Friday, January 30, 2015

မိဘများ၏ မှားယွင်းတတ်သော သင်ကြားမူများ

ကလေးမွှေးတတ်တိုင်း မိဘကောင်း မဟုတ်ပါဘူး၊
ပညာရှင်များ၏ လေ့လာတွေ့ရှိချက်တွေအရ မိမိရင်သွေး ကလေးများ၏ ဘ၀တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက် တဲ့ မိဘများစွာရှိပါတယ်။
အောက်ပါအချက် ( ရ ) ချက်အတိုင်း ပြုမူကျင့်ကြံခဲ့ကြမယ်ဆိုရင် ကလေးကိုဖျက်ဆီးရာရောက်ပါတယ်။
ဝမ်းနည်းစရာ ကောင်းတာကတော့ ကျွန်တော်အပါအ၀င် မိဘများစွာတို့ဟာ အဆိုပါအချက်တွေကို အနည်း နဲ့ အများ မသိလို့ပဲဖြစ်ဖြစ်၊ သိရက်နဲ့ မေ့လို့ပဲ ဖြစ်ဖြစ် ကျူးလွန်မိနေဆဲ ဖြစ်ပါတယ်။

၁။ ကလေးများ မိမိကိုယ်မိမိ အသုံးမကျတဲ့ကောင်ဟု ထင်မြင်စေခြင်း ။
မိသားစုဝင်အတွင်း သူ့အား သဘောကျတဲ့လူဆိုလို့ တစ်ယောက်မှမရှိဘူး။ ကျောင်းမှာလည်းစာညံ့သလား မမေးနှဲ့၊ ဆက်ဆံရေးလည်း တစ်စက်မှ အဆင်မပြေဘူး၊ ရုပ်ကလည်းဆိုးသေး၊ ကျစ်ကန်ကျစ်ကန်နှဲ့၊ အိမ်မူကိစ္စလည်း အားကိုးလို့မရဘူး ၊ ဘာမဆို ပေါ့ပေါ့ဆဆပဲတွေးတယ်။ စရိုက်လည်း ကြမ်းတယ်။ တစ်မိသားစုလုံး သူ့ကြောင့်ပဲ စိတ်ဆင်းရဲ နေရတာ စသည်ဖြင့် ကလေးကို ဝေဖန်ပြောကြားခြင်း၊

၂။ သူများနဲ့ နိုင်းနိုင်းပြီး ဆုံးမခြင်း
ကြည့်လေ၊ မင်းဟာ ဘယ်သူနဲ့ ဆိုရင် ဘယ်နေရာမှာ ကွာပ၊ သူများဖြင့် ဘယ်လိုဘယ်လိုထူးချွှန်တယ်၊ မိဘဖြင့် စိတ်မပူရဘူး၊ လမ်းထိပ်ကဘယ်သူဆိုရင် မင်းနှဲ့ တစ်ရွယ်ထဲ၊ သူများတွေကြည့်၊ မိဘကို ဘယ်လောက်သိတတ်သလဲ၊ ဘယ်လောက်စာတော်လဲ၊ မင်းကသာ သူတို့လိုဖြစ်မယ်ဆိုရင်.....စသည်ဖြင့် ကလေးကိုဆိုဆုံးမခြင်း။

၃။ မိဘများကို သနားလာအောင် ဖန်တီးပြခြင်း
မိဘများဟာ ကလေးတွေရဲ့ ရှေ့မှာ မိသားစုအတွက် အနစ်နာခံသူ၊ ပေးဆပ်နေရသူ အဖြစ်ကလေးအား ခဏခဏ ပြောကြားပြီး ကလေးများအား စိတ်ထဲတွင် အပြစ်ခံစား ရတဲ့အထိ တတွတ်တွတ် ပြောဆိုခြင်း၊ ကလေးများကြောင့် မိဘများမည်မျှပင်ပမ်းစွာ လုပ်ကိုင်ရပုံ၊ ကလေးများကြောင့် မိဘများ ဘာရောဂါ၊ ညာရောဂါ ရရှိသွားတဲ့ အထိ ပင်ပမ်းဆင်းရဲရပုံများကိုရှင်းပြခြင်း။

၎။ ကလေးများအား ကောင်းကောင်းမွန်မွန် စကားမပြောခြင်း
ဆွေးနွေးတဲ့လေသံမျိုးနှဲ့ မပြောဆို၊ အမိန့်ပေးတဲ့ပုံစံနှဲ့သာ ဆက်ဆံတယ်။ အသံကျယ်ကျယ်နှဲ့ စကားပြောလေ့ရှိတယ်။ တစ်ခါတစ်လေမှာစောင်းမြောင်းပြောဆိုတတ်တယ်။ ဘာလို့ အဲလောက်တောင် “အ”ရတာလဲ၊ ဘယ်လိုကောင်မျိုးမွေးထားမှန်းလဲ မသိဘူး စသည်ဖြင့် ဆဲဆိုခြင်းမျိုး။

၅။ ကလေးရဲ့ ကိစ္စ၀ိစ္စ အားလုံးကိုစီမံပေးခြင်း
ကလေးဆိုတာ လွှတ်ထားလို့ မရဘူး၊ သူဘယ်သွားတယ်၊ ဘာလုပ်နေတယ်ဆိုတာတွေကို သေသေချာချာ လိုက်ကြည့်နိုင်မှ တော်ကာကျတယ်။ ကလေးများ မှတ်တမ်းတွေဘာတွေ ရေးမှတ်ခဲ့ရင် ရတဲ့နည်းလမ်းနှဲ့ ခိုးဖတ်ကြပါတယ်။ သူ့ရဲ့ကိစ္စကြီးငယ်မဟူ မိဘများကသာ ဆုံးဖြတ်ပေးကြပါတယ်။

