ကျူရှင်ပပျောက်ရေးနှင့် သည်မိုးသည်လေ
ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်နေပြီး
လူပြောသူပြောများနေသော မြန်မာနိုင်ငံ၏ ပညာရေးလောကတွင် နုတ်ရခက်နေသော ဆူးတစ်ချောင်းမှာ
ကျူရှင်ပြဿနာပင်ဖြစ်သည်။ ကျူရှင်ပြဿနာမှာ အမိန့်ထုတ်ပြီး ဖြေရှင်း၍ ရကောင်းသောပြဿနာမ ဟုတ်ပါ။ ဖြေရှင်း၍လည်း
မရခဲ့ပါ။ ယင်းကိုဖြေရှင်းရာတွင် ဖွံ့ဖြိုးပြီး နိုင်ငံများမှာကဲ့သို့ ဆရာ၊ ဆရာမများအား
အမြင့်ဆုံးလစာပေးနိုင်ရေး အပါအ၀င် လတ်တလော ဆောင်ရွက်ရန် ခက်သည့် ကိစ္စများရှိနေသလို
ချက်ချင်းဆောင်ရွက်လျှင် ရနိုင်သည့်ကိစ္စများလည်း ရှိနေမည်ဟု ထင်မြင်မိ ပါသည်။
ကျူရှင်ပြဿနာတွင်
ဆရာဆရာမများ အပြင်ကဲကဲတက် မိဘများသာဖြစ်သည်ဟု တွေးဆမိပါသည်။ မိဘများသည် သားသမီးများကို
ကျောင်းမပို့မီကပင် ကျောင်းတက်သည့်အခါ အဆင့် ၁၊ ၂၊ ၃ ရမှ လူရာဝင်မည့် မျှော်လင့်ချက်မျိုးထားကာ
နုနယ်လှသော ကလေးငယ်များအား ကျူရှင်သင်းသတ်စခန်းသို့ ပို့ကြလေသည်။ ပြီးလျှင် အတန်းပိုင်ဆရာမအား
ကျူရှင်သင်ခိုင်းကြသည်။ ဆရာဆရာမများမှာ အစပိုင်းက ကျူရှင်သင်လိုကြ သူများမဟုတ်ဘဲ ကျူရှင်သင်ဖို့ရာကိုပင်
ကြောက်ရွှံ့ကြသူများဖြစ်သော်လည်း မလွဲမရှောင်သာ ကျူရှင်သင်ကြ ရာမှ မိမိတို့၏ မပြေလည်သော
စားဝတ်နေရေးအတွက် ဆေးခါးကြီးကို တွေ့သွားကြသူများဖြစ်သည်။ ကျူရှင် သင်ပြီး အဆင်ပြေသွားကြသော
ဆရာ၊ ဆရာမများကိုကြည့်ပြီး စာသင်ကြားသည်မှလွဲ၍ အခြားစီးပွားရေး မဆောင်ရွက်တတ်သော ဆရာ၊
ဆရာမတို့မှာ ကျူရှင်ကိုသာ ဖက်တွယ်ကြရရှာပါသည်။ ကျူရှင်သင်နိုင်ရန် ကြိုးစားလာကြပါသည်။
သို့ဖြင့် ဆရာ၊ ဆရာမများနှင့် ကဲကဲတက်မိဘများအကြားတွင် ကလေးငယ်များမှာ သူတို့၏ကလေးဘဝ
ပျော်ရွှင်မှု၊ လွတ်လပ်မှုတို့ ဆုံးရှုံးကြရရှာလေသည်။ ဆော့နေတာထက် စာသင်နေတာ ကောင်းတယ်ဟု
ယူဆသော မြန်မာ့အသိုင်းအ၀ိုင်း၌ အစပိုင်းတွင်မူ ဆရာ၊ ဆရာမများ၏ဘ၀ကို စာနာသော အတော်အတင့်တတ်နိုင်သူ
မိဘများကပင် လိုလိုလားလား တိုက်တွန်းကြပါသည်။ နွမ်းပါးသော မိဘများအတွက်တော့ ၀န်ထုပ်ဝန်ပိုးဖြစ်လာရသည်။
ကလေးတစ်ဦးအဖို့ ကြီးလာရင်
‘ဘာ’ ဖြစ်ချင်တယ်ဟူသော အိပ်မက်ပျောက်ဆုံးသွားပြီး အခြားသူဆုံးဖြတ်ပေးမှ လုပ်ကိုင်တတ်သောအကျင့်
စွဲလာစေတော့သည်။ ကလေးတစ်ဦးစာမေးပွဲအောင်ရန် စာအပြင် အားကစား အနုပညာ တီထွင်မှု ပေါင်းသင်းဆက်ဆံရေး
ပြောရဲဆိုရဲမှု စသည်အကဲဖြတ်ချက်များက အထောက်အကူ ပြုနေမည်ဆိုပါက . . . . .

