Friday, January 30, 2015

ဘ၀အတွက် လိုအပ်တဲ့ စွမ်းရည်များ

ယနေ့ကမ္ဘာမှာ ယှဉ်ပြိုင်မှုတွေဟာ ပိုမိုများပြားလာပါတယ်။ ဒီလို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ဒီနေ့ခေတ် ကလေးတွေအတွက် ဘ၀ဆိုတာ ကျောင်းမှာ စာလိုက်နိုင်ဖို့၊ အဆင့် A တွေရအောင် လုပ်ဖို့၊ အနာဂတ် မှာ အောင်မြင်အောင် လုပ်ဖို့ အမှန်တရားကို ပြောတတ်ဖို့တင်မကတော့ပါဘူး။ ကျောင်းမှာ ဒီနေ့ခေတ်သင်ယူရတဲ့ သင်္ချာ၊ အင်္ဂလိပ်စာ၊ သိပ္ဗံနှင့် တခြား၊ ကျောင်းသင်ဘာသာရပ်တွေထက် ကျော်လွန်ပြီး အသိပညာတွေ ပိုမိုရယူဖို့ လိုအပ်လာပါတယ်။
မိဘများအနေနဲ့ မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရတာလေးတွေကို ခဏလောက် ပြန်တွေးကြည့်ပါ။ ကျွန်တော် တို့တွေ ကျောင်းက ထွက်ခဲ့ကြတဲ့အခါ ကျောင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာလေးတွေ မျှလောက်နဲ့ ကျွန်တော် တို့ဟာ တကယ့် လူ့ဘ၀ဇာတ်ခုံပေါ်က စိန်ခေါ်မှုတွေကို ရင်ဆိုင် ကိုင်တွယ်ဖို့အရည်အချင်း ပြည့်မီလို့လား။ တကယ့် လူ့ဘ၀ ဇာတ်ခုံပေါ်မှာ အနည်းနဲ့ အများ အမှားတွေ လုပ်မိကြတာကိုလည်း ကျွန်တော်တို့အများစု ကြုံဖူးကြမှာပါ။
“အတွေ့အကြုံဆိုတာ ခင်ဗျားကို သင်ကြားပေးတဲ့ ဆရာတွေထဲက လူမဆန်ဆုံးဆရာပဲ။ မဟုတ်ဘူးလားဗျာ” လို့ စာရေးဆရာ စီ၊ အက်စ်၊ လူးဝစ်က ရေးဖူးပါတယ်။ ဘယ်သူမှ ဒီ့ထက် ကောင်းအောင် မဖော်ပြနိုင်သေးပါဘူး။ လူတွေ အများစုကလည်း ပြောကြပါတယ်။ “အတွေ့အကြုံက ရလာတဲ့ အမှားတွေကနေ သင်ယူခြင်းဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ”တဲ့။
ဒါပေမဲ့ ဘ၀အတွက် လိုအပ်တဲ့ စွမ်းရည် (Life Skills) တွေကို ပြင်ဆင်ထားမယ်ဆိုရင် အကျပ်အတည်း ပြဿ နာတွေ ဖြစ်ပေါ်မှုနည်းအောင်၊ ဖြစ်လာခဲ့ရင် ထိထိရောက်ရောက်နဲ့ ရင့်ကျက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ အသင့်ဖြစ်နေစေပါလိမ့်မယ်။ ဘ၀အတွက် တချို့သော စွမ်းရည်တွေကို သင့်ရဲ့ ကလေးအတွက် ကြိုတင်ပြင် ဆင်ပေးထားလို့ ရနိုင်ပါတယ်။ စာသင်ကျောင်းအများစုက ဘ၀အတွက် စွမ်းရည်တွေကို အတိအကျ ပြဋ္ဌာန်း သင်ကြားပေးခြင်းလည်း မရှိကြပါဘူး။ ဒါကြောင့် ကလေးမှာ ဒီစွမ်းရည်တွေရအောင် သင်ယူဖို့ဆိုတာ မိဘတွေ အပေါ်မှာ မူတည်နေပါလိမ့်မယ်။

