Sunday, August 30, 2015

အစားအစာ ကြေးများတာ ချစ်စရာမကောင်းပါ

ကလေးများ အစားအစာကြေးများ ခြင်းသည် ကလေးငယ်ရှိသော မိဘများတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ခုဖြစ်ပြီး ဆရာဝန်အချို့က ကလေးဘ၀ ကြီးထွားဖွံ့ဖြိုးမှု၏ ပုံမှန်ဖြစ်စဉ် တစ်ခုဟု ယူဆကြသည်။ ၂၀ ရာခိုင်နှုန်းခန့်ရှိသော ယနေ့ မူလတန်းကလေးများ၏ မိဘများကလည်း သည်ကိစ္စသည် ၎င်းတို့ကြုံတွေ့နေကျ ပြဿနာတစ်ခုဟု ဆိုသည်။ ကလေးများက အချို့အစားအစာများကို စားဖို့ငြင်းသည်။ မိဘတွေက ချော့ကျွေးတာကလည်း အမြဲတမ်းတော့လည်း အဆင်မပြေ၊ မအောင်မြင်ပါ။ တစ်ခါတလေတော့ ကလေးတွေကို အတင်းကို စားစေရတာမျိုး၊ နောက်တစ်ခါ ထပ်စားစေရတာမျိုးတွေ လုပ်ရသည်။ ကလေးတွေ အစားကြေးများသည့်အခါ မိဘတွေစိုးရိမ်လေ့ရှိ တာက အာဟာရမပြည့်မီမှာကို စိုးရိမ်ကြခြင်း ဖြစ်သည်။ တကယ်တမ်းတွင်မူ အစားအစာကြေးများ ခြင်း နောက်တွင် သည့်ထက်ပိုကြီးကျယ်သည့် ပြဿနာတွေ လည်း ရှိလာနိုင်သည်။ တက္ကသိုလ်မှ သုတေသီ များက အစားအစာကြေးများ သည့်  ကလေးများကို နီးနီးကပ် ကပ် လေ့လာသုတေသနပြုရာ စိတ်ဝင်စား အံ့အားသင့်စရာ ကောင်းသည့် ဖော်ထုတ်တွေ့ရှိမှု များကို ရရှိခဲ့သည်။
အစားအစာကို အလွန်အ မင်း ကြေးများတတ်သော ပြဿ နာရှိသည့် ကလေးများသည် စိတ် ပိုင်းဆိုင်ရာ စိုးရိမ်မှုများနှင့် စိတ် ဓာတ်ကျနေမှုများ ရှိနေသည်ဟု ဆိုသည်။ အသင့်အတင့် အစား ကြေးများသည့် ကလေးပင်လျှင် စိတ်ဓာတ်ကျတတ်ခြင်း၊ လူမှုရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိနေ တတ်သည်ဟု ဆိုသည်။ အစား အစာကို အတန်အသင့်လောက် သာ ကြေးများတတ်သည့် ကလေး တွေမှာလည်း အရေးပေးမှုကိုလို ချင်ခြင်းနှင့် တက်ကြွမှု လွန်ကဲ ခြင်းဆိုသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိသည်ဟု သုတေသီများက ဆိုသည်။ အစားအစာ ကြေးများသည်၊ ဇီဇာကြောင်သည် ဆိုရာဝယ် ထ မင်းကျွေးရာမှာ ခရမ်းချဉ်သီးတို့၊ ပန်းဂေါ်ဖီတို့ကို မစားဘဲ ကြေးများသော ကလေးတွေကိုဆိုလိုခြင်းမဟုတ်ပါ။ အိမ်မှာ ဘာနှင့်ကျွေးကျွေး ဘာမဆို အလွယ်တကူ မစား တတ်သော၊ အခြားသူတွေနှင့်လည်း အတူစားရာမှာ ဘာလုပ်လုပ် ကြေးများပြဿနာရှာနေသော ကလေး များကို ဆိုလိုခြင်း ဖြစ်ပါသည်။ ‘‘တချို့ကလေးတွေပေါ့။ တော်တန်ရုံမစားဘူး။ ဘာနဲ့မှ စားမယ်။ ဘယ်အချိန်မှစားမယ်။ ဘယ်သူနဲ့မှ၊ ဘာလုပ်ပေးမှ စား မယ်။ အဲဒီလိုလူမျိုးတွေဆိုရင် တော့ ပြဿနာစရှိလာပြီ’’ဟု The Duke တက္ကသိုလ်မှ ကလေးအ စားပုံမှန်မစားခြင်း လေ့လာရေး ဌာန ဒါရိုက်တာနန်စီဆူကာက ပြောသည်။