၆။ ဒေါသလွှဲပြောင်းတတ်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ခြင်း
ပြင်ပမှာ အဆင်မပြေမူများတွေ့ရှိခဲ့ပါက ဒေါသကိုအိမ်အထိသယ်လာပြီး ကလေးများကိုကြိမ်းမောင်းပါ။ မင်းတို့ကြောင့် ငါဘယ်လောက်အထိ အလုပ်လုပ်နေရလို့၊

ဘယ်လောက်ထိ ဒုက္ခဆင်းရဲခံနေ ရလို့စသည်ဖြင့်ပြောပြခြင်း။
ရ။ အထက်ပါ ခြောက်ချက်ထက် ပိုမိုထိရောက်တဲ့ ကလေးရဲ့ အတွင်းစိတ်ကိုကျေမွအောင် ဖျက်ဆီးနိုင်တဲ့နည်းလမ်းကတော့ ကလေးကို လူရှေ့ သူရှေ့မှာ အရှက်ခွဲလိုက်ခြင်းပါပဲ။ လူရှေ့သူရှေ့မှာ၊ အထူးသဖြင့် သူ့ရဲ့သူငယ်ချင်းတွေရှေ့မှာ သူကိုနှိမ်ပါ။ ဆဲဆိုကြိမ်းမောင်းပါ။ သူကိုအရှက်မရ ရအောင်ပြောဆိုပစ်လိုက်ပါ။

အထက်ပါအချက် ( ရ ) ချက်ကြောင့် ကလေးဟာ မိမိကိုယ်ကိုယ် မိမိ ယုံကြည်ခြင်း လုံးဝပျောက်ဆုံး သွားစေပြီး ဘ၀ကိုလုံးဝ ရင်မဆိုင်ရဲတော့တဲ့ အသုံးမကျတော့တဲ့ လူကိုတကယ်ဖြစ်သွားစေပါတယ်။

