Friday, June 26, 2015

တို့ပြောမထားတဲ့ စည်းကမ်းကို မင်းတို့လိုက်နာကြ

(တစ်)
မိုးနဲ့အပြိုင် မြန်မာနိုင်ငံရဲ့ စာသင်ခန်းတွေထဲမှာဖြင့် ကျောင်း သူ၊ ကျောင်းသားကလေး တွေရဲ့  စာဖတ်သံတွေက မြိုင်ဆိုင်လို့နေ ပါပြီ။ ကျောင်းတွင်းပညာရေးသာ မက ကျောင်းပြင်ပ ပညာရေးကို ပါ အားထားနေရတဲ့ မြန်မာ့ပညာ ရေးလောကဟာ အခုအထိ စမ်း တ၀ါးဝါးနဲ့ လျှောက်လှမ်းလို့နေ ဆဲပါပဲ။ အစိုးရက တရားဝင်ဖွင့် လှစ်ထားတဲ့ ကျောင်းတွင်းပညာ ရေးကို တစ်ဘ၀လုံးပုံပြီး မယုံရဲသူ မိဘတွေက ကိုယ့်သား၊ ကိုယ့် သမီးပညာရည် မြင့်မားဖို့ရာအ တွက် နည်းအမျိုးမျိုးနဲ့ ထပ်ဆင့် ဖြည့်စွက်ကြတဲ့ နေရာမှာ သူ့အ တန်းပိုင် ဆရာ၊ ဆရာမဆီမှာ ကျူရှင်ပြန်တက်ခိုင်းတာ၊ ပြင်ပ နာမည်ကြီး ကျူရှင်ဆရာတွေဆီ မှာ အပ်ထားတာ၊ ဆရာ၊ ဆရာမ ငြိုငြင်မှာကို ကြောက်တာကြောင့် အတန်းပိုင်ရော၊ အတန်းမပိုင် ရော နှစ်ခုစလုံးမှာခွပြီး ပညာနို့ရည် ကြီးကို ပါးစပ်နဲ့ မဆံ့အောင် ပြိုင် တူသောက်စို့ခိုင်းထားတာဆိုပြီး အမျိုးမျိုး အထွေထွေပါပဲ။
အဲသည့်လို နောက်ခံအနေ အထားနဲ့ ၀င့်ကြွားစွင့်ကားနေတဲ့ မြန်မာ့ပညာရေး ဇာတ်ခုံကြီးပေါ် မှာ တစ်နှစ်ဆန်းပြီလို့ဆိုတာနဲ့ ရွက်ကျပင်ပေါက်တွေ အုံနဲ့ကျင်း နဲ့ ပေါက်သလို ဖွေးဖွေးလှုပ် အောင် ထွက်ပေါ်လာကြတာတွေ ကတော့ အထူးထုတ်စာအုပ် ပေါင်းစုံပါပဲ။ သင်ရိုးကုန်အထူး ထုတ်၊ မေးခွန်းဟောင်းအဖြေစုံ အထူးထုတ်၊ မေးခွန်းငါးစုံ အထူး ထုတ် စုံနေတာပါပဲ။ အဓိကပြော လိုတာက ဆယ်တန်းပါ။
အဲသည့် အထူးထုတ်တိုင်း မှာ ‘‘အမှတ်ပေးစည်းမျဉ်းနှင့်အ ညီ ပြုစုထားသည်’’ဆိုတဲ့ အညွှန်း စာသားကတော့ မဖြစ်မနေ ဆို သလို ပါနေကျပေပဲပေါ့။ သည့် အပြင် တချို့တချို့သော စာသင် ၀ိုင်းတွေမှာက ‘‘အမှတ်ပေးစည်း မျဉ်းနှင့်အညီ သင်သည်’’ဆိုပြီး ကိုယ့်စာသင်ဝိုင်းရဲ့ ဂုဏ်ဒြပ်ကို လှစ်ပြထားတာမျိုးတွေကိုလည်း တွေ့ရတတ်ပါတယ်။ အမှတ်ပေး စည်းမျဉ်းက ငါရေးတာ၊ ငါသင်တဲ့ အတိုင်းဖြေမှ အမှတ်ရမှာမို့ ငါ့ဆီ မှာ ကျူရှင်တက်ပေလော့လို့ဆို တာမျိုးတွေကလည်း ဟိုနားတိုး တိုး သည်နားတိုးတိုးရယ်ပေါ့။
