Saturday, December 13, 2014

မျိုးသစ်ကိုဆက်နိုင်မှ မျိုးဆက်သစ်ဖြစ်မည်

ယောက်ျားကောင်းဆိုတာ ဘယ်တော့မှ ဆုမတောင်းရဘူးကွ ဆုပန်ရတယ်ကွဟု ဆရာကြီးဦးအောင်သင်းက စာတစ်ပုဒ်တွင် ရေးခဲ့၏။ ဆရာက ဘုရားရှင်ကဲ့သို့ ဘုရားစင်စစ်ဖြစ်အောင် မဆုတ်မနစ် ပါရမီဖြည့် အားထုတ် ပါတော့မည်ဟူသော သိစိတ်ကို ဆိုလိုဟန်တူ၏။
ထို့ကြောင့် ဆရာကြီးက လူငယ်များကို မင်း ဆယ်တန်းတကယ်အောင်ချင်တယ်ဆိုရင် မင်းယုံကြည်ကိုးကွယ်ရာ ဘုရားရှေ့မှာ အဲဒီလိုဆုပန်ဝံ့သလား၊ အဓိဠာန်ပြုဝံ့သလား၊ အပျော်အပါး ပွဲလမ်းသဘင်ဟူသမျှကို ဒီတစ်နှစ် ပတ်လုံး စွန့်လွှတ်ပြီး စာကိုပဲ တစိုက်မတ် မတ်ကြိုးစားပါတော့မည်။ မနက်တိုင်း ငါးနာရီနောက်မကျစေဘဲ အိပ်ရာကထပြီး စာကြည့်ပါ့မယ်လို့ အဓိဠာန်ပြုပြီး အဲဒီအတိုင်း တည်အောင်လုပ်နိုင်ပါ့မလား။ လုပ်နိုင်ရင် တကယ်အောင်မြင်နိုင်ပါတယ်ဟု မျိုးသစ်ကိုဆက်မည့်မျိုးဆက်သစ်များ အားမှာခြွေခဲ့၏။
တကယ်တော့ မျိုးသစ်ကိုဆက်နိုင်မှ မျိုးဆက်သစ်နိုင်မည်ဖြစ်၏။ လူငယ်ဘဝသည် မျိုးသစ်မျိုးကောင်းလေးများ ဖြစ်သလို သန်မာသန့်ရှင်းသော အဓိပ္ပာယ်ပြည့်ပြည့်ဝဝရှိသော အနာဂတ်အတွက် တိုးတက်ဖို့လိုအပ်သည့် မျိုးဆက်သစ်များဖြစ်လာမည်မှာ မဟုတ်ပါလော။
မျိုးဆက်သစ်လူငယ်သည် ကောင်းမွန်သောမျိုးသစ်များပါရှိလာသည့် လူငယ်များဖြစ်၏။ ထိုလူငယ်များက မျိုးမှန်သောမျိုးသစ်များကိုဆက်နိုင်မှ မျိုးဆက်သစ်ဖြစ်မည်။
ထိုမျိုးဆက်သစ်များ အရည်အချင်းပြည့်စုံဖို့ လမ်းမှန်ကို မျိုးစိုက်ပျိုးတတ်ဖို့လိုအပ်၏။ ထိုသို့မွေးထုတ်ပေးနိုင်မှ နိုင်ငံအနာဂတ်အတွက် ပြည့်စုံမှန်ကန်သော၊ ပြည့်စုံသောအရည်အချင်းပြည့်ဝသော မျိုးဆက်သစ်များကို သစ်နိုင်မည်ဖြစ်၏။
ထိုကဲ့သို့သော အမျိုးသားကောင်းများကို စိုက်ပျိုးမွေးမြူနိုင်မှ နိုင်ငံအနာဂတ်သည် သာယာဝပြော၍ ခိုင်မာသော သန့်ရှင်းသော တိုးတက်မှုများကို ဦးဆောင်ပြီး ဒီမိုကရေစီလမ်းကိုလျှောက်လှမ်းနိုင်မည်ဖြစ်၏။ ယခုခေတ်သည် ပညာခေတ် နည်းပညာခေတ်ဖြစ်၏။
အတွေးအခေါ်နည်းပညာများ တစ်နိုင်ငံ နှင့်တစ်နိုင်ငံ ပြိုင်ဆိုင်နေသော ခေတ်ကာလလည်း ဖြစ်၏။ လူငယ်တွေ အတွက် လူကြီးတွေက အနစ်နာခံ စိုက်ပျိုး ပျိုးထောင်ပေးရမည်။