ကလေးတွေကို ငြိမ်ငြိမ်ထိုင်ခိုင်းထားတဲ့ အစိုးရကျောင်းတွေ

စာစီစာကုံးတွေကို အလွတ်ကျက်ပြီးတော့ ကလေး တော်တော်များများက စာမေးပွဲမှာ ဖြေလာခဲ့တဲ့ အကြောင်းကို ကျမ ရေးခဲ့ပါတယ်။ စာစီစာကုံးတွေကို ကလေးတို့ ဘာဖြစ်လို့ အလွတ်ကျက်လာရသလဲ ဆိုရင်တော့ မတွေးတတ်လို့ ပါပဲ။ တီထွင်ဖန်တီး ရေးသားတဲ့ အတတ်၊ စိတ်ကူးယဉ် စဉ်းစားတွေးတောတဲ့ အတတ် (Imagination) ကို ကျမတို့ ကလေးတွေ တော်တော်များများ မတတ်ကြတော့ပါဘူး။ ဒီစွမ်းရည်များဟာ ကလေးတယောက် အတွက် (လူ တယောက် အတွက်) အင်မတန်မှ အရေးကြီးတဲ့ စွမ်းရည်များပဲ ဖြစ်ပါတယ်။
ကျမတို့ နိုင်ငံက ကလေးတွေ မတွေးတောချင် တော့ဘူး၊ မစဉ်းစားချင်တော့ဘူး၊ တီထွင်ဖန်တီးမှု အားနည်း လာတယ် ဆိုတဲ့ ကိစ္စရပ်ကြီးဟာ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်ဖြင့် နိုင်ငံအတွက်၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အင်မတန်မှ အန္တရာယ်ရှိတဲ့ ကိစ္စရပ်ကြီးပါပဲ။ ကလေးအများစု ဒီလို ဘာကြောင့် ဖြစ်လာရသလဲ ဆိုတဲ့ အကြောင်းကို စဉ်းစားကြည့်မယ် ဆိုရင်တော့ အကြောင်းရင်းများစွာ ထဲက အဓိက အကြောင်းကြီးတခုဟာ ကျမတို့နိုင်ငံရဲ့ အားနည်းလွန်းတဲ့ ပညာရေးစနစ်ကြောင့် ပါပဲ။
ပညာရေးရဲ့ ရည်ရွယ်ချက် (ကျောင်းတွေမှာ ကလေးတွေကို စာသင်ခိုင်းတဲ့ ရည်ရွယ်ချက်) ထဲမှာ ကျမအမြင် အားဖြင့် အရေးကြီးဆုံး အရာကတော့ အနာဂတ် လူ့အဖွဲ့အစည်း အတွက်ဉာဏ်ရည် မြင့်မားပြီး၊ စိတ်ဓာတ်ကောင်းမွန်တဲ့ နိုင်ငံသားကောင်းတွေ ပေါ်ထွက်လာ အောင် လို့ လေ့ကျင့်ပေးခြင်းပဲလို့ ယူဆပါ တယ်။ ဒီ ဉာဏ်ရည် ဆိုတဲ့အထဲမှာ တီထွင်ဖန်တီးခြင်း ဆိုတဲ့ ဉာဏ်ရည်ဟာ သိပ်ကိုမှအရေးကြီးပါတယ်။
ကျမတို့ နိုင်ငံမှာ ကလေးတို့ဟာ ငါးနှစ်ပြည့်ပြီ ဆိုတာနဲ့တပြိုင် တည်းထဲမှာ ကျောင်းစတက်ရပါ တော့တယ်။ ငါးနှစ် ဆိုတဲ့ ကလေးအရွယ်ဟာ အင်မတန်မှ စူးစမ်းချင်တဲ့၊ ဆော့ကစားချင်တဲ့ အရွယ်လေးတွေ ပါပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံများက ကျောင်းများမှာတော့ ဒီအရွယ်မှာ စာတွေကျက်ခိုင်းတာမျိုး၊ စာတွေ အများကြီးသင်တာ မျိုးကို မလုပ်ခိုင်းကြပါဘူး။ ကလေးတို့ကို အတန်းထဲမှာ ဆရာမက ပုံလေးတွေပြောပြတာ၊ စာအုပ်လေးတွေ ဖတ်ပြတာမျိုးတွေ လုပ်ပေးကြ ပါတယ်။
ကလေးဆွဲ ချင်တာကို လွတ်လွတ်လပ်လပ်ဆွဲဖို့ အတွက် စာအုပ်တွေ၊ ရောင်စုံခဲတံတွေလည်း အတန်းထဲမှာထားပေး ထားကြပါသေးတယ်။ ဒါဟာ တကယ်တော့ တီထွင် ဖန်တီးမှု အားကောင်းအောင်၊ စိတ်ကူးစိတ်သန်း ကွန့်မြူး တတ်အောင် လေ့ကျင့်ပေးတာပါပဲ။  ဒီလို အတန်းငယ်လေးတွေမှာ စာမေးပွဲလည်း မရှိသေး တာမို့လို့ ကလေးတို့ဟာ စာမေးပွဲ ဖိအားလည်း မရှိကြတော့ပါဘူး။
ကျမတို့ နိုင်ငံရဲ့ အစိုးရကျောင်းတွေကို ပြန်လေ့လာကြည့်မယ် ဆိုရင်ဖြင့် သူငယ်တန်းမှာ ကလေးတို့ဟာ အတန်းထဲမှာ ငြိမ်ငြိမ်ထိုင်ပြီးတော့ စာတွေကို လိုက်ဆိုရ၊ လိုက်ရွတ်ရ၊ ရေးရပါတယ်။ သူငယ်တန်း ဆရာ တော်တော်များများဟာ ကလေးတို့ကို ပုံပြောပြတာ၊ စာအုပ်ဖတ်ပြတာ မျိုးတွေလည်း မလုပ်ကြတော့ပါဘူး။
ကလေးတို့ဟာလည်း သူငယ်တန်းမှာ စာမေးပွဲဝင်ဖြေဖို့ အတွက် စာတွေကို ကျက်ရပါတယ်။ အတန်းထဲမှာ ပထမရဖို့ အတွက် ကျောင်းကဆင်းတာနဲ့ ကျူရှင်ကို ပြေးကြရပါတယ်။ အတန်းထဲမှာ စာအုပ်ထဲက စာတွေကို ငြိမ်ငြိမ်ထိုင်ကူး၊ ငြိမ်ငြိမ်ထိုင်ဖတ်ရ သလို ကျုရှင်ရောက်တော့လည်း ကျောင်းက သင်လိုက်တဲ့ စာတွေကို ငြိမ်ငြိမ်ထိုင်ကျက်၊ ထိုင်ကူး၊ ထိုင်ဖတ် လုပ်ရပြန်ပါရော။