စာရေးသူ အခုပြောချင်တဲ့ ကိစ္စက အဲသည့်အမှတ်ပေးစည်း မျဉ်းဆိုတဲ့ ကိစ္စပါ။
(နှစ်)
အမှတ်ပေး စည်းမျဥ်းကို ဘယ်အချိန်မှာ ထိတွေ့ကြရပါ သလဲ။ ဆယ်တန်းစာမေးပွဲ အဖြေ လွှာတွေ လာစစ်ဆေးတဲ့အချိန် မှာ ထိတွေ့ကြရပါတယ်။ ဘယ် လိုလူတွေက အမှတ်ပေးစည်း မျဉ်းနဲ့ ထိတွေ့ခွင့်ရကြပါသလဲ။ စာစစ်မှူးချုပ်၊ စာစစ်မှူး၊ စာစစ် သူများ ထိတွေ့ခွင့်ရကြပါတယ်။ ပြီးရင်တော့ အဲသည့် အမှတ်ပေး စည်းမျဉ်းဆိုတာကြီးကို ပြန်သိမ်း ထားလိုက်လေတော့ပေါ့။ သို့ သော် အဲသည့် အမှတ်ပေးစည်း မျဉ်းဆိုတာက စိတ်နဲ့ပဲ မှတ်မှတ်၊ လက်ရေးနဲ့ပဲ ကူးကူး၊ မိတ္တူပဲ ဆွဲ ဆွဲ၊ ဓာတ်ပုံပဲ ရိုက်ရိုက် ရနိုင်နေ တဲ့ အရာဝတ္ထုဖြစ်နေလေတော့ ကာ အဲဒါကို လျှို့ဝှက်သလို လုပ် ထားပြီး အဲသည့် လျှို့ဝှက်တဲ့အ ရာကို ထိတွေ့သိရှိခွင့်ရသူတွေက လုပ်စားကိုင်စားနိုင်ခွင့်ရှိသလိုမျိုး ကြီး ဖြစ်နေတာဟာ တကယ့်ကို တော်တည့်မှန်ကန်တဲ့ စီမံခန့်ခွဲမှု မှ ဟုတ်ရဲ့လားဆိုတာ စဉ်းစားဖို့ ကောင်းလာပါတယ်။
အရပ်ဒေသအကွာအဝေး ကြောင့်၊ စာစစ်ဖို့အခွင့်မကြုံတဲ့ အနေအထားကြောင့် အမှတ်ပေး စည်းမျဉ်းမှာ ဘယ်လိုရှိတယ်ဆို တာကို မသိဘဲ ကျောင်းတွင်း၊ ကျောင်းပြင် စာသင်နေကြရရှာတဲ့ ဆရာ၊ ဆရာမတွေခမျာ စမ်းတ ၀ါးဝါးနဲ့ လမ်းသွားနေရတာမို့ တပည့်ကလေးတွေ ရသင့်တဲ့ အမှတ်ကို မရဘဲဆုံးရှုံးသွားခဲ့ရ တာတွေဟာ ကိုယ်ချင်းစာနာဖို့ ကောင်းလှပါတယ်။ ဟိုး ...ဒေသ အစွန်အဖျားက တပည့်ကလေး တွေ။ ကိုယ်ပိုင်ကျောင်းက တပည့်ကလေးတွေ။ စာမစစ်ဖူး သူ ဆရာ၊ ဆရာမတို့ရဲ့ တပည့် ကလေးတွေ။
(သုံး)
ပြိုင်ပွဲတစ်ခုဟာ သူကျင်းပ မယ့် ပြိုင်ပွဲရဲ့စည်းမျဉ်း၊ စည်းကမ်း၊ဥပဒေတွေကို လှည်းနေ လှေ အောင်း မြင်းဇောင်းမကျန် ရှင်း ရှင်းလင်းလင်း တိတိကျကျ ထုတ် ပြန်ပေးထားသင့်တယ်လို့ စာရေး သူတော့ ယူဆပါတယ်။