တိုင်းပြည်အနာဂတ်သည် လူငယ်မျိုးဆက်သစ်တို့ လက်ထဲတွင်ရှိ၏။ ထိုမျိုးဆက်သစ်သည် မျိုးသစ်များဖြစ်မှ မျိုးဆက်သစ်များဖြင့် အနာဂတ်ကို တည်ဆောက်နိုင်မည် ဖြစ်၏။ ဆက်လက်ရှင်သန်နိုင်မည် ဖြစ်၏။
တစ်ခါက မင်းတုန်းမင်းကြီးသည် ယောအတွင်းဝန် ဦးဖိုးလှိုင်ကိုမေးဖူး၏။ မရှိတာ ထက်မသိတာခက်ဆိုတာ ဟုတ်လားဟုဆို၏။ ထိုအခါ ယောအတွင်းဝန် ဦးဖိုးလှိုင်က ဟုတ်ကြောင်းမှန်ကြောင်း ပြန်လည်လျှောက်ထား၏။
ထိုအခါ မင်းတုန်းမင်းကြီးက ယောအတွင်းဝန် ဦးဖိုးလှိုင်အားထပ်၍ မသိတာထက် ခက်တာရှိသေးလားဟု ဆိုပြန်၏။
ထိုအခါ ယောအတွင်းဝန် ဦးဖိုးလှိုင်က ထပ်၍လျှောက်ထား၏။ မသိတာထက်ခက်တာ မလုပ်တာပါဘုရားဟု ဆို၏။
ဟုတ်သည်။
ပညာရှိစကား မှတ်သားဖွယ်ရာဖြစ်သည်။ ရှိတာက ရှိအောင်လုပ်လို့ရနိုင်၏။ မသိတာက သိအောင်လုပ်နိုင်၏။ မလုပ်တာကတော့ ဘာမှမဖြစ်နိုင်တော့တာမို့ အခက်ဆုံးဖြစ်၏။
ထို့ကြောင့် မျိုးဆက်သစ်များအတွက် မပျင်းဖို့အရေးကြီးသည်။ ပျင်းနေလျှင် ဘာမှလုပ်နိုင်မည်မဟုတ်။ ဘာမှ မလုပ်လျှင် ဘာမှဖြစ်လာမည် မဟုတ်။ မျိုးဆက်သစ်များ ကြိုးစားအလုပ်လုပ်ဖို့ လိုအပ်၏။
မျိုးဆက်သစ်ဆိုသည်မှာ မျိုးသစ်ကို ဆက်သောသူများ ဖြစ်သည်။ သူတို့ခေတ်ကို သူတို့ရေးထွင်းရမည် ဖြစ်၏။
မျိုးဆက်သစ်များအတွက် -
၁။ မိမိအတွင်းစိတ်နှင့် စွမ်းရည်ကိုစစ်ဆေး၍ ဘဝအထုံကိုရှာပါ။
၂။ ဘဝကံကြောင့် မိမိလိုချင်သည့် ပန်းတိုင်ကို တိုက်ရိုက်မသွားစေဦးတော့ အစားထိုးအောင်မြင်နိုင်သည်ကို သတိရပါ။
၃။ ထိုပန်းတိုင်ကိုရောက်နိုင်ရန် ဆုမတောင်းပါနှင့် ဆုပန်ပါ။ ခိုင်မာသောအဓိဠာန်ချပါ။
၎။ ကြိုးပမ်းနေခိုက်တွင်းမှ မုချကြုံရမည်ဖြစ်သော လောကဓံကို သည်းခံနိုင်အောင် စိတ်ကိုလေ့ကျင့်ထားပါ။
၅။ ငယ်ငယ်နဲ့ မသေအောင်ဂရုစိုက်ပါ။ (သေလျှင်ဘာမှမလုပ်နိုင် ဘာမှမလုပ်နိုင်လျှင် ဘာမှမဖြစ်နိုင်ကြောင်း သတိရပါ။)
၆။ တာဝန်သိတတ်သောလူကြီးများက မိမိတို့အတွက် ရေးထားပေးခဲ့သမျှ အလုပ်ပေးခဲ့သမျှ အသီးအပွင့် ရအောင် ဆည်းပူးပါ။
၇။ ကိုယ့်အလှည့်ရောက်လာလျှင် မျိုးဆက်သစ်အတွက် တစ်ခုခုလုပ်ပေးရမည်ဟူသော တာဝန်သိစိတ်ကို ယခုကတည်းက မွေးပါ။
ကွယ်လွန်သူ ဆရာအောင်သင်းရေးခဲ့သောစကားက ဤလောကကြီးအတွက် အလွန်အရေးကြီးလှ၏။ မျိုးသစ်ကိုဆက်နိုင်မှ မျိုးဆက်ကို သစ်နိုင်မည်ဖြစ်၏။ မျိုးဆက်သစ်လူငယ်များအတွက် အရေးကြီးသော ပဲ့ပြင်လမ်းပြသူများ လိုအပ်လှ၏။