ကျမတို့ နိုင်ငံက အစိုးရကျောင်းများမှာ မူလတန်း အရွယ်ကလေးများကို စာအုပ်ဖတ်ပြတဲ့ အလေ့အကျင့်၊ ပုံပြောပြတဲ့ အလေ့အကျင့် မရှိသလောက်ကိုပဲ ရှားပါတယ်။ ကလေးတို့ကို အတန်းထဲမှာ စုထိုင်ခိုင်းပြီးတော့ စိတ်ကူးတည့်ရာ ပုံပြင်လေးတွေကို တယောက်တလှည့်စီ ပြောခိုင်းတဲ့ အလေ့လည်း မရှိပါဘူး။ ကလေးတို့ဟာ ဖတ်စာ (၁) က စာတွေ၊ ဖတ်စာ (၂) က စာတွေကို စာမေးပွဲမှာ အလွတ်ပြန်ရေးနိုင်ဖို့ အတွက် စာတွေကို အလွတ်ကျက်နေရတာနဲ့ပဲ စာဖတ်ချိန်၊ ပုံပြောချိန်၊ ပုံပြင်နားထောင်ချိန်၊ ပုံဆွဲချိန်တွေ မရှိကြရှာတော့ပါဘူး။
တီထွင်ဖန်တီးမှု စွမ်းရည်၊ စိတ်ကူးစိတ်သန်း ကွန့်မြူးတတ်တဲ့ စွမ်းရည်လေးတွေကို ရရှိစေဖို့ အတွက် လေ့ကျင့်ပေးတဲ့ အခါမှာ ကလေးတို့ကို မူလတန်း အရွယ်လောက်မှာကတည်းက စတင်လေ့ကျင့်ပေးဖို့ လိုပါတယ်။ တိုက်ဆောက်တဲ့ အချိန်မှာ အောက်ခြေက မြေကြီးကို တူးပြီးတော့ အခြေခံခိုင်အောင်လို့ အုတ်မြစ် သေသေချာချာ ချရသလိုပဲ အဆင့်မြင့် ပညာရပ်ကြီးတွေကို ကြီးပြင်းလာချိန်မှာ ကလေးတို့ သင်ကြားနိုင်ဖို့ အတွက် ကလေးအရွယ် (မူလတန်း အရွယ်) မှာကတည်းက ပညာရေး အတွက် လိုအပ်တဲ့ အခြေခံစွမ်းရည်တွေကို အုတ်မြစ်ချပေးဖို့လိုပါတယ်။
ဒီလို အုတ်မြစ်ချပေးဖို့ အတွက်ဆိုရင် မူလတန်း အရွယ်ကာလမှာ ကလေးတို့ကို စာတွေ အများကြီး မသင်သင့်ပါဘူး။ ကလေးတို့ဟာ သူတို့ ပြောချင်တာကို လွတ်လွတ်လပ်လပ် ပြောဖို့၊ သူတွေးချင်တာကို လွတ်လွတ်လပ်လပ် တွေးဖို့၊ စိတ်ကူးယဉ် စဉ်းစားဖို့ အချိန် ရှိရပါမယ်။ သူငယ်ချင်းများနဲ့ ဆရာဝန်လုပ်တမ်း ကစားတာ၊ နပ်စ်မ လုပ်တမ်း ကစားတာ၊ အာကာသယာဉ်မှူးလုပ်တမ်း ကစားတာ စတဲ့ ကလေးအရွယ်မှာ အရေးကြီးတဲ့ ကစားနည်း တခုဖြစ်တဲ့ အတုယူ ဟန်ဆောင်တမ်း ကစားနည်းကို ကျောင်းမှာ၊ အိမ်မှာ သူငယ်ချင်းများနဲ့ အတူတူကစားဖို့ အချိန်ရှိရ ပါမယ်။
ကလေးတို့ဟာ သူငယ်တန်းမှာ ဝလုံးတွေ ကကြီး ခခွေးတွေကို လေးငါးမျက်နှာလောက် ထိုင်ပြီး အရေးမကျင့်ရ ပါဘူး။ လက်ရေးလှဖို့ အတွက် လေးကြောင်းမျဉ်းထဲမှာ စာတွေကို ထိုင်ကူးလေ့ကျင့် မနေရပါဘူး။ သူတို့ ဆွဲချင်တဲ့ ပုံလေးတွေကို လွတ်လပ်စွာနဲ့ ဗလာစာအုပ်ထဲမှာ ဆွဲချင်သလို ဆွဲခွင့်ရဖို့ လိုပါတယ်။ ဒီလိုဆွဲရင်းနဲ့ပဲ မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မျဉ်းကောက်တွေကို သူတို့ဘာသာသူတို့ နားလည်သိရှိ သွားပြီးတော့ လက်ရေးလေးတွေလည်း လှလာပါ လိမ့်မယ်။
တီထွင်ဖန်တီးတဲ့ စွမ်းရည်လေး ရရှိဖို့ အတွက် ကလေးတို့ဟာ ကဗျာလေးတွေ၊ သီချင်းလေးတွေကို နားထောင်ဖို့၊ ရွတ်ဆိုဖို့ အချိန်ရှိရ ပါမယ်။ မူလတန်း အရွယ်မှာကတည်းက တီထွင်ဖန်တီးမှု စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာတဲ့ ကလေးများဟာ အလယ်တန်း၊ အထက်တန်းကို ရောက်လာပြီ ဆိုတဲ့ အချိန်မှာတော့ တီထွင်ဖန်တီးမှု စွမ်းရည် သာမက၊ ယုတ္တိကျကျ တွေးတောစဉ်စား ဝေဖန်သုံးသပ်တတ်တဲ့ စွမ်းရည် (Critical Thinking) ပါ ရရှိလာစေဖို့ အတွက် စာသင်ခန်းများက လေ့ကျင့်ပေးရဦးမှာပါ။
ယုတ္တိကျကျ တွေးတောစဉ်းစား ဝေဖန်သုံးသပ် တတ်တဲ့ စွမ်းရည် (Critical Thinking) ရရှိစေဖို့ အတွက် ကျောင်းတွေမှာ ဘယ်လိုလေ့ကျင့်ပေးရမယ် ဆိုတဲ့ အကြောင်းကို ဆက်လက် တင်ပြဆွေးနွေး ပါဦးမယ်။     ။

