် မရဘူး။ အဲဒီစနစ်ရဲ့ အဆိုးတကာ့အဆိုးဆုံး အကျိုးဆက်တစ်ခုကတော့ ကျွန်တော်တို့တွေပါ ဒီမိုကရေစီဆိုတဲ့ အလေ့အကျင့်တွေနဲ့ ဝေးကွာကုန်ပြီး ကိုယ်တိုင်ပါ အာဏာရှင်တွေ ဖြစ်မှန်းမသိ ဖြစ်ကုန်တော့တာပါပဲ။ ဆရာက တပည့်ကို၊ မိဘက သားသမီးကို၊ ဘုန်းကြီးကကျောင်းသားကို အာဏာရှင်ဆန်ဆန်ပဲ ဆက်ဆံကြ၊ ထိန်းသိမ်းကြ၊ အုပ်ချုပ်ကြတယ်။ စောဒကတက်ရင် မကြိုက်ဘူး။ မိဘကပြောလိုက်ရင် တစ်ခွန်းပဲဆိုတာကို ဂုဏ်ယူစရာတစ်ခုလို သဘောထားကြတယ်။ ကျွန်တော်တို့တွေဟာ အဲ့ဒီလို အာဏာရှင်တွေရဲ့ လက်အောက်မှာ အကြောက်တရားတွေနဲ့ ရှင်သန်ခဲ့ကြရတယ်။ အဲဒီတော့ နည်းနည်းလေးမှ မလွတ်လပ် လိုက်နဲ့ အဲဒီလွတ်လပ်ခွင့်ကို အလွန်အကျွံ အသုံးချကြတယ်။ ကိုယ်ပိုင်အသိစိတ် အားနည်းလာတယ်။ သူများထုတ်တဲ့ စည်းကမ်းတွေကြားမှာပဲ တင်းကျပ်စွာ ရှင်သန်ခဲ့ရတော့ ကိုယ်ပိုင်စည်းကမ်းရယ်လို့ မရှိတော့ဘူး။ လွတ်ရင်လုပ်မယ် မလွတ်ရင်မလုပ်ဘူးဆိုတာက ကျွန်တော်တို့အတွက် မွေးရာပါ အသိတစ်ခု လို ဖြစ်လာတယ်။ Autocratic Style က အကြောက်တရားနဲ့ အမိန့်နာခံမှုကို အခြေပြုတယ်။ Democratic Style ကတော့ လူရဲ့အသိစိတ်ဓာတ်ကို အခြေပြုတယ်။ ဒီတော့ ဒီစနစ်ကို အားကောင်းစေချင်ရင် ကျွန်တော်တို့တွေ ကိုယ်ပိုင်အသိစိတ်နဲ့ အလုပ်လုပ်တတ်အောင် ကြိုးစားကြရမယ်။
ကျွန်တော့်ဆေးခန်းမှာ ၉ နာရီထက် နောက်ကျပြီးမှ ရောက်လာတဲ့သူ ပိုက်ဆံ ၅၀၀ ပေးရမယ်ဆိုတဲ့ အချိန်က ဘယ်သူမှ နောက်မကျကြဘူး။ အချိန်တစ်ခုကြာလာလို့ အဲ့ဒါကို မလုပ်တော့တဲ့ အခါလည်းကျရော အိမ်ကဘာဖြစ်လို့၊ လမ်းမှာဘာဖြစ်လို့စတဲ့ အကြောင်းပြချက်တွေ ကိုယ်စီပေါ်လာတော့တယ်။ လုပ်ရင်လုပ်၊ မလုပ်ရင် အပြစ်တစ်ခုခု ပေးမယ်ဆိုမှပဲ လုပ်တတ်ကြတော့တယ်။ ဘာလို့လဲ၊ ကျွန်တော်တို့တွေက ကိုယ်ပိုင်အသိစိတ်နဲ့ ရယူရမယ့် လွတ်လပ်ခွင့်နဲ့မှ အသားမကျသေးဘဲကိုး။ အိုးမဖုတ်ခင် အိုးလုပ်စဉ် မှာကတည်းက တံဆိပ်နှိပ်ထားလိုက်မှ မြဲမြံတတ်တာမဟုတ်လား။ ခုမှ ကျွန်တော်တို့ကိုယ်ပေါ် လာနှိပ်တဲ့ တံဆိပ်တွေက ထင်သလောက်တော့ မခိုင်မာနိုင်တော့ဘူးလေ။