ဘ၀အတွက် စွမ်းရည်ဆိုတာ ဘာတွေလဲ
ဘ၀အတွက် စွမ်းရည် (Life Stills) ဆိုတာ အခြေခံအားဖြင့်တော့ သင့်ရဲ့ကလေးကို ဘ၀မှာ အောင်မြင်စွာ အသက်ရှင်သန်နေထိုင်ဖို့ ဘ၀ရဲ့ နယ်ပယ်တွေအတွက် လိုအပ်တဲ့ အဓိကသော့ချက်တွေပေးမယ့် နည်းနာနိဿယတွေ၊ စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေပါပဲ။ ဥပမာ - ပိုက်ဆံစုဆောင်းခြင်းဟာ များစွာသော လူကြီးတွေအတွက် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပိုင်နိုင်ဖို့ ခက်တဲ့ ဘ၀အတွက် စွမ်းရည်တစ်ခုပါ။ တကယ်လို့ ကလေးဘ၀မှ မိမိ အသုံးစရိတ်ထဲက တချို့တစ်ဝက်ကို စုဆောင်းတတ်တဲ့အခါ လူကြီးဘ၀ရောက်ရင် ဒီစွမ်းရည်ကို သုံးစွဲဖို့ ကျွမ်းကျင်ကြောင်း တွေ့ရပါလိမ့်မယ်။ ဘ၀အတွက် စွမ်းရည်ဆိုတာတွေကတော့ အိမ်ထောင်ထိန်းကိစ္စ၊ လမ်းတွေကို နှံ့စပ်ကျွမ်းကျင်စွာ သွားတတ်ခြင်း၊ ခြိုးခြံချွေတာခြင်းစတဲ့ လွယ်ကူရိုးရှင်းတဲ့ အလုပ်ကလေးတွေကစပြီး ဘယ်လို အလုပ်ဖြစ်အောင် လုပ်ရမလဲဆိုတာ သိခြင်း၊ ဆန်းစစ်ဝေဖန်စဉ်းစားတတ်ခြင်း၊ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားတတ်ခြင်း၊ အပြုသဘောစဉ်းစား တတ်ခြင်း၊ တခြားသူတွေ ပြောတာကို နားလည်အောင် နားထောင်ဂရုစိုက်မှု ပေးတတ်ခြင်း၊ လူတွေကို ဘယ်လိုစည်းရုံးရမလဲဆိုတာ သိခြင်းစသည်ဖြင့် ရှုပ်ထွေးတဲ့ စွမ်းရည်တွေအထိ ရာနဲ့ချီတဲ့ စွမ်းရည်တွေ ကွဲပြားစွာ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီစွမ်းရည်တွေ ဘယ်လောက်ပဲ များပြားလှတယ်လို့ပဲ ထင်ထင်အရေးမကြီးလှပါဘူး။ အားလုံး ခြုံလိုက်ရင် ထင်ရှားတဲ့ နယ်ပယ် ၃ ခု ခွဲခြားနိုင်ပါတယ်။ 
 
အဲဒီ ၃ ခုကတော့
၁။ စဉ်းစားတတ်မှုစွမ်းရည်
၂။ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်နဲ့
၃။ မှန်ကန်စွာ စိတ်လှုပ်ရှားတတ်မှု စွမ်းရည်တို့ပါပဲ။

စဉ်းစားတွေးခေါ်ခြင်း စွမ်းရည်
စဉ်းစားတွေးခေါ်တယ်ဆိုတာ ကလေးရဲ့ သူ့စိတ်တွင်းကမ္ဘာလောကထဲမှာ အစီအစဉ်ချ လုပ်ဆောင်နေတာကို ရည်ညွှန်းတာပါ။ ကလေးရဲ့ တွေးခေါ်စဉ်းစားပုံဟာ သူ့ရဲ့ နေ့စဉ်ဘ၀ လုပ်ငန်းတွေအတွက် ပါးနပ်တဲ့ ဆုံးဖြတ်ချက် ချရာမှာ သေချာစေဖို့ မရှိမဖြစ် အရေးပါပါတယ်။ ဒီနေ့ခေတ် ကလေးတွေအတွက် ထောင်နဲ့ချီတဲ့ သတင်းအချက် အလက်တွေ မဟုတ်ရင်တောင် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကထက် ပိုပြီး ရာနဲ့ချီတဲ့ သတင်းအချက်အလက်တွေကို ထိတွေ့ကိုင်တွယ်နေရပါတယ်။ ဒါကြောင့် သေးငယ်တဲ့ သတင်းအချက်အလက်တစ်ခုကို တန်ဖိုးရှိတဲ့ သတင်းအချက် အလက်အဖြစ် ပြောင်းလဲ၍ သူ့ရဲ့ အဓိပ္ဗါယ်ကို ခွဲခြမ်းစိတ်ဖြာစိစစ်ပြီး တခြား သတင်းအချက်အလက်တွေနဲ့ ဆက်စပ်ကြည့်မြင်တတ်တဲ့ စွမ်းရည်ဟာ ဒီနေ့ခေတ်မှာ ကလေးတွေအတွက် အသက်ရှင်ရပ်တည်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီသတင်းအချက်အလက်တွေနဲ့ဘာတွေလုပ်မလဲလို့ ဆုံးဖြတ်ချက် မြန်မြန်ချမှတ်နိုင်ခြင်းဟာ သင့်ကလေး ကို အများထက် နှာတစ်ဖျားသာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး စဉ်းစား တွေးခေါ်တတ်မှုစွမ်းရည်ဟာ သင့်ကလေးအတွက် မိမိပတ်ဝန်းကျင်ကို အကဲဖြတ်နိုင်ဖို့အတွက်လည်း အရေးကြီးပါတယ်။ ကလေးကို စူးစမ်းလိုတဲ့ မေးခွန်းများ မေးချင်လာအောင် လေ့ကျင့်ပေးခြင်း၊ အားပေးခြင်းတို့က သူ့ရဲ့ စဉ်းစားတွေးခေါ်တတ်မှု ဖွံ့ဖြိုးလာစေဖို့ အထောက်အကူ ပေးပါလိမ့်မယ်။ သင့်ရဲ့ကိုယ်ပိုင် မေးခွန်းတွေကို ကလေးအား မေးပေးပြီး သူ့ကို ဖြေစေခြင်းကလည်း သင့်အတွက် စိတ်ကူးအချို့ ရစေနိုင်ပါတယ်။ ကလေးက ဆန်းသစ်တဲ့စိတ် အတွေးတွေနဲ့ ပြန်လည်ဖြေကြားပုံကလည်း သင့်ကို အံ့အားသင့်နေစေပါလိမ့်မယ်။