ခေတ်ဘုန်းသစ်

ဘ၀အတွက် လိုအပ်တဲ့ စွမ်းရည်များ

ယနေ့ကမ္ဘာမှာ ယှဉ်ပြိုင်မှုတွေဟာ ပိုမိုများပြားလာပါတယ်။ ဒီလို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ဒီနေ့ခေတ် ကလေးတွေအတွက် ဘ၀ဆိုတာ ကျောင်းမှာ စာလိုက်နိုင်ဖို့၊ အဆင့် A တွေရအောင် လုပ်ဖို့၊ အနာဂတ် မှာ အောင်မြင်အောင် လုပ်ဖို့ အမှန်တရားကို ပြောတတ်ဖို့တင်မကတော့ပါဘူး။ ကျောင်းမှာ ဒီနေ့ခေတ်သင်ယူရတဲ့ သင်္ချာ၊ အင်္ဂလိပ်စာ၊ သိပ္ဗံနှင့် တခြား၊ ကျောင်းသင်ဘာသာရပ်တွေထက် ကျော်လွန်ပြီး အသိပညာတွေ ပိုမိုရယူဖို့ လိုအပ်လာပါတယ်။
မိဘများအနေနဲ့ မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရတာလေးတွေကို ခဏလောက် ပြန်တွေးကြည့်ပါ။ ကျွန်တော် တို့တွေ ကျောင်းက ထွက်ခဲ့ကြတဲ့အခါ ကျောင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာလေးတွေ မျှလောက်နဲ့ ကျွန်တော် တို့ဟာ တကယ့် လူ့ဘ၀ဇာတ်ခုံပေါ်က စိန်ခေါ်မှုတွေကို ရင်ဆိုင် ကိုင်တွယ်ဖို့အရည်အချင်း ပြည့်မီလို့လား။ တကယ့် လူ့ဘ၀ ဇာတ်ခုံပေါ်မှာ အနည်းနဲ့ အများ အမှားတွေ လုပ်မိကြတာကိုလည်း ကျွန်တော်တို့အများစု ကြုံဖူးကြမှာပါ။
“အတွေ့အကြုံဆိုတာ ခင်ဗျားကို သင်ကြားပေးတဲ့ ဆရာတွေထဲက လူမဆန်ဆုံးဆရာပဲ။ မဟုတ်ဘူးလားဗျာ” လို့ စာရေးဆရာ စီ၊ အက်စ်၊ လူးဝစ်က ရေးဖူးပါတယ်။ ဘယ်သူမှ ဒီ့ထက် ကောင်းအောင် မဖော်ပြနိုင်သေးပါဘူး။ လူတွေ အများစုကလည်း ပြောကြပါတယ်။ “အတွေ့အကြုံက ရလာတဲ့ အမှားတွေကနေ သင်ယူခြင်းဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ”တဲ့။
ဒါပေမဲ့ ဘ၀အတွက် လိုအပ်တဲ့ စွမ်းရည် (Life Skills) တွေကို ပြင်ဆင်ထားမယ်ဆိုရင် အကျပ်အတည်း ပြဿ နာတွေ ဖြစ်ပေါ်မှုနည်းအောင်၊ ဖြစ်လာခဲ့ရင် ထိထိရောက်ရောက်နဲ့ ရင့်ကျက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ အသင့်ဖြစ်နေစေပါလိမ့်မယ်။ ဘ၀အတွက် တချို့သော စွမ်းရည်တွေကို သင့်ရဲ့ ကလေးအတွက် ကြိုတင်ပြင် ဆင်ပေးထားလို့ ရနိုင်ပါတယ်။ စာသင်ကျောင်းအများစုက ဘ၀အတွက် စွမ်းရည်တွေကို အတိအကျ ပြဋ္ဌာန်း သင်ကြားပေးခြင်းလည်း မရှိကြပါဘူး။ ဒါကြောင့် ကလေးမှာ ဒီစွမ်းရည်တွေရအောင် သင်ယူဖို့ဆိုတာ မိဘတွေ အပေါ်မှာ မူတည်နေပါလိမ့်မယ်။

ဘ၀အတွက် စွမ်းရည်ဆိုတာ ဘာတွေလဲ
ဘ၀အတွက် စွမ်းရည် (Life Stills) ဆိုတာ အခြေခံအားဖြင့်တော့ သင့်ရဲ့ကလေးကို ဘ၀မှာ အောင်မြင်စွာ အသက်ရှင်သန်နေထိုင်ဖို့ ဘ၀ရဲ့ နယ်ပယ်တွေအတွက် လိုအပ်တဲ့ အဓိကသော့ချက်တွေပေးမယ့် နည်းနာနိဿယတွေ၊ စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေပါပဲ။ ဥပမာ - ပိုက်ဆံစုဆောင်းခြင်းဟာ များစွာသော လူကြီးတွေအတွက် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပိုင်နိုင်ဖို့ ခက်တဲ့ ဘ၀အတွက် စွမ်းရည်တစ်ခုပါ။ တကယ်လို့ ကလေးဘ၀မှ မိမိ အသုံးစရိတ်ထဲက တချို့တစ်ဝက်ကို စုဆောင်းတတ်တဲ့အခါ လူကြီးဘ၀ရောက်ရင် ဒီစွမ်းရည်ကို သုံးစွဲဖို့ ကျွမ်းကျင်ကြောင်း တွေ့ရပါလိမ့်မယ်။ ဘ၀အတွက် စွမ်းရည်ဆိုတာတွေကတော့ အိမ်ထောင်ထိန်းကိစ္စ၊ လမ်းတွေကို နှံ့စပ်ကျွမ်းကျင်စွာ သွားတတ်ခြင်း၊ ခြိုးခြံချွေတာခြင်းစတဲ့ လွယ်ကူရိုးရှင်းတဲ့ အလုပ်ကလေးတွေကစပြီး ဘယ်လို အလုပ်ဖြစ်အောင် လုပ်ရမလဲဆိုတာ သိခြင်း၊ ဆန်းစစ်ဝေဖန်စဉ်းစားတတ်ခြင်း၊ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားတတ်ခြင်း၊ အပြုသဘောစဉ်းစား တတ်ခြင်း၊ တခြားသူတွေ ပြောတာကို နားလည်အောင် နားထောင်ဂရုစိုက်မှု ပေးတတ်ခြင်း၊ လူတွေကို ဘယ်လိုစည်းရုံးရမလဲဆိုတာ သိခြင်းစသည်ဖြင့် ရှုပ်ထွေးတဲ့ စွမ်းရည်တွေအထိ ရာနဲ့ချီတဲ့ စွမ်းရည်တွေ ကွဲပြားစွာ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီစွမ်းရည်တွေ ဘယ်လောက်ပဲ များပြားလှတယ်လို့ပဲ ထင်ထင်အရေးမကြီးလှပါဘူး။ အားလုံး ခြုံလိုက်ရင် ထင်ရှားတဲ့ နယ်ပယ် ၃ ခု ခွဲခြားနိုင်ပါတယ်။ 
 
အဲဒီ ၃ ခုကတော့
၁။ စဉ်းစားတတ်မှုစွမ်းရည်
၂။ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်နဲ့
၃။ မှန်ကန်စွာ စိတ်လှုပ်ရှားတတ်မှု စွမ်းရည်တို့ပါပဲ။

