Friday, January 9, 2015

အနာဂတ် တိုင်းပြည်သားကောင်း ရတနာ ကလေးငယ်များပြုစု ပျိုးထောင်ရေး

ကလေးများဟာ တိုင်းပြည်ရဲ့ အနာဂတ် မျှော်လင့်ချက်ပဲဖြစ်တယ်။ ကလေးတွေဟာ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်ပဲဖြစ်တယ်။ ကလေးများ မိမိကိုယ်မိမိ ယုံကြည်မှု ရှိလာစေရန်၊ ထက်မြက်သွက်လက်စေရန် ပြုစုပျိုးထောင်မှု နည်းများကို မိဘတွေက သိရှိဖို့ လိုတယ်။ ကလေးများကို နားလည်ဖို့ ကြိုးစားရမယ်။ နားလည်ဖို့ဆိုရင် နား ထောင်ဖို့လည်း လိုအပ်တယ်။ ကလေးပြောတာနားထောင်မှ မိဘက ကလေးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်။
ကလေးနဲ့မိဘ နွေးထွေးစွာနေတဲ့ အချိန်တွေမှာ ယုံကြည်မှုရှိအောင်၊ ထက်မြက်အောင်၊ သွက်လက်အောင် ဘယ်လိုပြုစု ပျိုးထောင်ရမလဲဆိုတာကို သိရှိနိုင်ဖို့လိုတယ်။ ကလေးနဲ့နေရတဲ့ အချိန်မှာ ကလေးပေါ်မှာသာ အာရုံထားရမယ်။ မအားတဲ့ကြားထဲကပဲ ကလေးအတွက် အချိန်ပေးရမယ်။ ကလေးနဲ့နေရတဲ့အချိန်ကို ဘာနဲ့မှမလဲဖို့ လိုတယ်။
ကလေးတွေကို အားပေးရမယ်။ ဖိအားမပေးရဘူး။ မှန်ကန်တဲ့ အပြုအမူနဲ့ လုပ်ရပ်အပေါ်မှာ အသိအမှတ်ပြုရမယ်။ အသိအမှတ်ပြု ခံရတဲ့ကလေးဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အားကောင်းလာစေမှာ ဖြစ်တယ်။ ကလေးနဲ့ စကားပြောရမယ်။ ကလေးနဲ့ ကစားရမယ်။ ကလေးနဲ့ စာဖတ်ရမယ်။ ကလေးကို ပုံပြောပြရမယ်။ ကလေးနဲ့အတူတူ စားရမယ်။ ကလေးပြုစုရာမှာ မိခင်နဲ့ဖခင် ရှေ့နောက်ညီဖို့လိုတယ်။ ကလေးကို ပြုစုပျိုးထောင်ရေး စီမံကိန်းကို မိဘနှစ်ပါးက တိုင်ပင်ပြီး ဆောင်ရွက် ဖို့လိုတယ်။ ဘယ်ကလေးကိုမဆို ကျောသားရင်သား မခွဲခြားဘဲ သာတူညီမျှချစ်ဖို့လိုတယ်။ အကြီးဆုံးဖြစ်လို့၊ အလတ်ဖြစ်လို့ အငယ်ဆုံးဖြစ်လို့၊ တစ်ဦးတည်းသောသား သို့မဟုတ် သမီးဖြစ်လို့ ချစ်တာမျိုးရှောင်ရမယ်။ ကလေးကို သူ့လွတ်လပ်ခွင့်အတိုင်း စိတ်လွတ် ကိုယ်လွတ်ထား ရင် ကောင်းကျိုးအနေနဲ့ အကင်းပါးတဲ့ကလေး၊ ဖျတ်လတ်တဲ့ ကလေး၊ ဥာဏ်ထက်မြက်တဲ့ ကလေးဖြစ်လာနိုင်သလို၊ ဆိုးကျိုးအနေနဲ့ ကလေးဟာ ထော်လော်ကန့်လန့် လုပ်လာမယ်။ ထောင့်မကျိုးတဲ့ကလေး ဖြစ် လာမယ်။