လူမှုဆက်ဆံရေးစွမ်းရည်
လူမှုဆက်ဆံရေးစွမ်းရည်ဟာ အားရကျေနပ်ဖွယ်ရာ လူမှုသံယောဇဉ် တစ်ခုကို တည်ဆောက်ရာမှာ မရှိမဖြစ် အရေးပါပါတယ်။ လူ့အဖွဲ့အစည်းက သင့်တော်တယ်လို့ သတ်မှတ်ထားတဲ့ လူမှုဆက်ဆံရေး အပြုအမူတွေကို ကလေးအနေနဲ့ သင်ယူထားဖို့အရေးကြီးပြန်ပါတယ်။ ကလေးဟာ လူတွေနဲ့ဆက်ဆံရာမှာ မှားယွင်းမှုအချို့ကို မလွဲမရှောင်သာ လုပ်မိပါလိမ့်မယ်။ ကလေးဘ၀ရဲ့ ဒီအမှားလေးတွေကို ပြုပြင်ပေးဖို့ကတော့ မိဘတွေရဲ့ရှေးဦး တာဝန်တစ်ရပ်ပါ။ ကလေးဟာ ဘယ်ဟာက လူမှုရေးအရ လက်ခံနိုင်ဖွယ်ရှိတယ်။ ဘယ်ဟာတွေကတော့ လူတွေကြိုက်မှာ မဟုတ်ဘူး စသဖြင့် သိဖို့သင့်ဆီက တုံ့ပြန်မှုတွေက တစ်ဆင့်သင်ယူသိရှိလာရတာပါ။ ဘယ်ဟာက ယဉ်ကျေးတယ်၊ ဘယ်ဟာက ရိုင်းတယ် စသဖြင့် လည်း လူကြီးတွေဆီက တစ်ဆင့်သင်ယူရတာပါ။ မိမိအသုံးပြုလို့ ညစ်ပတ်သွားတဲ့အရာတွေကို ဒီအတိုင်းထားသွားလို့ တခြားသူတွေကယူပြီး ဆေးကြောရရင်မကောင်းဘူး။ ကိုယ်က သုံးလို့ညစ်ပတ်သွားရင် ပြန်ပြီး ဆေးကြောခဲ့ဖို့လိုတယ် စသဖြင့် သင်ကြားပေးရပါတယ်။
ဒါပေမဲ့ ဒီလူမှုဆက်ဆံရေးစွမ်းရည်တွေကို ဆည်းပူးရတယ်ဆိုတာ တစ်ခဏတာလေးနဲ့တော့ မရပါဘူး။ ဒီစွမ်းရည်တွေဟာ လူမှု ဆက်ဆံရေးအခြေအနေတွေနှစ်နဲ့ချီပြီး ထိတွေ့၊ လေ့လာရှုမှတ်၊ ဆွေးနွေး၊ အလေ့အကျင့် လုပ်၊ ပြန်သိလာရာကနေ ဖွံ့ဖြိုးလာရပါတယ်။ ကလေးတွေ အရွယ်ရလာတဲ့အခါ လူကြီးတွေနဲ့ပိုပိုပြီး တုံ့လှယ် ဆက်ဆံလာရပါတယ်။ မိဘတွေရဲ့ တိုက်ရိုက်ကွပ်ကဲမှုတွေ လုပ်ဖို့မဖြစ်နိုင်တော့ပါဘူး။ တခြားသူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ မိဘတွေက အိမ်မှာ သင်ကြားပေးလိုက်တာအပေါ်မှာ အခြေခံပြီး ကလေးဟာ သူငယ်ချင်းတွေ ဖွဲ့ရပါတယ်။ ချက်ချင်းပဲ လူတွေနဲ့ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိလာပါတယ်။ ကြီးပြင်းရင့်ကျက် လာတဲ့အခါ မိမိရဲ့ဆက်ဆံရေးစွမ်းရည်တွေ ပိုကောင်းမွန်အောင် ပြုပြင်လုပ်ဆောင်ရပါတယ်။