‘‘ဒီလို ကလေးတွေမှာ ထိခိုက်မှုတွေက ပုံစံမျိုးစံနဲ့ ရှိတတ်ပါတယ်။ ဒီအစားကြေးများတဲ့ ပြဿနာက ကလေးရဲ့ ကျန်းမာရေး၊ကြီးထွားမှု၊ လူမှုရေး ဆောင်ရွက်မှုနဲ့ မိဘနဲ့ ကလေးကြား ဆက်ဆံရေးကို ထိခိုက်စေပါတယ်။ ကလေးအနေနဲ့ ဘယ်သူကမှသူတို့ကို  မယုံဘူးလို့ ထင်သလို မိဘတွေကလည်း ဒီပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကြတယ်’’ နန်စီအပါအ၀င် သုတေသီ များသည် အဆိုပါ အစီအစဉ်အ တွက် အသက်(၂)နှစ်မှ (၆)နှစ် အကြား ကလေး ၉၁၇ ဦးကို လေ့ လာ သုတေသနပြုခဲ့ကြသည်။ ယင်းသုတေသနကို မကြာသေးမီက ကလေးကျန်းမာရေး ဂျာနယ် တွင် ဖော်ပြခဲ့သည်။ အဆိုပါ လေ့လာချက်အရ သုတေသီများက မိဘများ အကျွမ်းဝင်ရှိပြီးသားဖြစ်သော အကြောင်းအရာတစ်ခုကို  အတည်ပြုနိုင်ခဲ့ သည်။ အစားအစာ ကြေးများမှု အသင့်အတင့်ရှိသော ကလေးများသည် အိမ်တွင် အစားအစာများ နှင့်ပတ်သက်၍ သာမန်ကလေးများထက် နှစ်ဆမှ ငါးဆပြဿနာလုပ်တတ်သော သဘောရှိသည်။ အစားအစာကြေးများမှုမှာ တော်ရုံနှင့် အလိုမကျတတ်သော၊ ဇီဇာကြောင်သော ကလေးများ ကတော့ အိမ်အပြင်ဘက်တွင် အစာစားလျှင် အစားအစာနှင့် ပတ်သက်၍ ရိုးရိုးကလေးများ ထက် နှစ်ဆလောက် ပြဿနာရှာ တတ်သည့် သဘောရှိသည်ဟု ဆိုပါသည်။
ထိုသုတေသန ပြုမှုအရ ကလေးများ၏ အစားစားခြင်း အလေ့အထသည် ၎င်းတို့ရုပ်ပိုင်း ဆိုင်ရာ နေထိုင်မှုနှင့် အိမ်မှာပြ ဿနာရှိမှုတို့နှင့်လည်း ဆက်စပ် နေတတ်သည်ဟု ဆိုသည်။ အချို့အစားအစာတွေကို ကြေးများပြီး ငြင်းဆန်တတ်သော ကလေးများသည် မိသားစုမှာ ရိုက်ပုတ်နှိပ်စက်မှုများနှင့် စိတ် ဓာတ်ကျရောဂါရှိသော အမေနှင့် အတူ နေရသူများဖြစ်ဖို့ များသည် ဟုလည်း သုတေသီများက ပြော သည်။ သည်နေရာမှာ စိတ်ပူစရာ မလိုတာက အစားအစာကြေးများ ခြင်း၊ ဇီဇာကြောင်ခြင်းဆိုသည် မှာ ကလေးများဆီမှာ အမြဲတမ်း ထာဝရ ရှိနေသော အရာမဟုတ် ပါ။ များသောအားဖြင့် ကလေးတွေ ကြီးကောင်ဝင်ပြီး အရွယ် ရောက်သည့်အခါ သည်အကျင့် လည်း ပျောက်သွားတတ်သည်။ သို့သော် တချို့တွေကတော့ အကျင့် ပျောက်မသွားဟုဆို သည်။ သည်လိုဆိုပါက သည်လို ကလေးတွေကို အရေးထား အာ ရုံစိုက်ပြီး ဖြေရှင်းဖို့ လိုသည်။ မိဘများအနေဖြင့် နားလည်သူများဆီမှာ အကူအညီတောင်းခံပြီးသည်ပြဿနာကို ဖြေရှင်းသင့်သည်။ ‘‘ကလေးအားလုံးက