စဉ်းစားတွေးခေါ်ခြင်း စွမ်းရည်
စဉ်းစားတွေးခေါ်တယ်ဆိုတာ ကလေးရဲ့ သူ့စိတ်တွင်းကမ္ဘာလောကထဲမှာ အစီအစဉ်ချ လုပ်ဆောင်နေတာကို ရည်ညွှန်းတာပါ။ ကလေးရဲ့ တွေးခေါ်စဉ်းစားပုံဟာ သူ့ရဲ့ နေ့စဉ်ဘ၀ လုပ်ငန်းတွေအတွက် ပါးနပ်တဲ့ ဆုံးဖြတ်ချက် ချရာမှာ သေချာစေဖို့ မရှိမဖြစ် အရေးပါပါတယ်။ ဒီနေ့ခေတ် ကလေးတွေအတွက် ထောင်နဲ့ချီတဲ့ သတင်းအချက် အလက်တွေ မဟုတ်ရင်တောင် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကထက် ပိုပြီး ရာနဲ့ချီတဲ့ သတင်းအချက်အလက်တွေကို ထိတွေ့ကိုင်တွယ်နေရပါတယ်။ ဒါကြောင့် သေးငယ်တဲ့ သတင်းအချက်အလက်တစ်ခုကို တန်ဖိုးရှိတဲ့ သတင်းအချက် အလက်အဖြစ် ပြောင်းလဲ၍ သူ့ရဲ့ အဓိပ္ဗါယ်ကို ခွဲခြမ်းစိတ်ဖြာစိစစ်ပြီး တခြား သတင်းအချက်အလက်တွေနဲ့ ဆက်စပ်ကြည့်မြင်တတ်တဲ့ စွမ်းရည်ဟာ ဒီနေ့ခေတ်မှာ ကလေးတွေအတွက် အသက်ရှင်ရပ်တည်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီသတင်းအချက်အလက်တွေနဲ့ဘာတွေလုပ်မလဲလို့ ဆုံးဖြတ်ချက် မြန်မြန်ချမှတ်နိုင်ခြင်းဟာ သင့်ကလေး ကို အများထက် နှာတစ်ဖျားသာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး စဉ်းစား တွေးခေါ်တတ်မှုစွမ်းရည်ဟာ သင့်ကလေးအတွက် မိမိပတ်ဝန်းကျင်ကို အကဲဖြတ်နိုင်ဖို့အတွက်လည်း အရေးကြီးပါတယ်။ ကလေးကို စူးစမ်းလိုတဲ့ မေးခွန်းများ မေးချင်လာအောင် လေ့ကျင့်ပေးခြင်း၊ အားပေးခြင်းတို့က သူ့ရဲ့ စဉ်းစားတွေးခေါ်တတ်မှု ဖွံ့ဖြိုးလာစေဖို့ အထောက်အကူ ပေးပါလိမ့်မယ်။ သင့်ရဲ့ကိုယ်ပိုင် မေးခွန်းတွေကို ကလေးအား မေးပေးပြီး သူ့ကို ဖြေစေခြင်းကလည်း သင့်အတွက် စိတ်ကူးအချို့ ရစေနိုင်ပါတယ်။ ကလေးက ဆန်းသစ်တဲ့စိတ် အတွေးတွေနဲ့ ပြန်လည်ဖြေကြားပုံကလည်း သင့်ကို အံ့အားသင့်နေစေပါလိမ့်မယ်။

လူမှုဆက်ဆံရေးစွမ်းရည်
လူမှုဆက်ဆံရေးစွမ်းရည်ဟာ အားရကျေနပ်ဖွယ်ရာ လူမှုသံယောဇဉ် တစ်ခုကို တည်ဆောက်ရာမှာ မရှိမဖြစ် အရေးပါပါတယ်။ လူ့အဖွဲ့အစည်းက သင့်တော်တယ်လို့ သတ်မှတ်ထားတဲ့ လူမှုဆက်ဆံရေး အပြုအမူတွေကို ကလေးအနေနဲ့ သင်ယူထားဖို့အရေးကြီးပြန်ပါတယ်။ ကလေးဟာ လူတွေနဲ့ဆက်ဆံရာမှာ မှားယွင်းမှုအချို့ကို မလွဲမရှောင်သာ လုပ်မိပါလိမ့်မယ်။ ကလေးဘ၀ရဲ့ ဒီအမှားလေးတွေကို ပြုပြင်ပေးဖို့ကတော့ မိဘတွေရဲ့ရှေးဦး တာဝန်တစ်ရပ်ပါ။ ကလေးဟာ ဘယ်ဟာက လူမှုရေးအရ လက်ခံနိုင်ဖွယ်ရှိတယ်။ ဘယ်ဟာတွေကတော့ လူတွေကြိုက်မှာ မဟုတ်ဘူး စသဖြင့် သိဖို့သင့်ဆီက တုံ့ပြန်မှုတွေက တစ်ဆင့်သင်ယူသိရှိလာရတာပါ။ ဘယ်ဟာက ယဉ်ကျေးတယ်၊ ဘယ်ဟာက ရိုင်းတယ် စသဖြင့် လည်း လူကြီးတွေဆီက တစ်ဆင့်သင်ယူရတာပါ။ မိမိအသုံးပြုလို့ ညစ်ပတ်သွားတဲ့အရာတွေကို ဒီအတိုင်းထားသွားလို့ တခြားသူတွေကယူပြီး ဆေးကြောရရင်မကောင်းဘူး။ ကိုယ်က သုံးလို့ညစ်ပတ်သွားရင် ပြန်ပြီး ဆေးကြောခဲ့ဖို့လိုတယ် စသဖြင့် သင်ကြားပေးရပါတယ်။
ဒါပေမဲ့ ဒီလူမှုဆက်ဆံရေးစွမ်းရည်တွေကို ဆည်းပူးရတယ်ဆိုတာ တစ်ခဏတာလေးနဲ့တော့ မရပါဘူး။ ဒီစွမ်းရည်တွေဟာ လူမှု ဆက်ဆံရေးအခြေအနေတွေနှစ်နဲ့ချီပြီး ထိတွေ့၊ လေ့လာရှုမှတ်၊ ဆွေးနွေး၊ အလေ့အကျင့် လုပ်၊ ပြန်သိလာရာကနေ ဖွံ့ဖြိုးလာရပါတယ်။ ကလေးတွေ အရွယ်ရလာတဲ့အခါ လူကြီးတွေနဲ့ပိုပိုပြီး တုံ့လှယ် ဆက်ဆံလာရပါတယ်။ မိဘတွေရဲ့ တိုက်ရိုက်ကွပ်ကဲမှုတွေ လုပ်ဖို့မဖြစ်နိုင်တော့ပါဘူး။ တခြားသူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ မိဘတွေက အိမ်မှာ သင်ကြားပေးလိုက်တာအပေါ်မှာ အခြေခံပြီး ကလေးဟာ သူငယ်ချင်းတွေ ဖွဲ့ရပါတယ်။ ချက်ချင်းပဲ လူတွေနဲ့ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိလာပါတယ်။ ကြီးပြင်းရင့်ကျက် လာတဲ့အခါ မိမိရဲ့ဆက်ဆံရေးစွမ်းရည်တွေ ပိုကောင်းမွန်အောင် ပြုပြင်လုပ်ဆောင်ရပါတယ်။