ဆရာကြီး အောင်သင်းကဲ့သို့ ဆရာမျိုး ဆုံးပါးသွားသောကြောင့် နှမြောတသမိ၏။ ကြီးမားသော မျိုးဆက်သစ် များအတွက် ဆုံးရှုံးမှုကြီးဖြစ်၏။ ဆရာကြီးကဲ့သို့ ပြောဆိုသွန်သင်ဆုံးမမည့်သူများ မရှိသလောက်နည်းပါး သွားပြီဖြစ်၏။
ထို့ကြောင့် ကျွန်တော်ကဆရာကြီး ဦးအောင်သင်း၏ “နှလုံးသားကို လေးပေါ်တင်ပစ်သောအခါ” ဆောင်းပါးကို ဖတ်၍ ပြန်လည်တင်ကူးဖော်ပြခြင်း ဖြစ်သည်။
ထိုဆောင်းပါးသည် မျိုးသစ်များကို ဆက်နိုင်ဖို့လိုအပ်သော မျိုးဆက်တို့အတွက် လေးပေါ်တင်ပစ်ခြင်း ဖြစ်ပါကြောင်း။ 

တိုးနှောင်မိုး

Friday, December 12, 2014

ကလေးတွေကို လက်ကိုင်ဖုန်း ပေးကိုင်သင့်သလား

ကလေးတွေကို အချိန်မရွေးဆက်သွယ်ဖို့ လက် ကိုင်ဖုန်းတွေက အကောင်းဆုံးဆိုတာ သံသယ ဖြစ်စရာမလို။ သို့သော်လည်း ယနေ့အချိန်တွင် မိဘများအတွက် ကလေးတွေကို လက်ကိုင်ဖုန်းပေးသုံး၍ ဖြစ်ပါ့မလား ဆိုသည့်အတွေးက ခက်ခက်ခဲခဲစဉ်းစား စရာတစ်ခု ဖြစ်လာပါသည်။ သည်လိုစဉ်းစားရသည်က ကလေး၏ အသက်အရွယ်တစ်ခုတည်းကြောင့်တော့မဟုတ်ပါ။
ကလေးတွေကိုဖုန်းပေးထားဖို့ ကလေး၏လိမ္မာရေးခြားရှိမှု အနေအထားနှင့် ဖြစ်လာနိုင်သည့်အခြေအနေတွေ ကိုပါ ထည့် တွက်ဖို့လို၍ ဖြစ်ပါ၏။
ကလေးမှာ ဖုန်းရှိနေလျှင် အားသာချက်က ကိုယ်ကကလေးကို အချိန်မရွေးဖုန်းဆက်လို့ရသည်။ မက်ဆေ့ခ်ျပို့ လို့ရပြီး သူဘယ်မှာရှိသည်ဆိုသည်ကို အလွယ်တကူသိနိုင်သည်။ ကိုယ့်ကလေးဘယ်မှာရှိနေတာသိသည့် အတွက် မိဘမှာလည်း စိတ် အေးရသည်။ သူတစ်ခုခုဒုက္ခရောက်လျှင်လည်း ကိုယ့်ကိုသူက လှမ်းခေါ်လို့ ရသည်။
သည်အကြောင်းများက ကလေးတွေကို မိဘများက ဖုန်း ဝယ်ပေးရသည့်အကြောင်းတရားများဖြစ်ပါသည်။
အမေရိကန်နိုင်ငံတွင် အ သက်(၁၄)နှစ်မှ (၁၇)နှစ်အကြားရှိ ကလေး ၈၅ ရာခိုင်နှုန်းမှာ လက် ကိုင်ဖုန်းများရှိ ကြသည်ဟုဆိုသည်။ အသက် (၁၁) နှစ်မှ (၁၄) နှစ်အကြား ကလေး ၆၉ ရာခိုင် နှုန်းခန့်က မိဘများ ပေးထားသော လက်ကိုင်ဖုန်းများ ရှိသည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံတွင် ယခုဖုန်းတွေ လွယ်လွယ်ကူကူရလာသည့်အခါ နိုင်ငံတကာက မိဘများကဲ့သို့ ကလေးတွေကို ဖုန်းပေးကိုင်ရန် သင့်၊ မသင့်ကို မြန်မာမိဘအချို့က စဉ်းစားလာနေကြပါပြီ။