လူကြီးဖြစ်လာတဲ့ အချိန်ကျရင် အစားအစာကြေးများတာ၊ အစားရွေးစား တာတွေ ရှိနေတော့မှာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ သည်လိုကလေးဘ၀ အစားအစာကြေးများတဲ့ ကလေး တွေမှာ ငယ်စဉ်မှာ ကျန်းမာရေး နဲ့ ဖွံ့ဖြိုးမှုတွေ ထိခိုက်တာကို တွေ့ရပါတယ်။ ဒါကြောင့် မိဘ တွေကို ကူညီပြီးသည် ပြဿနာ ကို ကူညီဖြေရှင်းဖို့ စဉ်းစားသင့်ပါ တယ်’’ဟု သုတေသီနန်စီဆူကာ က ပြောကြားခဲ့သည်။

(၀ါရှင်တန်ပို့စ်သတင်းစာပါ Your Kid's Picky Eating May Not be so Harmless After All ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

အရွယ်မတိုင်မီသူတွေဖတ်ဖို့

ယခု ၂၀၁၅ နှစ်ဆန်း အခါသမယ ဇန်နဝါရီလလယ်ပိုင်းရက်တွေအတွင်းဆီတုန်းက မြန်မာနိုင်ငံရန် ကုန်မြို့တော်၌ မည်သည့် အခါကမှ မကျင်းပဖူးခဲ့သည့်စာပေပွဲတော် ကြီးတစ်ခု ကျင်းပဖြစ်ခဲ့ပါသည်။ Nobel-Myanmar Literary Festival ပင်ဖြစ်ပါသည်။ နိုဗယ် မြန်မာစာပေပွဲတော်ဟု ဆိုကြပါ စို့။ စာပေအနုပညာနှင့် ပတ်သက်သူများအားလုံး ကိုယ့်အသိနှင့် ကိုယ် ပါဝင်ဆောင်ရွက်လိုက်ကြ သဖြင့် တကယ့်ကို ခြိမ့်ခြိမ့်သဲသည့် ပွဲတော်ကြီးဖြစ်သွားခဲ့ရပါသည်။ စာအုပ်ဈေးများ၊ ဟောပြောပွဲများ၊ စင်တင်ပြဇာတ်များ၊ စာပေဆွေးနွေးပွဲများ၊ စာပေစကား ဝိုင်းများ၊ ရေးသူဖတ်သူထုတ်ဝေသူများ။
ထို ၂၀၁၅ နိုဗယ်မြန်မာစာပေ ပွဲတော်၏ အထူးပြုဦးတည်ရာနယ်ပယ်က စာပေနှင့် ငြိမ်းချမ်းရေး။
ယခုစာပေပွဲတော်တစ်ခုထပ် မံကျင်းပနိုင်ရန်အတွက် စာပေ လောကသားတို့ စိုင်းပြင်းလျက်ရှိ ကြပြန်ပါပြီ။ ၂၀၁၆ နှစ်ဆန်း၌ ကျင်းပရန် ရည်ရွယ်ထားကြပြီး သည်တစ်ခါ ဦးတည်ရာက ကလေးစာပေ၊ ကလေးတို့အတွက် ဖြစ်ပါသည်။ ကလေးဟုဆိုလိုက်ရ သော်လည်း သူတို့နှင့် နယ်နိမိတ် ချင်းထိစပ်နေသည့် လူငယ်စာပေ လည်း သိုးကာသီကာဖြင့် ပါ ကောင်းပါနိုင်မည်ပေါ့။ ထား။ ထို Nobel-Myanmar Literary Festival (children)အတွက် အကြိုအစည်းအဝေးပွဲက လေးတစ်ပွဲလုပ်ရာ ထိုပွဲသို့ရောက် သွားရပါသည်။ ဘာတွေလုပ်မယ်၊ ညာတွေလုပ်မယ်၊ ဘယ်သူဘာ လုပ်၊ ဘယ်ဝါဘာလုပ်ညှိနှိုင်းကြ သည့်ပွဲပဲဖြစ်ပါသည်။ ထိုလုပ် ဆောင်ရန်ဆုံးဖြတ်ကြရာ၌ အရေး ကြီးသောတစ်ခုမှာ ကလေးစာပေ ထုတ်ဝေခြင်း။ ကလေးများဖတ်ဖို့။ လူကြီးများဖတ်ဖို့မဟုတ်။ 
