အလေ့အထတစ်ခုလို့
ပြောရမလား၊ သဘာဝတရားလို့ပဲ ဆိုမလား၊ အားသာသူက အားနည်းနိမ့်ပါးသူကို တစ်နည်းနည်း
အနိုင်ယူ တတ်ကြတယ်။ ခွန်အားဗလကြီးသူက အားအင်ချည့်နဲ့သူကို ဗလအားကိုးနှင့်
အနိုင်ယူသလို ငွေကြေးပြည့်စုံသူက ဆင်းရဲနွမ်းပါးသူကို အဖတ်မလုပ်၊
ထေ့ငေါ့တာမျိုးလည်း ရှိတတ်တယ်။ ဒီလိုပါပဲ ရုပ်ပိုင်းဆိုင်ရာ အားသာသူက
ကျန်တဲ့သူတွေကို လျှော့တွက်ကြသည်ပဲပေါ့။ (လူတိုင်းကိုမဆိုလိုပါ)။
ကြီးနိုင်ငယ်ညှင်းတယ် ဆိုရာမှာ ထင်သာမြင်သာတဲ့ နှိပ်စက်ဒဏ်ခတ်ခြင်းမျိုးသာမကဘဲ
စကားလုံးတွေနှင့် လည်း နှိပ်စက်နိုင် သည်ပဲပေါ့။ နှလုံးသားထဲ စူးနစ်ဝင်အောင်
ပြင်းပြင်းထန်ထန် ခံစားရခြင်းဟာ ကိုယ်ခန္ဓာကို အနာတရဖြစ်စေတာထက်
နာကျင်ခံစားရတယ်ဆိုတာ ခံစားဖူးသူတိုင်း သိမှာပါ။
တကယ်တမ်းပြောရရင်
အသက်အရွယ်နှင့် အတွေ့အကြုံ ရင့်ကျက်လာသူတွေ၊ ညဏ်အမြော်အမြင်တွေနှင့်
ဆင်ခြင်တတ်သူတွေဟာ ညှင်းပန်းဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြတယ်။ အရာရာကို
ယထာဘူတကျကျ တွေးချင့်ပြီး ဥပေက္ခာပြုနိုင်ကြတာကြောင့် ပဲပေါ့။ စကားလုံးတွေနှင့်
ထိုးနှက်ခံရတဲ့အခါ လေစကားလေထဲပျောက် သဘောမျိုးထားလိုက်ပြီး ဦးနှောက်ထဲက
အပြီးထုတ်လိုက်ရော။ ထုတ်ပစ်ဆို ကိုယ့်ရဲ့အဖိုးတန်အချိန်တွေနှင့် အင်အားကို အလဟာသ
ဖြုန်းတီးမပစ်ချင်တာလည်း တစ်ကြောင်းပေါ့။
လူလတ်လူငယ်
တော်တော်များများကတော့ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းနှင့် အနာဂတ်ဘဝ
သာယာလှပဖို့အတွက် အာရုံစူးစိုက်လေ့ ရှိကြတယ်။ ကြုံလာသမျှ လောကဓံရဲ့အထိုးအနှက်ကို
လုံးဝမခံစားရဘူးလို့ မဆိုနိုင်ပေမယ့် ဆင်ခြင်ဥာဏ်သုံးပြီး ထိန်းနိုင်စွမ်းရှိတယ်။
ဘဝအမောနှင့် သောကတွေကို စိတ်လက် ပေါ့ပါးသွားအောင် ကိုယ့်ကိုယ်ကို
ဖြေသိမ့်နိုင်ကြတယ်။ ယုံကြည်အားကိုးထိုက်သူ တစ်ယောက်ကို အားပါးတရ
ရင်ဖွင့်ပြောပြလိုက်တာနှင့်ပဲ ရင်ထဲမှာခံစားနေရတဲ့ ကြီးနိုင်ငယ်ညှင်း ဒဏ်ကို လျော့ပါးသက်သာသွားအောင်
လုပ်တယ်။ အကြံဥာဏ်ကောင်းတွေ ရယူတယ်။ ကိုယ့်စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင်
ကြိုးစား လေ့ကျင့်ယူတယ်။ ဒါပေမယ့် အတွေးနုပြီး အငိုအရယ်မြန် ခံစားလွယ်တဲ့