ကလေးတွေကို ဖုန်းပေးကိုင်သည့်အတွက် အားသာချက်အပြင် အားနည်းချက်များရှိသည်ကို မိဘများ ထည့်တွက်ဖို့လိုသည်။ ပထမအချက်က ကျန်းမာရေးဖြစ်၏။ ဖုန်းများသည် ရေဒီယိုလှိုင်းများဖြင့် အလုပ်လုပ် သည်။ ထိုဓာတ်ရောင်ခြည်သည် ဓာတ်မှန် ရိုက်သကဲ့သို့ မပြင်းသော်လည်း သုံးစွဲသူကို အနည်းငယ်သက် ရောက်မှုရှိသည်ဟု ကျန်းမာရေး ပညာရှင်များက ထောက်ပြကြ၏။
အမေရိကန် ကျန်းမာရေး ဌာနကမူ ‘‘အခုအချိန်ထိ လက် ကိုင်ဖုန်းတွေက သုံးစွဲသူတွေကို ဓာတ်ရောင်ခြည် သင့်တယ်ဆိုတဲ့ အချက်ခိုင်ခိုင်မာမာမပြနိုင်သေး ပါဘူး’’ဟု တရားဝင်ကြေညာထားပါသည်။
သို့သော်လည်း ကလေးတွေ လက်ကိုင်ဖုန်းပြောရာမှာ နားနားကပ်ပြောသည်ထက် စပီကာ ဖွင့်ပြောစေဖို့၊ နားကြပ်သုံးပြီး ပြောစေဖို့ ကျန်းမာရေးပညာရှင် များက အကြံပြုထားပါသည်။
နောက်တစ်ခုက ကလေးတွေကို လက်ကိုင်ဖုန်းပေးသုံးခြင်းဖြင့် အိပ်ချိန်ထိခိုက်နိုင်သည်ဆိုသည့်အချက် ဖြစ်ပါသည်။ ကလေးများက အိပ်ရာဝင်ချိန်မှာဖုန်းကိုပါယူသွားပြီး အချင်းချင်းမက်ဆေ့ခ်ျပို့ခြင်း၊ မိဘမသိအောင် ဖုန်းခိုးခေါ် ခြင်းနှင့် ဂိမ်းကစားခြင်းပြုလုပ်ကြလေ့ရှိပါသည်။ ကြီးထွားစကလေး ငယ်များတွင် အိပ်ရေးပျက်ပါက ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ထိခိုက်စေ ပါသည်။ ထို့ကြောင့် အိပ်ရာဝင်ချိန်မှာ ဖုန်းကို မိဘကသိမ်းဆည်း ရန်လိုသည်ဟုကလေးပညာရှင်များက အကြံ ပေးထားပါသည်။
နောက်ထပ် သတိပြုစရာက ယနေ့ခေတ် တယ်လီဖုန်းများ သည် ဖုန်းပြောဆိုရန်ထက် ပိုပါသည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ဖုန်းမှာအင်တာနက်သုံးလို့ရသည်။ ဖေ့စ်ဘွတ်ခ်လို လူမှုရေး စာမျက်နှာများရှိသည်။ ဗီဒီယို၊ သီချင်း၊ ဂိမ်းအကုန်ကြည့်လို့ရနေပါပြီ။ ကလေးတွေကို သည်အရာတွေ အကုန်လုံးပေးကြည့်ရန် လူကြီးတွေ အနေဖြင့် စဉ်းစားဖို့ လိုပါသည်။
လူမှုရေးဆက်ဆံမှုအပိုင်း မှာတော့ ကောင်းသည်လည်းရှိ သလို အဆိုးလည်းရှိလာနိုင်သည်။ မက်ဆေ့ခ်ျများပို့၍ ဖေ့စ်ဘွတ်ခ် ကနေတစ်ဆင့် အချင်းချင်းအနိုင်ကျင့် စော်ကားမှုတွေလုပ်နိုင်သလို ကလေးတွေ ဘယ်နေရာမှာရှိ သည်ဆိုသည်ကို မသမာသူများ က အလွယ်တကူသိနိုင်ပါသည်။