တိုက်တိုက်ဆိုင်ဆိုင် ယခု ရက်ပိုင်းကလေးအတွင်း၌ အရေး ကြီးသည့်အစည်းအဝေးကလေး တစ်ခုတက်ရပါသည်။ မူလတန်း ဖတ်စာစာအုပ်ပြုစုရေးသားမှုနှင့် ပတ်သက်၍ အကြံပေးရသည့်အ စည်းအဝေး။ ထိုအစည်းအဝေးသို့ တက်ရောက်လာသူ နိုင်ငံခြားသား တစ်ယောက်က စကားပြန်မှတစ်ဆင့် ပြောသော စကားတစ်ခွန်းမှာ တော်တော်ကလေး စဉ်းစားဖို့ ကောင်းပါသည်။ ကျောင်းသင်ရိုးပါ မြန်မာစာကို အထောက်အကူပြုရန်အတွက် ကျောင်းပြင်ပဖတ်စရာ စာအုပ်များကို ကလေးတို့အတွက် ရေးသားပေးကြပါရန်ဟု ထိုနိုင်ငံခြားသားက မေတ္တာရပ်ခံနေခြင်းပင် ဖြစ်ပါသည်။ 
ကလေးတို့ဖတ်စရာတဲ့။
ကလေးတို့ဖတ်ဖို့တဲ့။
ကလေးစာပေတဲ့။
ကျွန်တော်တို့မှာ ပေါကြွယ်ဝ ကြပါရဲ့လား။
ကလေးတို့ဖတ်စရာ စာပေအနုပ ညာဆိုသည်က လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်ပါ သည်။ စွတ်ရွတ်ပြီး ချရေးလိုက်၍ ရသည်မျိုးမဟုတ်ပါ။ 
မမ ဝဝ
ထထ က
အက ပထမ။
ကပါ ကပါ
မမရာ
ညည လသာသာ
ညအခါ
ငါစာရ
မမ ဝဝ
ထထ က။
ယင်းမှာ နိုင်ငံကျော်ကဗျာ ဆရာကြီး ‘‘တင်မိုး’’၏ ‘‘မမဝဝ’’က လေးကဗျာဖြစ်ပါသည်။ အ ကြောင်းအရာက ကလေးဘဝပတ် ဝန်းကျင်အကြောင်းအရာ။ ကဗျာပါ စကားလုံးတွေက ရိုးရိုးဗျည်းနှင့် ရိုးရိုးသရတွေချည်း။ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုးမပါ။ အသတ်မပါ။ အ နှင့် အာ ကိုသာ အခြေခံပြီးရေး ထားကြောင်း တွေ့ရပါလိမ့်မည်။ 
ပါပီကလေး
ပု တု တု။
သူ့စကားက
ဝု ဝု ဝု။
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ။
ယင်းကမူ‘‘ဒေါက်တာမောင်ဖြူး’’၏ ‘‘ပါပီကလေး’’ကလေးကဗျာ။ အကြောင်းအရာက ကလေးကြိုက်ခွေးကလေးအကြောင်း။ ကဗျာတစ်ပုဒ်လုံး၌ အသတ်မပါ။ ဗျည်းတွဲမပါ။ အအာအား၊ အိအီအီး၊ အုအူအူးသာပါသည့်ကဗျာ။ 
ကလေးတို့ဖတ်ဖို့ဆိုသည်မှာ ဉာဏ်ကြီးသူတို့က အသေအချာ ချင့်ချိန်တွက်ဆပြီးမှ ချရေးသား ထားခဲ့ခြင်းဖြစ်ပေရာ လွယ်ကူ သောအလုပ်ကား မဟုတ်ပါ။ ထို့ကြောင့် ဆရာတင်မိုးက ငယ်ငယ်တုန်းက လူကြီးကဗျာရေး တယ်။ ကြီးလာတော့ ကလေးက ဗျာရေးတယ်ဟု ဆိုခဲ့ခြင်းဖြစ်ပါ သည်။ ကလေးတို့အတွက် သင့်၊ မသင့်ဆိုသည်ကို ကြီးမှသာ ချိန် ဆနိုင်မည်မဟုတ်လား။ 
မြန်မာနိုင်ငံ၌ ကလေးစာပေအ မည်ခံကာ ကဗျာ၊စကားပြေအထွေ ထွေထွက်ရှိပါသည်။ စာအုပ်အ များစုက အရောရောအထွေးထွေး ထွက်နေကြခြင်းဖြစ်ရာ မည်သည့် အသက်အရွယ်အတွက် မည်သို့ သောအဆင့် (Level)နှင့်ပြုစုရေး ထားလေသလဲဆိုသည်ကို မသိ ပါ။ ရေးသူထုတ်သူ မည်သို့သော မူနှင့် ပြုစုရေးသားတည်းဖြတ် ထုတ်ဝေနေသလဲဆိုသည်ကို မခန့် မှန်းတတ်ပါ။ မြန်မာနိုင်ငံ ပြင်ပမှာက က လေးတို့ ဖတ်စရာကို သီးခြားပြုစု ပါသည်။ ဗျည်းအဆင့်၊ သရအ ဆင့်၊ စကားလုံးအဆင့် စသည်ဖြင့် ဖတ်မည့်ကလေး၏အသက်နှင့် အတန်းကိုပါချိန်ဆကာ ဖတ်စရာများ ကို ရေးသားပေးကြခြင်းဖြစ်ပါ သည်။ ဥပမာဆိုကြပါစို့။ Sophie’s World ။ ကျွန်တော်တို့ဆီ၌လည်း  ဆိုဖီ၏ကမ္ဘာ စသည်ဖြင့် လူသိများ ပါသည်။ ထိုစာအုပ်ကိုရေးသူ Jostein Gaarder က ကမ္ဘာ့အ တွေးအခေါ်များကို ဆယ်ကျော်သက်တို့နားလည်စေရန် ဝတ္ထုပုံစံ ဖြင့် ဘာသာစကားအဆင့်ကို အောက်သို့လျောဆင်းကာ ရေး ထားခဲ့ခြင်းဖြစ်ပါသည်။ ကောင်းလွန်းသဖြင့် မူရင်းနော်ဝေးဘာသာ မှ တစ်ဆင့် ဘာသာအသီးသီးသို့ ပြန်ခဲ့ရသော စာအုပ်ဖြစ်ပါသည်။
Philosophy for Kids  တဲ့။Philosophy for Teens တဲ့။ နက် နဲသည့်အတွေးအခေါ်များကိုပင် ကလေးတို့အတွက်၊ ဆယ်ကျော်သက်အတွက် ထုတ်ဝေကြပါ သည်။ ရော်ဘင်ဆင်ခရူးဆိုး (Robinson Crusoe)ကိုလည်း ကလေးဖတ်ဖို့ ထုတ်သည်။ မျှော်တလင့်လင့် (Great Expectations)ကိုလည်း ကလေးဖတ်ဖို့ ထုတ်သည်။ ပင်လယ်ပြာနဲ့တံငါအို(The old man and the sea)ကိုလည်း ကလေးဖတ်ဖို့ ထုတ်သည်။ လေရူးသုန်သုန်(Gone with the Wind)ကိုလည်း ကလေးဖတ်ဖို့ ထုတ်သည်။ သူတို့က မူရင်းကို အကျဉ်း ချုံ့လိုက်ရုံသက်သက်မျှ မဟုတ် ပါ။ ဘာသာစကားအဆင့်အလိုက် သုံးစွဲကာ ပြန်ရေးခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ဆီမှာ ထိုကိစ္စ အား အလွန်နည်းပါသည်။ မြန်မာ ကလေးတို့ဖတ်ဖို့ရာ ကျွန်တော်တို့ ရေးကြရာ၌ အသစ်ကိုပဲ ရေးရေး၊ အဟောင်းကိုပဲ ပြန်ရေးရေး ဘာ သာစကားကိစ္စကို အလေးထားစေ ချင်ပါသည်။ ခပ်တိုတိုကလေး ရေးလိုက်လျှင် ကလေးတို့အတွက် ဖြစ်ကရော့ဟု သဘောထား၍ မရနိုင်ပါ။
ကလေးစာပေပွဲတော်အမီ ကလေးဆန်ဖို့ရာ ကြိုးစားကြပါဦး စို့ရဲ့။

Sunday, August 23, 2015

ကလေးစကား

လူ့ပတ်ဝန်းကျင်မှာ ဆက်သွယ်ဖို့အတွက် စကားဆိုတာကို မပြောမဖြစ် ပြောကြရပါတယ်။ အထူးသဖြင့် ကိုယ့်ရင်ထဲက ခံစားချက်တွေ၊ ဖြစ်ချင်တဲ့ဆန္ဒတွေကို သူများတကာသိအောင်ပြောပြမှ ဖြစ်တာကိုး။ တချို့တွေက စကားပြောကျွမ်းကျင်တယ်၊ စကားပြောကောင်းတယ်လို့ အသိအမှတ်ပြုခံရတယ်။ ဘာကြောင့်များလဲ။ တစ်ဖက်သား စိတ်ချမ်းသာအောင် လိုရင်းကို ထိထိမိမိပြောတတ်သူကြောင့် ပဲပေါ့။ ကိုယ့်စကား နားထောင်မယ့်သူကို ဝေဖန် ထောက်ပြတာမျိုးပဲဖြစ်ဖြစ် မရိုင်းအောင်၊ နားဝင်ခံသာအောင်ပြောနိုင်တဲ့ အရည်အသွေးမျိုးကို စကားပြောကောင်းသူတွေ ပိုင်ဆိုင်လေ့ရှိကြတယ်။ စကားပရိယာယ်လည်း ကြွယ်သလို ဥပမာ ဥပမေယျလေးတွေနဲ့ ရှင်းလင်းပြနိုင်စွမ်းလည်းရှိတယ်။ စကားများခြင်းနဲ့ စကားပြောကောင်းခြင်းတို့ရဲ့ ခြားနားချက်ကို ကောင်းကောင်းကြီး နားလည် သဘောပေါက်ထားတာဖြစ်လို့ အကြောင်းအရာတစ်ခုခုကို ပြောမယ်ကြံရင် လိုရင်းတိုရှင်းပဲပြောတယ်။ ဝေ့ဝိုက်ပြီး စကားကြောရှည်နေရင် နားထောင်ရတဲ့သူ စိတ်မရှည်ဖြစ်တတ်တာကို ကောင်းကောင်းကြီး သဘောပေါက်ထားတယ်။
တချို့ကျပြန်တော့ ရင်ထဲမှာ ဘာမှမထားတတ်ဘူး။ ပြောစရာရှိရင် ဘွင်းဘွင်းပဲ ပြောချလိုက်ရမှ ရင်ထဲပေါ့သွားတယ်လို့ ဆိုတယ်။ မှန်တယ်၊ အဲဒီလို ပွင့်လင်းတဲ့ ဘွင်းဘွင်းသမားတွေအတွက် ရင်ထဲပေါ့သွားပေမယ့် အပြောခံရသူတွေ အတွက်တော့ ပိဿာလေးဘေးပစ်မို့ ရင်ထဲအောင့်သွားမှာတော့အမှန်ပဲ။ ပြီးတော့ အပြောခံရလေခြင်းရယ်လို့ တနုံ့နုံ့ ခံစားသွားရပြီသာမှတ်။ ဒီတော့ အသိဥာဏ်ကြွယ်တဲ့ သူတွေအတွက် စကားပြောတဲ့အခါ ရှေ့နောက်ဆင်ခြင်ပြီး ထိန်းပြောတတ်တာ အကျင့်တစ်ခုလိုပါပဲ။ ကောက်ပင်ရိတ်လှီး အစချီတဲ့စကားကြီးဆယ်မျိုးကို မကျွမ်းမကျင်ဘူးပဲထား ပြောသင့်တဲ့စကားကို အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ပြောဆိုတတ်ဖို့တော့လိုမယ်။ ရင်ထဲကခံစားချက်မှန်သမျှကို စကားလုံးအဖြစ် ဖွင့်မထုတ်ဘဲ ပြောသင့်သမျှသာပြော၊ မျိုချသင့်သလောက်မျိုချနှင့် စကားလှအောင် ပြောတတ်တာကို လူကြီးစကားလို့ သတ်မှတ်မယ်ဆိုရင်ပေါ့။ ဘာစကားလုံးရွေးချယ်မှုမှ မရှိဘဲ ရင်ထဲရှိသမျှ အမှန်အတိုင်း ဖွင့်ပြောပစ်တတ်တာကို ကလေးစကားလို့ပဲဆိုပါရစေ။
ကလေးသဘာဝ လွတ်လွတ်လပ်လပ်ကြီး ဆော့ကစားလို့ နေချင်တယ်။ အချိန်တန်အိပ်မယ်၊ စားမယ် ဘာဆိုဘာမှ အပူအပင်မရှိဘူး။ ဒါပေမယ့် ကျောင်းထားရမယ့်အချိန် ရောက်လာတဲ့အခါ (များသောအားဖြင့် စိတ်မပါကြဘူး) ကျောင်းတက်ကြရသည်ပဲပေါ့။ စိတ်လွတ်ကိုယ်လွတ် မဟုတ်တော့ဘဲ စည်းကမ်းဘောင်တစ်ခုထဲမှာ နေကြရတဲ့အခါ သူတို့လေးတွေရင်ထဲက ခံစားချက်တွေကို အရှိအတိုင်း ထုတ်ဖော်ခွင့်ရမယ်ဆိုရင် …
နိုင်ငံတကာကလေးတွေ တက်ရောက်သင်ကြားနေတဲ့ ကျောင်းတစ်ကျောင်းမှာ အတန်းစုံက ကလေးတွေကို ကျောင်းနှင့်ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ရေးခွင့်ပေးတဲ့အခါ သိခွင့်ရတဲ့ ကလေးစကားတစ်ချို့ကို ဖော်ပြလိုက်ပါသည်။ သူတို့လက်ရေးလေးတွေနှင့်ရေးပြီး နံရံကသင်ပုန်းပေါ်မှာ ကပ်ထားတာတွေကတော့….