ကလေးဘဝကိုလည်း လစ်လျူရှုထားလို့မရပြန်ဘူး။ အထူးသဖြင့်တော့ မိဘရင်ခွင်ကနေ
ဦးဆုံးခွဲခွာစကာလအချိန်၊ မူကြိုအရွယ်ကလေးတွေပဲပေါ့။ ကလေးတွေဟာအန္တရာယ်ဖြစ်လောက်တဲ့
ရန်လိုမှုတွေကို မူကြိုကျောင်းမှာ ခံစားရတယ်ဆိုပါတော့။ အဲဒါတွေကို ကလေးသူငယ်
ပြုစုစောင့်ရှောက်သူတွေအနေနဲ့ လစ်လျူရှုထား လိုက်မယ်ဆိုရင် ဒါဟာ
ကြီးနိုင်ငယ်ညှင်းလုပ်ခြင်းကို အားပေးတဲ့သဘော ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။
အဲဒီကနေ ဆယ်ကျော်သက် အရွယ်ကို ရောက်လာတဲ့အခါ နိုင်ထက်စီးနင်းလုပ်ချင်တဲ့ဆန္ဒက
အမြစ်တွယ်သွားတတ်တယ်။ အနိုင်အထက် ပြုလုပ်တာမျိုးတွေ ဟာ
နေ့ကလေးထိန်းကျောင်းတွေနှင့် မူကြိုကျောင်းတွေမှာလည်း ရှိပါလားဆိုပြီးတချို့က
အံ့သြကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နှစ်၊ သုံးနှစ်အရွယ်ကလေးတွေကလည်း
တစ်ယောက်နှင့်တစ်ယောက် အနိုင်ကျင့်တတ်သလို၊ အနိုင်ကျင့်တာလည်း ခံရတတ်တယ်ကိုး။
တကယ်တော့ ကလေးအရွယ်မှာကလေးတိုင်း အပြစ်ကင်းစင်ကြတယ်လို့ ယေဘုယျအနေနှင့်
ထင်မှတ်ထားတာလည်း တစ်ကြောင်းပေါ့။
ဥပမာဖြစ်ရပ်လေးတွေ
လေ့လာကြည့်ရအောင်ပါ။ ကလေးပြုစုစောင့်ရှောက်ရေး ဌာနတစ်ခုမှာပေါ့ ဆရာမက
အသက်နှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဘောလုံးတစ်လုံးပေးလိုက်တဲ့အခါ
တခြား(အရွယ်နည်းနည်းကြီးတဲ့) ယောက်ျားလေးတစ်ယောက်က မိန်းကလေးလက်ထဲက
ဘောလုံးကိုလုယူလိုက်တယ်။ ဒါပေမယ့် မိန်းကလေးက လျှောက်သွားပြီး ကစားစရာအရုပ်လေးတစ်ရုပ်ကို
ယူလိုက်တယ်။ ဒါကိုလည်း အဲဒီယောင်္ကျားလေးက လုယူလိုက်ပြန်ရော။ ခဏလေးကြာတဲ့အခါ ဒုတိယ
ယောင်္ကျားလေးတစ်ယောက်က ပထမကလေးဆီက ဘောလုံးကိုလုယူလိုက်တော့ ပြန်ရအောင် ကြိုးစားတယ်။
ဒါပေမယ့် မရတဲ့အခါ လက်လျှော့ပြီးထွက်သွားတယ်။ အဲဒီဖြစ်ရပ်အားလုံးကို ဆရာမက
အသေအချာမြင်တယ်။ ဒါပေမယ့် ဘာမှမဟန့်ဘူး။
နောက်ဖြစ်ရပ်တစ်ခုကတော့
လေးနှစ်အရွယ်ကလေးတွေက သစ်သားတုံးတွေနှင့် အိမ်ဆောက်တမ်း ကစားနေကြတယ်။
အဲဒီအချိန်မှာ တခြားကလေးတွေထက် ခေါင်းတစ်လုံးစာပိုမြင့်ပြီး ဝဝတုတ်တုတ်ရှိတဲ့
မိန်းကလေးတစ်ယောက်ရောက်လာပြီး ကလေးတစ်ယောက် စီထားတဲ့ သစ်သားတုံးလေးတွေကို
ခြေထောက်နှင့်ကန်ပစ်လိုက်တယ်။ ကောင်လေးက ဘာမှပြန်မလုပ်ဘူး။ ကျန်တဲ့