ကာကွယ်နည်းများအနေနဲ့ ဘာသာတရား အဆုံးအမကို ခံယူစေရမယ်၊ ဘုရားတရား အဆုံးအမတွေကို ရှင်းပြရမယ်။ လူ့ကျင့်ဝတ်ဆိုင်ရာတွေကို ရှင်းပြရမယ်။ မိဘကိုယ်တိုင် စံပြနေထိုင်ပြရမယ်။ ဒါမှကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့ ယုံကြည်မှုပြည့်တဲ့ ဖျတ်လတ် တက်ကြွဥာဏ်ရည် ထက်မြက်တဲ့ အနာဂတ် ကလေးများ ဖြစ်လာစေနိုင်ပါလိမ့်မယ်။ ကလေးများအတွက် လှုံ့ဆော်မှုကောင်းတဲ့ ပတ်ဝန်းကျင် ဖြစ်စေရမယ်။ ကလေးများရဲ့ တိုင်ပင်ပြောပြတာကို နားထောင်ပေး ရမယ်။ ကလေးအတွက် အချိန်ပေးရမယ်။ သီးခြား အစီအစဉ်နဲ့ ကလေးငယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ အပန်းဖြေမှု၊ အိပ်ချိန်၊ စားချိန်၊ စာကျက်ချိန်ကအစ ဦးဆောင်သွားရမယ်။ ကလေးငယ်အပေါ် ချမှတ်ထားတဲ့ စည်းကမ်း မလိုက်နာလို့ ပြင်းပြင်းထန်ထန် အပြစ်ပေးတာမျိုး ဆင်ခြင်ရမယ်။ ကလေးငယ်နဲ့ ဆက်သွယ် မှု ချောမွေ့ရမယ်။ မိဘနှစ်ပါးရန်ဖြစ်ရင်တောင် ကလေးရှေ့မှာ မဖြစ်ဖို့လိုတယ်။ ကလေးငယ်ဟာ အတုမြင်အတတ်သင် ဖြစ်တဲ့အတွက် စော်စော်ကားကား နင့်နင့်သီးသီး စကားတွေကို မခံစားနိုင်ဘူး။ ဒါကြောင့် ကလေးမရှိတဲ့အချိန်မှ ရန်ဖြစ်သင့်တယ်။ ဒါမှမဟုတ် ကလေးမကြားတဲ့ နေရာသွားပြီးမှ ခွန်းကြီးခွန်း ငယ် ပြောသင့်တယ်။ ကလေးငယ်အပေါ် ချစ်တဲ့အချစ်ဟာ ရေရှည်အချစ်ဖြစ်ပြီး နွေးထွေးတဲ့ ပြုစုစောင့်ရှောက်မှု ပေးရမယ်။ သိမ်မွေ့တဲ့ ကလေးငယ်တိုင်း ညီတူညီမျှ ချစ်ကြရမယ်။
ကလေးငယ်အပေါ် အများကြီး မျှော်လင့်တာမျိုး မဖြစ်သင့်ဘူး။ ဆရာဝန်ဖြစ် စေချင်တာနဲ့ စာကျက်မှတ်ကြိုးစားစေတာ ကောင်းပေမဲ့ကလေးက မလိုက်နိုင် ရင် လောဘကြီးတဲ့ မိဘကို ကလေးက အကောင်းမမြင်တော့ဘဲ အမုန်းပွားစရာတွေ ဖြစ်လာနိုင်တယ်။ ''ကိုယ်ရော ဆရာဝန် ဖြစ်ခဲ့ရဲ့လား'' ဒါမှမဟုတ် ဖြစ်ချင်တာတွေ အားလုံး ဖြစ်ခဲ့ရဲ့လား ဆိုတာကို မေးခွန်းထုတ်ပြီး ကိုယ်ချင်းစာစိတ်နဲ့ ကလေးကို ဖေးမ တွဲခေါ်ညွှန်ပြသွားဖို့သာ လိုတယ်။ ကိုယ့်သားဟာ ကိုယ့်သားပါပဲလို့ တွက်ရမယ်။

No comments:

Post a Comment