“ကျောင်းဆိုတာဆူညံပြီး ရှုပ်ယှက်ခတ်နေတဲ့နေရာကြီးပဲ၊ နေချင်တိုင်းနေလို့မရ၊ သွားချင်တိုင်းသွားလို့မရဘူး။ တစ်ချိန်လုံးလိုလို တန်းစီပြီးသွားလာနေရတယ်။ ကျောင်းအုပ်ဆရာကြီးပြောတဲ့ စည်းကမ်းတွေ၊ ဆုံးမစကားတွေချည်း မနက်တိုင်းကြားနေရတယ်။ စာကြည့်တိုက်ဆိုလို့သွားပါတယ်။ သားရေဟောင်းအနံ့နဲ့ စာအုပ်တွေချည်းပဲ၊ အဲဒါကျွန်တော်တက်နေရတဲ့ကျောင်းပေါ့။”
နောက်တစ်ယောက်ကတော့……..
“တစ်ချိန်လုံးငြိမ်ငြိမ်လေးနေရတာ ကျွန်တော်စိတ်ညစ်မနေတတ်ဘူး။ ကျွန်တော်လေ စက်ဘီးစီးပြီးသွားနေရတဲ့အခါ လွတ်လပ်လိုက်တာဗျာ။ လေတွေကတိုက်လို့ ပန်းကလေးတွေကို ကြည့်လိုက် ဌက်ကလေးတွေကိုကြည့်လိုက်နဲ့ တအားပျော်ဖို့ကောင်းတာ။ ကျောင်းမှာကျတော့ ထိုင်ဆိုထိုင် ထဆိုထ၊ ကိုယ့်စိတ်နဲ့ကိုယ် ဘာမှလုပ်ခွင့်မရှိဘူး။ တစ်ခုတော့ရှိတာပေါ့။ ကျွန်တော်စိတ်ဝင်စားတဲ့ ပထဝီဝင်ဘာသာရပ်ကို သင်ရရင်ပေါ့။ တောတောင်တွေနဲ့ ကမ္ဘာ့နိုင်ငံအကြောင်းတွေလေ။”
ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံကနေရောက်လာတဲ့ ကျောင်းသားတစ်ဦးရဲ့ အဆိုကတော့ “ကျွန်တော့်ဇာတိက တီမောနိုင်ငံပါ။ စစ်ဖြစ်ဖြစ်ချင်းကျွန်တော်တို့မိသားစုက ဒီသြစတေးလျနိုင်ငံကို ပြောင်းလာခဲ့ကြတာပါ။ အစတုန်းကဆို ကျွန်တော်ဒီမှာဘယ်လိုမှ မပျော်ဘူး မနေတတ်ဘူး။ တီမောကိုပဲပြန်ချင်နေတယ်။ ဒါပေမယ့် ဒီမှာနေမှဖြစ်မယ်သားလို့ အမေကပြောတယ်။ ကျွန်တော်ကမေးတယ်။ အမေ … ဒါဆိုရင်ကောင်းပြီ၊ ကျွန်တော်ကျောင်းကို မနက်ဖြန်တက်လို့ရမလား” ဆိုတော့ အမေက – ရတယ်သား၊ အမေလိုက်ပို့ပေးမယ်တဲ့။မိုးလင်းတာနဲ့ အမေက ကျွန်တော့်ပစ္စည်းတွေ အဆင်သင့်စီစဉ်ပေးတယ်။ မနက်စာ စားပြီးပြီးချင်းမှာပဲ ကျောပိုးအိတ်လွယ်ပြီး ကျောင်းကိုသွားရတယ်။ ကျောင်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့်ကိုခေါ်ပြီး တစ်ကျောင်းလုံးကို လှည့်ပတ်ပတ်တယ်။ ကျွန်တော်တက်ရမယ့်အတန်းမှာ  ဆရာကကျွန်တော့ကို အတန်းဖော်တွေအားလုံးနဲ့ မိတ်ဆက်ပေးတယ်။ သူတို့အားလုံးက ကျွန်တော့်အပေါ် ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ စစ်ဖြစ်တဲ့နိုင်ငံက လာတာဆိုပြီး ဂရုလည်းစိုက်ကြတယ်။ အခုဆိုရင် ကျွန်တော်ကျောင်းတက်
ရတာပျော်နေပြီ။ သြစတေးလျကိုလည်းချစ်သွားပြီ။”