အဆင့် ၁၊ ၂၊ ၃ ပေးသောစနစ်အရ
ကလေးတစ်ယောက်သည် အမှတ်ပေါင်း ၃၀၀ ဖြင့် အဆင့်(၁) ရသည် ဆိုပါက သူနှင့်အမှတ်တူ ကလေးသုံးယောက်ရှိလျှင်
အဆင့် (၁) သုံးယောက် ရရှိနေမည်ဖြစ်သည်။ ထို့အတွက် သူ့အောက်တစ်မှတ်လျော့ သို့မဟုတ် သူ့ထက်အမှတ်နည်းသော
ရမှတ်တူကလေးများမှာ အဆင့် (၂) စုပြုံရကြ ဦးမည်ဖြစ်သည်။ အကယ်၍ တစ်မှတ်လျော့ကလေးများသာ
ဖြစ်ခဲ့ပါက အဆင့်တိုင်းတွင် အမှတ်တူကလေးများ သုံးဦးစီသာ ရှိခဲ့မည်ဆိုလျှင် အဆင့်
(၁) ရသော ကလေးထက် ရမှတ်နှစ်မှတ်သာ လျော့သောကလေးမှာ အဆင့်(၇)သာရမည် ဖြစ်သည်။ ထို့အတွက်
စံတော်ဝင်အဆင့်မမီတော့သည့်အတွက် ကလေးအနေဖြင့် မည်သို့မျှခံစားရမည် မဟုတ်သော်လည်း မချိတင်ကဲ
ဖြစ်ကြရသူများမှာ မိဘများ ဖြစ်ကြသည်။ ထို့ကြောင့် အဆင့် ၁၊ ၂၊ ၃ ရရှိရေးအတွက် ဆရာ၊
ဆရာမများအား မိဘများက နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ကြရာမှ ‘ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်’
ဆိုသည့်ဇာတ်လမ်း ဖြစ်လာရလေသည်။ အကယ်၍ အဆင့် ၁၊ ၂၊ ၃ ပေးသောစနစ်အစား အခြားတစ်ခုဖြင့်
အစားထိုးနိုင်လျှင် မှားယွင်းသောပြိုင်ဆိုင်မှုများ လျော့နည်းသွား နိုင်ပါသည်။ ရမှတ်ခွင်တစ်ခု
သတ်မှတ်ပြီး အဆင့်ပေးလျှင် ရမည်လားဟု စဉ်းစားသင့်ပါသည်။ ဥပမာ ရမှတ် ၁၀၀ မှ ၈၀ အတွင်း
‘က’ အဆင့် ၈၀ မှ ၆၀ အတွင်း ‘ခ’ အဆင့် စသည်ဖြင့် သတ်မှတ်လျှင် အမှတ်အနည်းငယ် ကွာရုံမျှဖြင့်
အဆင့်များစွာဝေးမည် မဟုတ်တော့ဘဲ တစ်ဦးကောင်းတစ်ဆင့်ကောင်းမှ အစုအဖွဲ့အသွင် ဆောင်လာသဖြင့်
အငမ်းမရကျူရှင်တက်လို အားလျော့ကျလာလျှင် ကျူရှင်ပြဿနာ ဖြေရှင်းရေးအတွက် အထောက်အကူပြုမည်ဟု
ဆိုပါသည်။
ထို့ပြင် အလွတ်ကျက်ဖြေစနစ်နှင့်
စာကိုသာဦးစားပေးလွန်းသော စာမေးပွဲစနစ်တို့ကလည်း ကျူရှင်နှင့် Guide များကို ပိုမိုအရေးပါလာစေပါသည်။