စိတ်လှုပ်ရှားမှု စွမ်းရည်
စိတ်လှုပ်ရှားမှု စွမ်းရည်ဆိုတာကတော့ ထင်ရှားပေါ်လွင်ကောင်းမှ ပေါ်လွင်ပါလိမ့်မယ်။ ဒါပေမဲ့ ကလေးရဲ့ အနာဂတ်အောင်မြင်မှုတွေအတွက် အထောက်အကူပြုရာမှာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီစွမ်းရည်တွေထဲမှာ စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့ နည်းတွေ၊ ကိုယ်ဘာတွေခံစားနေရတယ်ဆိုတာ သိမြင်သတိထားနိုင်မှုတွေ ကိုယ့်ကို သူများက မခိုင်းရဘဲ ကိုယ်လုပ်စရာရှိတာတွေကို လုပ်ဖို့ သိဖြင်မှုတွေ၊ တခြားသူရဲ့ ရှုထောင့်ကနေ ကြည့်မြင် ခံစားတတ်မှုတွေ၊ ပြောဆိုစရာရှိတာကို ရဲရဲဝံ့ဝံ့ပြောရဲဆိုရဲတဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ဘ၀ကို ဖြေရှင်းဖို့ မွေးဖွားစဉ်က တူညီသော စိတ်လှုပ်ရှားမှုဆိုင်ရာ တုံ့ပြန်မှုတွေ ပါရှိလာခဲ့ကြသော်ငြားလည်းဆိုလိုတာက ပျော်တတ်၊၀မ်းနည်းတတ်၊ ဒေါသထွက်တတ်ခဲ့ စွမ်းရည်တွေ ပါရှိလာသော်ငြားလည်း တခြားသူရဲ့ ရှုထောင့်က ကြည့်မြင် တတ်ဖို့၊ မိမိရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းတတ်ဖို့ ဆိုတာကိုတော့ မွေးဖွားပြီးမှ သင်ယူရရှိလာရတာဖြစ်ပါတယ်။ အမေရိကန် စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဂိုလ်မင် ကတော့ မှန်ကန်စွာ စိတ်လှုပ်ရှားတတ်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်တာဟာ လူတွေနဲ့ တုံ့လှယ်ဆက်ဆံရာမှာ ထူးခြား တဲ့ အားသာချက်တွေရှိပါတယ်။ ကလေးငယ်တွေဟာ ဒီစွမ်းရည်တွေကို သူများဆီက အတုခိုးသင်ယူနိုင်ပါတယ်။ ဒီလို အတုခိုးမှုကနေ သူတို့ရဲ့ စိတ်လှုပ်ရှားမှု စွမ်းရည်ကို ဆည်းပူးရရှိဖို့ လွယ်ကူစေပါလိမ့်မယ်။

ဒါကြောင့် သင့်အနေနဲ့ သင့်ကလေးရဲ့ရှေ့က စံနမူနာ လုပ်ဆောင်ပြသူတစ်ဦးဖြစ်အောင် နေဖို့အရေးကြီးပါတယ်။ ဥပမာ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တစ်ခုကြုံတွေ့လာတဲ့အခါ ဘယ်လိုထိန်းသိမ်း၊ ကိုင်တွယ်ရမလဲဆိုတာ သင်ပြပေးပါ။ သင့်အနေနဲ့ စိတ်ကူးယဉ်။ဇာတ်ကောင်တွေပါတဲ့ ဇာတ်လမ်း၊ ပုံပြင်လေးတွေ ကလေးကို ပြောပြလိုကောင်း ပြောပြ လိုပါလိမ့်မယ်။ အဲဒီအထဲက အခြေအနေမျိုးကြုံရင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ ကလေးကို မေးမြန်းလေ့ ကျင့်ပေးပါ။ တခြားသူများရဲ့အတွေ့အကြုံများကို ဆက်နွယ်ခံစားနိုင်ခြင်းဟာ သင့်ကလေးကို တခြားသူရဲ့ ရှုထောင့်မှ ကြည့်မြင်ခံစားတတ်တဲ့ စိတ်လှုပ်ရှားမှု စွမ်းရည်ရအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

►ဒေါက်တာ မြင့်လွင် (စိတ်ပညာ)

Babi Mild မှ တင်ဆက်သည်။

No comments:

Post a Comment