ထို့အပြင် ကျန်းမာရေးဆိုင်ရာလေ့လာမှုအချို့အရ ခဏခဏ မက်ဆေ့ခ်ျတွေပို့ခြင်းဖြင့် ကလေး၏ အာရုံစူးစိုက်မှု ကို ပျက်ပြားနိုင် ပါသည်။ ကလေးအချင်းချင်း တယ်လီဖုန်းများကနေ ၂၄ နာရီ ဆက်သွယ်လို့ရနေသည် ကလည်း  တစ်ခါတစ်ရံမှာတော့ စည်းကမ်းပျက်မှုတွေဖြစ်လာနိုင်ပါသည်။
ကလေးမိဘတစ်ဦးဖြစ်သည့် အမျိုးသမီးအယ်ဒီတာကာ ရိုးလိုင်းကနော်ကမူ ကလေးတွေကို လက်ကိုင်ဖုန်း ပေးဖို့ အသက် အရွယ်နှင့်အတန်းပညာထက် သူတို့၏ ရင့်ကျက်သိတတ်မှုအပေါ် မူတည်ဆုံးဖြတ်ရမည်ဟု ဆိုပါ သည်။
‘‘ကျွန်မတို့ကလေးတွေကို အမှီအခိုကင်းစေချင်တယ်။ ကျောင်းကနေ အိမ်ကိုကိုယ့်ဘာသာပြန်လာစေ ချင်တယ်။ ကစားကွင်းမှာ မိဘမပါဘဲ ကစားစေ ချင်တယ်။ ဆဲလ်ဖုန်းတွေက ဒါကို ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ မိဘတွေက ကိုယ့်ကလေးတွေ ဖုန်းကို အန္တရာယ်ကင်းကင်းသုံး တတ်ပါ့မလားဆိုတာကို အရင် လေ့လာဖို့ လိုတယ်’’
ကလေးများကို ဖုန်းပေးဖို့အတွက် ကိုယ့်ကလေးက ဘယ်လောက်ရင့်ကျက်နားလည်နေပြီလဲဆိုတာ မိဘများက အရင်ဆန်း စစ်ကြည့်ဖို့လိုသည်ဟု ကလေး ပညာရှင်များက ပြောပါသည်။
ထိုအထဲမှာ ကလေးက ပစ္စည်းတွေ ပျောက်တတ်သည့် အကျင့်ရှိလား၊ ကိုယ့်တာဝန်ကိုယ် ယူတတ်သည့် ကလေးမျိုးလား၊ လက်ကိုင်ဖုန်းကို ဘယ်လိုသုံးရ မည်ဆိုသည်ကို သူနားလည် သလား စတာတွေကို မိဘက အရင်ဆန်းစစ်လေ့လာရန်လိုပါ သည်။
ထို့အပြင် ကလေးကို လက်ကိုင်ဖုန်းပေးသည်ဆိုပါက သူဘယ်သူနှင့် ဖုန်းပြောသည်။ မက်ဆေ့ခ်ျပို့ ဆက်သွယ် နေသည်ဆို သည်ကိုလည်း မိဘများက အကဲ ခတ်စောင့်ကြည့်ရန်လိုပါသည်။
‘‘ကလေးတွေကတော့ မိုဘိုင်းဖုန်းက သူတို့ကိုယ်ပိုင် ပစ္စည်းလို့ထင်ကြမယ်။ လူကြီး တွေစောင့်ကြည့်တာ ကြိုက်မယ် မထင်ဘူး။ ဒါပေမဲ့ လူကြီးက လည်းပြောရမယ် မင်းတို့ဖုန်းသုံး တာကောင်းကောင်းသုံးသလား ကိုယ်ကစစ်တာဆိုပြီး ဘယ်သူက ထူးထူးဆန်းဆန်းမက်ဆေ့ခ်ျတွေ ပို့သလဲ၊ ဘယ်သူက ခဏခဏခေါ်နေသလဲ ဒါမျိုးကြည့်ပေးရမယ်’’ ဟု ကာရိုလိုင်းကပြောကြားသည်။
စီအိုင်အေတီခေါ် အိုင်တီပညာပေး စာအုပ်စုတစ်စုကမူ ကလေးများကို လက်ကိုင်ဖုန်းပေးသုံးလိုလျှင် လူကြီးများက အချက် အချို့ကို လိုက်နာရမည်ဟုဆိုပါ သည်။