ကျွန်တော် လမ်းလျှောက်တတ်စ အရွယ်ကတော့ လွတ်လပ်ရေးပြိုင်ပွဲမှာ ပထမဆုရဖူးတယ်။ အဲ့ဒီတုန်းက လမ်းလျှောက်တတ်စအရွယ် ကလေးတွေကို ပြိုင်ပွဲလုပ်တယ်၊ ဒိုင်လူကြီးက ခရာမှုတ်လိုက်ပေမယ့် ဘယ်ကလေးကမှ မပြေးကြဘူး။ ဒီအရွယ်လေးတွေဆိုတော့လည်း အပြေးပြိုင်ပွဲတွေဘာတွေ ဘယ်သိမလဲ၊ အမေနားပဲ ကပ်နေကြတာပေါ့။ အမေတွေကတော့ သားလေးပြေး၊ သမီးလေးပြေးလေဆိုပြီး အားပေးနေကြတယ်။ ဒါပေမဲ့ ဘယ်ကလေးကမှ မပြေးဘူး။ ကျွန်တော်လည်း အတူတူပဲ၊ မပြေးဘူး။ အမေနားမှာပဲ ကပ်နေတယ်။ အဲဒီမှာတင် ကျွန်တော့်အမေက ဖျတ်ခနဲ စိတ်ကူးရလိုက်ပြီး ပန်းဝင်ရမယ့်နေရာနားကို အပြေးသွားလိုက်တယ်။ ပြီးတော့မှ အဲဒီနေရာကနေ ကျွန်တော့်ကို လှမ်းခေါ်လိုက်တော့ ကျွန်တော်လည်း ဘာမှန်းညာမှန်းမသိ အမေ့ဆီကို အပြေးသွားလိုက်တာပေါ့။ အဲဒီမှာတင် ပန်းဝင်သွားပြီး ပထမဆုရတော့တာပါပဲ။
ကျွန်တော့်အသိ အန်တီကြီးတစ်ယောက်ကတော့ သူ့သားကို ပညာသိပ်တတ်စေချင်တယ်။ စာမေးပွဲတိုင်းမှာ အဆင့်တစ်ရမှ ကြိုက်တယ်။ အဆင့်နည်းနည်းကျတာနဲ့ ရိုက်တော့တာပဲ။ ကြီးလာတော့လည်း ဆရာဝန်လိုင်းပဲ လျှောက်ခိုင်းတယ်။ သူ့သားကတော့ တစ်စက်လေးမှတောင် ၀ါသနာမပါဘူး။ တကယ်တော့ Educate ဆိုတဲ့စကားလုံးက လက်တင်စကားဖြစ်တဲ့ Educouae လာတာပါ။ To educe, to draw out, to develop from within လို့ အဓိပ္ပာယ်ရပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ အရည်အသွေးတွေကို အရောင်တင်ပေးခြင်း၊ ဖော်ထုတ်ပေးခြင်းပေါ့။ မိဘအလိုကျ ပုံသွင်းခြင်းကို Education လို့ ခေါ်တာမဟုတ်ပါဘူး။
ရွာတစ်ရွာကိုရောက်တော့ အမျိုးသမီးတစ်ယောက်က ပြောတယ်။ ကိုယ့်ယောကျာ်းနဲ့ကိုယ်က ကလေး ဘယ်နှယောက်မွေးမွေး ပြဿနာမရှိဘူး။ ဒီဆေးတွေသောက်၊ ဒီပစ္စည်းတွေသုံးလို့ ရောဂါဖြစ်မှ ပိုက်ဆံကုန်နေပါဦးမယ်တဲ့။ အရင်ကတော့ ဒီလိုတွေကြားလိုက်ရင် စိတ်ထဲသိပ်မရှိဘူး။ ဒါပေမဲ့ တခြားကလေးတွေ ကျောင်းဝတ်စုံကိုယ်စီနဲ့ ကျောင်းသွားနေကြတာကို လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးရင်း အားကျတဲ့ သိမ်ငယ်တဲ့ အကြည့်တွေနဲ့ ငေးကြည့်နေကြရတဲ့ ကလေးတွေ၊ ပိုက်ဆံမပေးမချင်း အနားမှာ တွယ်ကပ်နေလို့ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲဆိုပြီး လူတွေက ပျစ်ပျစ်နှစ်နှစ်ပြောတာကို ခံရတဲ့ ဖိနပ်မပါဘဲ အရပ်တကာလည် တောင်းစားနေရတဲ့ ကလေးတွေ၊ သူတို့တွေကို မြင်ရတွေ့ရဖန် များလာတဲ့အခါမှာတော့ ခုနကစကားသံတွေကို ကျွန်တော် သည်းမခံနိုင်တော့ဘူး။ စိတ်တွေတို လာတယ်။ ဒေါသတွေထွက်လာတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့ သယံဇာတ၊ တိုင်းပြည်ရဲ့ အနာဂတ်တဲ့။ ဒီကလေးတွေကို ကြည့်ရင်းနဲ့ ကျွန်တော်တဖြည်းဖြည်း သံသယ၀င်လာမိတယ်။ ဒီကလေးလေးတွေနဲ့ တည်ဆောက်ရမယ့် ငါတို့မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဘယ်လိုများပါလဲလို့လေ။