ကျောင်းသူလေးတစ်ယောက်ရေးထားပုံက – “ကျွန်မက ကျောင်းစာအားလုံး ဝါသနာပါတယ်။ ဂဏန်းသင်္ချာကလွဲလို့ပေါ့။ ဘယ်မကောင်းဆိုးဝါးကများ ဒီဂဏန်းသင်္ချာဆိုတာကြီးကို တီထွင်ထားပါလိမ့်။ ဦးနှောက်ပူအောင်စဉ်းစားရတဲ့ ဒီဘာသာရပ်ကြီးကို ကျွန်မအမုန်းဆုံးပဲ”
အကြားအားရုံချို့တဲ့နေတဲ့ ကျောင်းသားတစ်ယောက်ကရေးထားတယ်။
“ဒီကမ္ဘာကြီးမှာ နားကြားသူတွေရော မကြားနိုင်သူတွေပါ ရှိနေကြတာကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော့်နာမည် ရောဘတ်လင်းမ်ပါ။ ကျွန်တော် နားမကြားရသူတစ်ဦး ဖြစ်ပေမယ့် ကြားနိုင်တဲ့ သူငယ်ချင်းတွေနဲ့အတူ ကစားလေ့ရှိပါတယ်။ သူတို့ကကျွန်တော့်ကို ခင်ကြတယ်။ ကျွန်တော်ရောပေါ့။ နားကြပ် (နားကြားကိရိယာ) တပ်ထားရတာကို ကျွန်တော်မကြိုက်ဘူး။ နားကြပ်နဲ့ သီချင်းနားထောင်ရတာကိုပဲ ကြိုက်တယ်။ ကျွန်တော်တို့ အတန်းပိုင်ဆရာက သိပ်သဘောကောင်းတယ်။ ကျွန်တော်သဘောကျတယ်။ ဆရာက တစ်ခါတစ်လေမှ ဒေါသတကြီး ဖြစ်တတ်တာပါ။ ကျောင်းဆိုတာ အိမ်နဲ့မတူတဲ့ ပျော်စရာနေရာလေးတစ်ခုပါဗျာ”
နွမ်းပါးလို့ ခက်ခက်ခဲခဲကျောင်းတက်နေရတဲ့ ကျောင်းသားလေး တစ်ယောက်ကတော့
“ကျွန်တော့်ကမ္ဘာမှာ သူငယ်ချင်းတွေရော ရန်သူတွေပါရှိတယ်။ ကျွန်တော် ဆင်းရဲတာကို ချမ်းသာတဲ့ ကျောင်းသားတချို့က နှိမ်တယ်၊ ဝိုင်းစကြတယ်။ ကျွန်တော်လေ သူတို့ကို ပြန်ပြီးနှိမ်လို့ရတဲ့သူ ဖြစ်ချင်လိုက်တာဗျာ။ ဒါမှ သူတို့ဘယ်လိုခံစားရမလဲဆိုတာသိချင်လို့။ ဒါပေမယ့် ကျွန်တော့်ကိုခင်တဲ့ သူငယ်ချင်းတွေကတော့ အားပေးပါတယ်ဗျာ။ သူတို့ကြောင့်ပဲ ကျောင်းပျော်နေရတာပါ”
အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်က ရေးထားတယ် “ကျွန်မက လူမှုရေးသိပ္ပံဘာသာကို အရမ်းကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘာသာရပ်ကိုသင်တဲ့ ဆရာဘရိုင်ယင်က သဘောကောင်းတယ်၊ စိတ်ရှည်တယ်၊ ကျောင်းသားတွေ နားလည်အောင်ရှင်းပြတတ်တယ်။ မျက်နှာကပြုံးပြုံးရွှင်ရွှင်ရှိတော့ အားလုံးက ချစ်ကြတာပေါ့။ ကျန်တဲ့ဘာသာရပ် ဆရာတွေ ဆရာမတွေက အပြစ်ရှာပြီး ကြိမ်းမောင်းနေကြတာပဲ။ သူတို့အားလုံး ဆရာဘရိုယင်လိုဖြစ်ရင်သိပ်ကောင်းမှာပဲနော်။ အခုတော့လေ ဟိုဟာမလုပ်နဲ့။ ဒါလုပ်ပါလားတွေချည်းကြားနေရတယ်။ သူငယ်ချင်းတွေက ပြောတယ် တစ်ကျောင်းလုံးမှာ ဆရာဘရိုင်ယင်တွေချည်းရှိရင် ကျောင်းတက်ရတာ သိပ်ကိုပျော်မှာပဲတဲ့”…..
ကလေးအတွေးနှင့် ကလေးစကားတွေပါပဲ။ စာဖတ်သူရောပြန်တွေးမိမလား မသိဘူး။ ကျောင်းတက်ရခါစ ငယ်ဘဝကိုပေါ့။
နှင်းဆီခင်