ကျက်စရာများလွန်းလှသဖြင့် Guide ခေါ်နေကြခြင်းဖြစ်သည်ဟုလည်း ယူဆနိုင်ပါသည်။ Guide ဆိုသည်မှာ
စာကျက်အကူများသာ ဖြစ်ကြသည်။ စာကို အထပ်ထပ်ကျက်မှတ် စေခြင်းဖြင့် အမှတ်များများရယူစေသော
အလုပ်ဖြစ်သည်။ အချို့မိဘများကလည်း အိမ်တွင်စာမကျက်ဘဲ ကစားနေသည်ကို မကြိုက်သောကြောင့်
Guide သို့ပို့ရခြင်း၊ Guide ငှားရခြင်းဖြစ်သည်။ သို့ဖြင့် Guide အားကိုးဖြင့် စာကိုအထပ်ထပ်
ကျက်မှတ်နိုင်သော ကလေးများက ရှေ့တန်းအဆင့်နေရာရလာကြပြီး ကျန်ကလေးများက အနောက်သို့ရောက်ကာ
စိတ်အားငယ်ကြရသည်။ အမှန်မှာ ဉာဏ်ရည်လွန်မင်းစွာ ကွာခြားကြသည်ဟုတော့ အပြတ်မဆိုသာပေ။
ဆိုးကျိုးမှာ မိမိတစ်နေ့တာ သင်ခန်းစာကိုပင် မိမိဘာသာ ကျက်မှတ်ရန် မပြင်ဆင်တတ်သော ကလေးအဖို့
အနာဂတ်အတွက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု အရည်အသွေးမှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ ကလေးတစ်ဦးအဖို့
ကြီးလာရင် ‘ဘာ’ ဖြစ်ချင်တယ်ဟူသော အိပ်မက်ပျောက်ဆုံး သွားပြီး အခြားသူဆုံးဖြတ်ပေးမှ
လုပ်ကိုင်တတ်သောအကျင့် စွဲလာစေတော့သည်။ ကလေးတစ်ဦးစာမေးပွဲ အောင်ရန် စာအပြင် အားကစားအနုပညာ
တီထွင်မှု ပေါင်းသင်းဆက်ဆံရေး ပြောရဲဆိုရဲမှုစသည့် အကဲဖြတ်ချက်များက အထောက်အကူပြုနေမည်ဆိုပါက
ကျူရှင်တက်လိုသူ Guide ငှားလိုသူများ လျော့နည်းလာမည်ဟု ယူဆနိုင်ပါသည်။ လေ့လာရေးထွက်ပြီး
တွေ့ရှိမှုများကို ပြည်လည်ပြောပြစေခြင်း တစ်ကိုယ်ရေသန့်ရှင်းမှု အစရှိသည်တို့အတွက် အမှတ်ပေးခြင်းဖြင့်
စာကျက်၍ရသော အမှတ်များ လျော့နည်းလာလျှင် ကျူရှင်ကို အငမ်းမရ တက်ကြတော့မည်မဟုတ်ဟု ယူဆမိပါသည်။
ကျူရှင်မတက်လျှင် ရသည့်စနစ်တွင် ကြေးရည်တတ်များကလွဲလျှင် မည်သူမျှ ကျူရှင်ယူကြတော့မည်
မဟုတ်ပါ။ ကျူရှင်ယူသူ မရှိလျှင် ကျူရှင်လည်းမရှိတော့ပါ။
အခြားပြဿနာတစ်ခုမှာ
ကျောင်းသားနှင့်ဆရာအချိုး ဖြစ်သည်။ များပြားလှသော ကျောင်းသားများအား ဆရာတစ်ဦးတည်းအနေဖြင့်