စိတ်လှုပ်ရှားမှု စွမ်းရည်
စိတ်လှုပ်ရှားမှု စွမ်းရည်ဆိုတာကတော့ ထင်ရှားပေါ်လွင်ကောင်းမှ ပေါ်လွင်ပါလိမ့်မယ်။ ဒါပေမဲ့ ကလေးရဲ့ အနာဂတ်အောင်မြင်မှုတွေအတွက် အထောက်အကူပြုရာမှာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီစွမ်းရည်တွေထဲမှာ စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့ နည်းတွေ၊ ကိုယ်ဘာတွေခံစားနေရတယ်ဆိုတာ သိမြင်သတိထားနိုင်မှုတွေ ကိုယ့်ကို သူများက မခိုင်းရဘဲ ကိုယ်လုပ်စရာရှိတာတွေကို လုပ်ဖို့ သိဖြင်မှုတွေ၊ တခြားသူရဲ့ ရှုထောင့်ကနေ ကြည့်မြင် ခံစားတတ်မှုတွေ၊ ပြောဆိုစရာရှိတာကို ရဲရဲဝံ့ဝံ့ပြောရဲဆိုရဲတဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ဘ၀ကို ဖြေရှင်းဖို့ မွေးဖွားစဉ်က တူညီသော စိတ်လှုပ်ရှားမှုဆိုင်ရာ တုံ့ပြန်မှုတွေ ပါရှိလာခဲ့ကြသော်ငြားလည်းဆိုလိုတာက ပျော်တတ်၊၀မ်းနည်းတတ်၊ ဒေါသထွက်တတ်ခဲ့ စွမ်းရည်တွေ ပါရှိလာသော်ငြားလည်း တခြားသူရဲ့ ရှုထောင့်က ကြည့်မြင် တတ်ဖို့၊ မိမိရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းတတ်ဖို့ ဆိုတာကိုတော့ မွေးဖွားပြီးမှ သင်ယူရရှိလာရတာဖြစ်ပါတယ်။ အမေရိကန် စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဂိုလ်မင် ကတော့ မှန်ကန်စွာ စိတ်လှုပ်ရှားတတ်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်တာဟာ လူတွေနဲ့ တုံ့လှယ်ဆက်ဆံရာမှာ ထူးခြား တဲ့ အားသာချက်တွေရှိပါတယ်။ ကလေးငယ်တွေဟာ ဒီစွမ်းရည်တွေကို သူများဆီက အတုခိုးသင်ယူနိုင်ပါတယ်။ ဒီလို အတုခိုးမှုကနေ သူတို့ရဲ့ စိတ်လှုပ်ရှားမှု စွမ်းရည်ကို ဆည်းပူးရရှိဖို့ လွယ်ကူစေပါလိမ့်မယ်။

ဒါကြောင့် သင့်အနေနဲ့ သင့်ကလေးရဲ့ရှေ့က စံနမူနာ လုပ်ဆောင်ပြသူတစ်ဦးဖြစ်အောင် နေဖို့အရေးကြီးပါတယ်။ ဥပမာ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တစ်ခုကြုံတွေ့လာတဲ့အခါ ဘယ်လိုထိန်းသိမ်း၊ ကိုင်တွယ်ရမလဲဆိုတာ သင်ပြပေးပါ။ သင့်အနေနဲ့ စိတ်ကူးယဉ်။ဇာတ်ကောင်တွေပါတဲ့ ဇာတ်လမ်း၊ ပုံပြင်လေးတွေ ကလေးကို ပြောပြလိုကောင်း ပြောပြ လိုပါလိမ့်မယ်။ အဲဒီအထဲက အခြေအနေမျိုးကြုံရင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ ကလေးကို မေးမြန်းလေ့ ကျင့်ပေးပါ။ တခြားသူများရဲ့အတွေ့အကြုံများကို ဆက်နွယ်ခံစားနိုင်ခြင်းဟာ သင့်ကလေးကို တခြားသူရဲ့ ရှုထောင့်မှ ကြည့်မြင်ခံစားတတ်တဲ့ စိတ်လှုပ်ရှားမှု စွမ်းရည်ရအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

►ဒေါက်တာ မြင့်လွင် (စိတ်ပညာ)