တချို့ကပြောတယ်။ ကလေးတွေကို မပေးနဲ့။ အကျင့်ပျက်တယ်တဲ့။ ပိုက်ဆံဆိုတာ ဒီလိုတောင်းတိုင်းရ ပါလား။ အလကားရတဲ့ အရာပါလားလို့ ထင်သွားမယ်တဲ့။ ဒါဆို မပေးဘဲနေလိုက်ရင်ရော အကျင့်တွေကောင်းလာကြမှာ တဲ့လား။ တောင်းမရရင် ခိုးကြမယ်၊ လုကြမယ်၊ ကော်ရှူပြီး ထွက်ပေါက် ရှာကုန်ကြမယ်။ ကောင်းလာဖို့၊ ငွေတန်ဖိုးတွေ သိလာဖို့ကတော့ မလွယ်ဘူး။ တကယ်တော့ ကလေး ဆိုတာ ရွေးချယ်ခွင့် မရခဲ့ရှာတဲ့သူတွေပါ။ ကံကြမ္မာက ပစ်ချလိုက်တဲ့ ဘ၀မှာပဲ ရှင်သန်နေကြရတဲ့သူတွေပါ။ ဆရာကြီးရွှေဥဒေါင်းပြောသလို ပြောရရင် သူတို့စိတ်လေးတွေမှာ ဆူးတွေပေါက်နေပြီ။ သူတို့ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် ဘာမဆိုလုပ်ရမယ်ဆိုတဲ့ အသိက ဘ၀က သင်ပေးထားလိုက်ပြီ။ ဒီလိုအချိန်မှာ သူတို့လိုနေတာ အနိုင်ကျင့်မှုတွေ၊ ၀ိုင်းဝန်းပစ်ပယ်မှုတွေ၊ လျစ်လျူ ရှုမှုတွေ မဟုတ်ပါဘူး။ သနားညှာတာမှုတွေ ကြင်နာမှုတွေကို သူတို့လိုအပ်နေတာပါ။ ဘယ်အရာမဆို မာနေတဲ့အချိန်မှာ လိုရာပုံသွင်းလို့ မရနိုင်ဘူး။ ပျော့ပျောင်းနူးညံ့လာအောင် အရင်လုပ်ရတယ်။ ဒါမှ လိုသလို ပုံသွင်းလို့ ရနိုင်တာပါ။
မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးကို နပိုလီယန်က မေးဖူးတယ်။ ပြင်သစ်လူငယ်တွေ တိုးတက်ဖို့အတွက် အလိုအပ်ဆုံးဟာ ဘာများလဲတဲ့။ အမျိုးသမီးကြီးက ပြန်ဖြေတယ်။ မိခင်ကောင်းတွေပါပဲရှင်တဲ့။ စကားတစ်ခွန်းတည်းနဲ့ အားလုံးပြီးပြည့်စုံသွားတာပါပဲလားလို့တောင် နပိုလီယန်က ရေရွတ်မိသွားတယ်။
ပြောကြတယ်။ ကလေးကောင်းမှ လူကြီးကောင်းမှာတဲ့။ အဲ့လို ကလေးတွေကောင်းဖို့ကလည်း လက်ရှိလူကြီး တွေ ကောင်းမှရပါမယ်။ ကလေးမွေးလိုက်ရုံနဲ့ မိဘဖြစ်သွားတာမဟုတ်ပါဘူး။ ကိုယ်မွေးလိုက်တဲ့ ကိုယ့်မျိုးဆက် သစ်ကို ကိုယ့်ထက်မသာတောင် ကိုယ့်အောက်တော့မကျ ရအောင် ပြုစုပျိုးထောင်နိုင်မှ မိဘမည်တာပါ၊ လက်ဦး ဆရာ ဖြစ်ထိုက်တာပါ၊ နိုင်ငံသား တာဝန်ကျေတာပါ။
 
Written by - ဒေါက်တာဖြိုးသီဟ