ထောင့်စေ့အောင် မသင်နိုင်ခြင်းမှာတော့ ဆရာ့အပြစ်ဟု ဆိုနိုင်ကောင်းမည်မထင်။ ဆရာတစ်ဦးလျှင်
ကျောင်းသား ၆၀ ခန့် သင်ကြားနေရသော အခြေအနေမှာ သိကြားမင်းဆင်းသင်လျှင်ပင် ကျောင်းသားအားလုံးတတ်ဖို့
မလွယ်သည့်အဖြစ်ဟုပင် လွန်လွန်ကဲကဲပြောရမလို ဖြစ်နေသည်။ ထို့အတွက် မိမိကလေးနောက်ကျ ကျန်ရစ်မည်ကို
စိုးရိမ်သော မိဘများကလည်း ကျူရှင်အပ်ကြရတော့သည်။ ဆရာတစ်ဦးလျှင် ကျောင်းသား ၃၀ ခန့်သင်ကြားရသော
အခြေအနေသို့ ရောက်အောင်သွားနိုင်လျှင်တော့ ကောင်းမည်ထင်ပါသည်။
တက္ကသိုလ်ဝင်ခွင့်အား
ရမှတ်အပေါ် မူတည်ဆုံးဖြတ်ခြင်းကလည်း ကျူရှင်နှင့် Guide များကို ပိုမိုအရေးပါလာစေပါသည်။
မိမိဘ၀ ရှေ့တက်လမ်းတွင် အဆုံးအဖြတ်ဖြစ်နေသော တက္ကသိုလ်စားမေးပွဲကို အမှတ်များများရရန်
ကျောင်းသားများက အပြင်းအထန် ကြိုးစားကြရသကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲကလည်း မေးခွန်းဟောင်းများအပေါ်
အခြေပြုမေးခွန်းထုတ်လေ့ရှိရာ ကျူရှင်နှင့် Guide များသည် မေးခွန်းဟောင်းများကို အကြိမ်များစွာ
လေ့ကျင့်ခြင်းဖြင့် အောင်ချက်သရဖူကို ထိန်းသိမ်းနေကြသည်။ သို့သော် ယခုအခါ ပညာရှင်နှင့်
တက္ကသိုလ်ပါမောက္ခများကပါ ပြောဆိုဝေဖန်မှုများကြောင့် ပြုပြင်ပြောင်းလဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းများက ဖော်ပြနေကြသည်။
ကျူရှင်မှာ ခေတ်နှင့်စနစ်ကြောင့်
ပေါ်ပေါက်လာရကြောင်းသိပါက အမိန့်ပေးအရေးယူခြင်းထက် ခေတ်နှင့်စနစ်ကို ပြုပြင်ပြောင်းလဲနိုင်မှသာ
ကုစားနိုင်မည်ဖြစ်ဖြစ်သည်ကို သတိပြုရပါမည်။ ထို့ကြောင့် ပြုလွယ်ပြင်လွယ်ရှိသည်တို့ကို
အမြန်ပြင်ပြီး ရေရှည်ဆောင်ရွက်ရမည်တို့ကို ဆောင်ရွက်ကြခြင်းကသာ အဖြေတစ်ခုဖြစ်ပါလိမ့်မည်။
(ဆောင်းပါးရှင် - စည်သူငြိမ်း)
No comments:
Post a Comment