ဆိုကြပါစို့။ ဘောလုံးကန်တဲ့ အခါ ဘယ်လိုနေရာမှာ သွားရပ် နေတာကို လူကျွံတယ်လို့ ခေါ် တယ်။ ဘောလုံးက ဘယ်သူနဲ့ထိ ပြီး ဘယ်နေရာကို ရောက်သွား ရင် ထောင့်ကန်ဘော၊ ဘေးထွက် ဘောဆိုပြီး ခေါ်တယ်။ ဘယ်လို အနေအထားမျိုးနဲ့ လက်ကိုဘော လုံးထိတော့မှ လက်ထိဘောခေါ် တယ်။ ဘယ်လိုလုပ်တာမျိုးက ပြေးလမ်းပိတ်တာ၊ ဘယ်လိုလုပ် ရပ်မျိုးက အဖျက်ကြမ်းတာဆိုပြီး ထုတ်ပြန်ပေးထားတော့မှ ဘော လုံးကစားတဲ့သူက ဘယ်ဟာကို ရှောင်၊ ဘယ်ဟာကိုဆောင်ဆိုပြီး စည်းကမ်းနဲ့အညီ ကစားနိုင်တော့ မှာပေါ့။ ကျူးလွန်မိရင် ထိုက်သင့် တဲ့ ပြစ်ဒဏ်သူ့ဘာသာသူ ခံပေါ့။ ဘောလုံးပွဲရဲ့ စည်းကမ်းတွေကို ထုတ်ပြန်မထားဘဲ တကယ်လို့ ထုတ်ပြန်ခဲ့သည့်တိုင် ကစားမယ့် သူတွေကို လုံးဝအသိမပေးဘဲ ကြည့်ပြီးတော့သာ ကောင်းမယ် ထင်သလိုသာ ကန်ကြပေတော့ ကွာလို့ လုပ်လို့ ရကောင်းပါရဲ့ လား။
  စာရေးသူရဲ့ ဆန္ဒအရက တော့ အမှတ်ပေးစည်းမျဉ်းဆို တာ ဗြောင်ထုတ်ပြန်ထားရမယ့် အရာပါ။
ဟောသည့် ရူပဗေဒပုစ္ဆာမှာ ယူနစ်မှားရင် ဘယ်နှမှတ်လျှော့ မယ်။ ဟောသည့်ဇီဝဗေဒအဖြေ မှာ ပုံမပါရင် ဘယ်နှမှတ်လျှော့ မယ်။ ဟောသည့် ဓာတုဗေဒမေး ခွန်းမှာ ပုံစာမှားရင် ဘယ်နှမှတ် ပဲ ရမယ်။ ဟောသည့် သဒ္ဒါမေးခွန်း မှာ ဟောသည့်အချက်တွေ အ ကုန်ပါမှ အမှတ်ပြည့်ရမယ်။ အင်္ဂလိပ်စာ Essay ရေးတဲ့အခါ ဟောသည့်သဘောထားမျိုးတွေ ကို အခြေခံပြီးရေးမှ အမှတ်ပေး မယ်။ စာစီစာကုံးရေးတဲ့အခါ စကားပြောသလို မရေးနဲ့။ စသည် စသည် စသည်။
မကောင်းဘူးလားဗျာ။ မြစ် ကြီးနားကနေ ကော့သောင်းအထိ အကုန်သိအောင် ထုတ်ပြန်ပေး ထား။ ဆရာ၊ ဆရာမတွေ အဲသည့် စည်းမျဉ်းနဲ့ ညီအောင် သင်ကြ၊ ကျောင်းသူ၊ ကျောင်း သားတွေ အဲသည့်စည်းမျဉ်းတွေ အတိုင်း လေ့လာ၊ ကျက်မှတ်၊ လေ့ကျင့်။ အဲသည့်အတိုင်းညီရင် အမှတ်ပေးမယ်။ မညီရင် မပေး ဘူး။ အဲဒါမှ မျှတပေတော့မှာပေါ့။ အဲဒါမှ တရားသဖြင့် ဖြစ်တော့မှာ ပေါ့။
  ကျောက သားကလေးတွေ၊ ရင်က သားကလေးတွေ။ တစ် ပြည်လုံးက အဖြူ၊ အစိမ်းကလေး တွေ။သိသူတွေသာ ဖော်စားပြီး မသိသူတွေခမျာ ကျော်ကျော်လွှားလွှားကြီး ဖြစ်ကုန်ကြရမယ့် အနေ အထားကြီးကို မဖန်တီးထားကြပါ တော့နဲ့လား။  ။

မောင်သာချို

No comments:

Post a Comment