Babi Mild မှ တင်ဆက်သည်။

Sunday, January 25, 2015

မိုဘိုင်းဖုန်းနှင့်လူငယ်များ

မြန်မာဆိုရိုးစကားများတွင်''သုံးတက်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး'' ဟူသော ဆိုရိုးစကား တစ်ခု ရှိပါသည်။ ယနေ့ မျက်မှောက်ကမ္ဘာကြီးတွင် အလျင် အမြန် တိုးတက်မှု အရှိန်အဟုန်မြင့်မား လာနေသော အိုင်တီခေတ်ကြီးတွင်မိုဘိုင်းဖုန်းများသည် တစ်နေ့ထက် တစ်နေ့နည်းပညာ မြင့်မား မှုများ၊ ထွင်မှုများဖြင့် လူသားအားလုံးအတွက် အကျိုးပြုနေပေသည်။ ၎င်းမိုဘိုင်းဖုန်းများကို နည်းမှန်၊ လမ်းမှန် အကျိုးရှိစွာ သုံးတတ် ပါက သုံးစွဲသူမျာေးအတွက် အလွန်အကျိုးများစွာရရှိနိုင်သော်လည်း နည်းမှန်လမ်းမှန် မသုံးစွဲတတ် ဘဲတလွဲသုံးစွဲနေပါက ဘေးထွက်ဆိုးကျိုးများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရ တတ်ပါသည်။
စာရေးသူပတ်ဝန်းကျင်မိသားစုများတွင် အလယ်တန်း၊အထက်တန်း ကျောင်းသားလူငယ်များ၏ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများ၊ မိုဘိုင်းဖုန်းကို လိုအပ်သည်ထက် ပိုမိုသုံးစွဲမှုများအား မြင်တွေ့နေရာ ယင်းကျောင်းသားလူငယ်လေးများ၏ ရင်လေးစရာများကို တင်ပြလိုက်ရပါသည်။

မိုဘိုင်းဖုန်းကိုယ်စီရှိကြသော ယနေ့ကျောင်းသား လူငယ်များတွင် ခုနစ်ဆယ်ရာ ခိုင်နှုန်း ခန့်မှာ သုံးစွဲနည်းသုံးစွဲချိန်များ မှားယွင်းစွာသုံးစွဲနေကြသည်ကို ရင်လေးစရာ တွေ့မြင်နေရပါ သည်။ ကျောင်းကားစောင့်နေသည့် အချိန်များတွင်လည်းကောင်း၊ ကျောင်းကားပေါ်တွင်လည်းကောင်း၊ စာသင်ခန်း အတွင်း အားလပ်သည့်အချိန် တစ်ခဏအတွင်းတွင်လည်းကောင်း ဂိမ်းမျိုးစုံဆော့ ကစားနေတတ်ပါသည်။ နေ့စဉ်စာကျက်ချိန်များတွင်လည်း မိဘလူကြီးများ မသိအောင် စာမကျက်ဘဲ ဂိမ်းဆော့ခြင်း၊ အင်တာနက်၊ ဖေ့စ်ဘွတ်များ ကြည့်ရှုကြပါသည်။ မိဘများသည် မိမိတို့၏ သားသမီးများ လူနေမှုအဆင့်အတန်း တိုးတက်လာစေရန်လည်းကောင်း၊ ဗဟုသုတများ ရရှိစေရန် လည်းကောင်း ငွေကြေးအကုန်ကျခံကာ လုပ်ဆောင်ခဲ့ကြသော်လည်း ကျောင်းသား လူငယ်များနှင့် လုံးဝမအပ်စပ်သော အခန်းကဏ္ဍများကို ထိုးဖောက် ဝင်ရောက်ကြည့် ရှုနေကြသော ကျောင်းသား လူငယ် အများအပြားတွေ့ရှိရ ပါသည်။ အဆိုးဆုံးမှာ ညစ်ညမ်းသောပုံများ၊ ဇာတ်လမ်းများကို လက်ဆင့်ကမ်းမျှဝေ ကြည့်ရှုနေကြရာ ယင်းလူငယ် ကျောင်း သားလေးများ ၏ စာရိတ္တ၊ အကျင့်စရိုက် များ ပျက်စီးမှု လမ်းကြောင်းပေါ်သို့ တွန်းပို့ပေးနေသော အနေအထားသို့ ရောက်ရှိနိုင်ပါသည်။

မိုဘိုင်းဖုန်းများကို လိုအပ်သည်ထက် အချိန်ကြာမြင့်စွာပြောဆိုခြင်းသည် အသံလှိုင်း၏ ရိုက်ခတ်မှု ကြောင့် ဦးနှောက်ရောဂါများဖြစ်ပေါ်တတ်ခြင်း၊ ဂိမ်းများကို အချိန်ကြာမြင့်စွာ ကြည့်ရှုဆော့ကစား မှုကြောင့် အမြင်အာရုံ ချို့ယွင်း မှုများ ခံစားရပုံကို သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် သုတေသန ပညာရှင်များ၏ ထုတ်ပြန်ကြေညာချက်များအား အလေးထားလိုက်နာရှောင်ရှားသင့်ပေသည်။ ယနေ့အချိန်ကာလ သည် ကျောင်းသားလူငယ်များ၏ တန်ဖိုးရှိသော အချိန် ကာလပင်ဖြစ်ပါသည်။ ယင်းကဲ့သို့ တန်ဖိုးရှိလှသော အချိန်ကာလများတွင် အကျိုးမဲ့သော အချိန်ဖြုန်းတီးနေမှုများကို ကျောင်းသားလူငယ်များ အထူးဂရုပြုရှောင်ရှားကြရန် တိုက်တွန်းလိုက်ရပါသည်။