သစ်တုံးလေးတွေနှင့် ဆက်ပြီးကစားနေလိုက်တယ်။ ကောင်မလေးက
တခြားကလေးနှစ်ယောက်ဆီသွားပြီး သူတို့ရဲ့သစ်သားတုံးလေးတွေ ပြန့်ကျဲသွားအောင်
ကန်ပစ်လိုက်တယ်။ အဲဒီကလေးနှစ်ယောက်ကလည်း ဘာမှပြန်ပြီးမတုန့်ပြန်ကြပါဘူး။
တကယ်တော့
နိုင်ထက်စီးနင်းလုပ်တယ်ဆိုတာဟာ ရန်လိုတဲ့အပြုအမူတစ်ခုဖြစ်ပြီး
ခွန်အားမညီမျှခြင်းဟာ အပြစ်ကျူးလွန်သူကို မျက်နှာသာပေးတဲ့ သဘောပါပဲလို့
သတ်မှတ်ထားတယ်။ ဒါဟာ တရားမျှတမှုမရှိတဲ့လုပ်ရပ်ပါပဲ။ အထူးသဖြင့်တော့ ကလေးတွေအကြား
နိုင်ထက်စီးနင်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်ပြီး
အနိုင်ယူတာမျိုးပဲပေါ့။ တစ်စုံတစ်ယောက်ကို (နှိမ်တဲ့သဘောနှင့်) နာမည်ပြောင်ခေါ်တာ၊
မခံချင်အောင် တမင်တကာ နောက်ပြောင်ကျီစယ်တာတွေဟာ ကြီးနိုင်ငယ်ညှင်းလုပ်တဲ့
သဘောပါပဲ။
“ထွက်သွားစမ်း”
“နင့်မျက်နှာကိုငါမမြင်ချင်ဘူး” ဆိုတဲ့စကားရပ်တွေဟာ လူငယ်တွေအတွက်
အခံရခက်လွန်းပါတယ်။ အားမတန်လို့ ပြန်မပြောသာလို့သာ ငြိမ်နေလိုက်မယ်။ ရင်ထဲမှာတော့
ကြိတ်မနိုင်ခဲမရ ဖြစ်မိတာအမှန်ပါပဲ။ ဒီလိုပါပဲ ကလေးဘဝတုန်းကဆို “သွားသွား၊
နင်နဲ့မကစားချင်ဘူး” ဆိုတဲ့စကားတစ်ခွန်းကြောင့် သိပ်ကိုခံစားရသည်ပေါ့။
အဲဒီလိုစကားလုံးတွေနှင့် အနိုင်ကျင့်တာ၊ ကိုယ်ထိလက်ရောက်စော်ကားတာတွေကို
မြင်လိုက်ရတာနှင့် တစ်ပြိုင်နက်တရား မျှတအောင် ဖြေရှင်းဆောင်ရွက်ပေး ရမှာက မိဘတွေ၊
လူကြီးသူမတွေနှင့် ကလေးပြုစုစောင့်ရှောက် သူတွေပဲပါပဲ။ ပေါ့ပေါ့တန်တန် သဘောထားပြီး
မမှန်မကန်ဖြေရှင်းပေးတာ၊ လစ်လျူရူနေလိုက်တာတွေဟာ ကလေးတွေရဲ့ရင်ထဲမှာ စိတ်ဒဏ်ရာ
ရသွားတတ်တာမို့ ဒီကိစ္စမျိုးတွေဟာ သာမန်လို့ထင်ရသည့်တိုင်ဘဝမှာ သိပ်ကိုအရေးပါပါတယ်။
ငယ်ငယ်လေးကတည်းက
အနိုင်ကျင့်ခံခဲ့ရဖန်များတဲ့အခါ လူငယ်ဘဝရောက်လာရင်လည်း သိမ်ငယ်စိတ်က
လွှမ်းမိုးနေတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဘဝမှာအောင်မြင်သူဖြစ်လာဖို့
ငယ်ဘဝဟာ သိပ်ကိုအရေးကြီးတဲ့ အချိန်ကာလဆိုတာ မမေ့သင့်ဘူး။ နောင်တစ်ချိန်မှာ
မိဘနေရာကို ရောက်လာကြမယ့် လူငယ် လူရွယ်တွေအနေနှင့်လည်း နိုင်လိုမင်းထက်လုပ်တာ၊
ဒါမှမဟုတ်ခံရတာတွေကို အလေးထား ဆင်ခြင်သင့်တယ်ဆိုတဲ့အကြောင်း ……။
နှင်းဆီခင်

No comments:
Post a Comment