Sunday, January 25, 2015

မိုဘိုင်းဖုန်းနှင့်လူငယ်များ

မြန်မာဆိုရိုးစကားများတွင်''သုံးတက်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး'' ဟူသော ဆိုရိုးစကား တစ်ခု ရှိပါသည်။ ယနေ့ မျက်မှောက်ကမ္ဘာကြီးတွင် အလျင် အမြန် တိုးတက်မှု အရှိန်အဟုန်မြင့်မား လာနေသော အိုင်တီခေတ်ကြီးတွင်မိုဘိုင်းဖုန်းများသည် တစ်နေ့ထက် တစ်နေ့နည်းပညာ မြင့်မား မှုများ၊ ထွင်မှုများဖြင့် လူသားအားလုံးအတွက် အကျိုးပြုနေပေသည်။ ၎င်းမိုဘိုင်းဖုန်းများကို နည်းမှန်၊ လမ်းမှန် အကျိုးရှိစွာ သုံးတတ် ပါက သုံးစွဲသူမျာေးအတွက် အလွန်အကျိုးများစွာရရှိနိုင်သော်လည်း နည်းမှန်လမ်းမှန် မသုံးစွဲတတ် ဘဲတလွဲသုံးစွဲနေပါက ဘေးထွက်ဆိုးကျိုးများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရ တတ်ပါသည်။
စာရေးသူပတ်ဝန်းကျင်မိသားစုများတွင် အလယ်တန်း၊အထက်တန်း ကျောင်းသားလူငယ်များ၏ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများ၊ မိုဘိုင်းဖုန်းကို လိုအပ်သည်ထက် ပိုမိုသုံးစွဲမှုများအား မြင်တွေ့နေရာ ယင်းကျောင်းသားလူငယ်လေးများ၏ ရင်လေးစရာများကို တင်ပြလိုက်ရပါသည်။

မိုဘိုင်းဖုန်းကိုယ်စီရှိကြသော ယနေ့ကျောင်းသား လူငယ်များတွင် ခုနစ်ဆယ်ရာ ခိုင်နှုန်း ခန့်မှာ သုံးစွဲနည်းသုံးစွဲချိန်များ မှားယွင်းစွာသုံးစွဲနေကြသည်ကို ရင်လေးစရာ တွေ့မြင်နေရပါ သည်။ ကျောင်းကားစောင့်နေသည့် အချိန်များတွင်လည်းကောင်း၊ ကျောင်းကားပေါ်တွင်လည်းကောင်း၊ စာသင်ခန်း အတွင်း အားလပ်သည့်အချိန် တစ်ခဏအတွင်းတွင်လည်းကောင်း ဂိမ်းမျိုးစုံဆော့ ကစားနေတတ်ပါသည်။ နေ့စဉ်စာကျက်ချိန်များတွင်လည်း မိဘလူကြီးများ မသိအောင် စာမကျက်ဘဲ ဂိမ်းဆော့ခြင်း၊ အင်တာနက်၊ ဖေ့စ်ဘွတ်များ ကြည့်ရှုကြပါသည်။ မိဘများသည် မိမိတို့၏ သားသမီးများ လူနေမှုအဆင့်အတန်း တိုးတက်လာစေရန်လည်းကောင်း၊ ဗဟုသုတများ ရရှိစေရန် လည်းကောင်း ငွေကြေးအကုန်ကျခံကာ လုပ်ဆောင်ခဲ့ကြသော်လည်း ကျောင်းသား လူငယ်များနှင့် လုံးဝမအပ်စပ်သော အခန်းကဏ္ဍများကို ထိုးဖောက် ဝင်ရောက်ကြည့် ရှုနေကြသော ကျောင်းသား လူငယ် အများအပြားတွေ့ရှိရ ပါသည်။ အဆိုးဆုံးမှာ ညစ်ညမ်းသောပုံများ၊ ဇာတ်လမ်းများကို လက်ဆင့်ကမ်းမျှဝေ ကြည့်ရှုနေကြရာ ယင်းလူငယ် ကျောင်း သားလေးများ ၏ စာရိတ္တ၊ အကျင့်စရိုက် များ ပျက်စီးမှု လမ်းကြောင်းပေါ်သို့ တွန်းပို့ပေးနေသော အနေအထားသို့ ရောက်ရှိနိုင်ပါသည်။

မိုဘိုင်းဖုန်းများကို လိုအပ်သည်ထက် အချိန်ကြာမြင့်စွာပြောဆိုခြင်းသည် အသံလှိုင်း၏ ရိုက်ခတ်မှု ကြောင့် ဦးနှောက်ရောဂါများဖြစ်ပေါ်တတ်ခြင်း၊ ဂိမ်းများကို အချိန်ကြာမြင့်စွာ ကြည့်ရှုဆော့ကစား မှုကြောင့် အမြင်အာရုံ ချို့ယွင်း မှုများ ခံစားရပုံကို သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် သုတေသန ပညာရှင်များ၏ ထုတ်ပြန်ကြေညာချက်များအား အလေးထားလိုက်နာရှောင်ရှားသင့်ပေသည်။ ယနေ့အချိန်ကာလ သည် ကျောင်းသားလူငယ်များ၏ တန်ဖိုးရှိသော အချိန် ကာလပင်ဖြစ်ပါသည်။ ယင်းကဲ့သို့ တန်ဖိုးရှိလှသော အချိန်ကာလများတွင် အကျိုးမဲ့သော အချိန်ဖြုန်းတီးနေမှုများကို ကျောင်းသားလူငယ်များ အထူးဂရုပြုရှောင်ရှားကြရန် တိုက်တွန်းလိုက်ရပါသည်။


No comments:

Post a Comment