ပထမအချက်က ကလေးကို ခေတ်မီကင်မရာ၊ အင်တာနက်၊ ဂိမ်းများမပါရှိသည့် ရိုးရိုးရှင်းရှင်း လက်ကိုင်ဖုန်းကိုသာ သုံးခွင့်ပေးရမည်ဟု ဆိုပါသည်။ ကိုယ့်ဖုန်း အဟောင်းကို ကလေးကိုပေးကိုင်မည် ဆိုပါကလည်း ထိုအရာတွေ ကိုဖျက်ပြီးမှ ပေးရမည်ဟု ဆိုပါ သည်။
ထို့အတူ ကလေးကိုမက်ဆေ့ခ်ျဘယ်နှခုပို့ရမည်။ တစ်လကို ဖုန်းဘယ်နှခါပြောသင့်သည်စသည့် သတ်မှတ်ထားသော ပမာဏနှင့် ခွင့်ပြုပေးရမည်။ ပြောချင် သလောက်ပြော၊ သုံးချင် သလောက်သုံး ပုံစံများနှင့် ခွင့် မပြုသင့်ပါ။ သည့်အပြင် ကိုယ် ကိုယ်တိုင်ကလည်း ကလေးရှေ့ မှာ စံပြဖြစ်အောင်ဖုန်းကိုသုံးစွဲရ မည်။ ကလေးကို တားမြစ်ထားပြီး ကိုယ်က ဖုန်းကိုတစ်ချိန်လုံးသုံးနေ ခြင်းမျိုးမဖြစ်အောင် ဂရုပြုသင့် သည်။
ကလေးများအား ဖုန်းကိုနားနှင့် ကပ်သုံးနေခြင်းကိုရှောင်ရှားစေပြီး နားကြပ်ဖြင့်သုံးစွဲစေသင့်သည်။ ကလေးများ ၏ အိပ်ရာခေါင်းအုံးအောက်မှာ ဖုန်းထားပြီး အိပ်ခြင်းမျိုးကိုလည်း မပြုလုပ်အောင်တားမြစ်ရမည်။
လက်ကိုင်ဖုန်းကို ယဉ်ကျေးမှုရှိစွာသုံးစွဲတတ်အောင်သင်ပေးရမည်။ ဥပမာစာသင်ခန်းမှာ၊ အစည်းအဝေးခန်းမှာ လူအများရှေ့ မက်ဆေ့ခ်ျပို့တာ၊ ဖုန်းပြောတာမလုပ်မိအောင် သင်ပေးရမည်။ ထို့အတူ မပြောသင့်သော ကိုယ်ရေးကိုယ်တာပုံများကိုလည်း လူမြင်သာအောင် ဖုန်းနှင့်မဖြန့်ဝေသင့်သည်ကိုလည်း ရှင်းပြထား သင့်သည်။
သည်အချက်တွေကို ကိုယ်ကသေသေချာချာလိုက်လုပ်နိုင်ပြီဆိုလျှင်တော့ ကလေးတွေကို လက်ကိုင်ဖုန်းပေး ကိုင်လို့ရပါပြီ ဟု စီအိုင်အေတီက အကြံပေး တင်ပြထားပါသည်။
—Ref: CIAT

Saturday, December 6, 2014

ဖေ့စ်ဘွတ်ခ်ပေါ်ကမိသားစု

သင့်မိသားစုထဲမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ဘယ်နှဦးရှိပါသလဲ။ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ကို သင်လက်ခံ ထားပါသလား။ ဒါမှမဟုတ် သင့်လှုပ်ရှားဆောင်ရွက်မှုတွေကို မမြင်တွေ့နိုင်အောင် သူတို့အကောင့်များကို Block ထားပါသလား။ ဒါမှမဟုတ် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ သင်ရော သင့်မိသားစုဝင်များ ရော ဖုံးကွယ်မှုမရှိ ပေါ့ပါးစွာသုံးစွဲနေကြပါသလား။   ။
မြန်မာပြည်တွင် အသုံးပြုမှု တစ်ဟုန်ထိုးမြင့်တက်လာသည့် ဖေ့စ်ဘွတ်ခ်ပေါ်၌   မိသားစုလိုက် သုံးစွဲနေမှုများ ရှိလာပြီဖြစ်သည်။ ထိုပြဿနာက မိသားစုများ ပြင်ပမှာကဲ့သို့ သိုက်သိုက်ဝန်းဝန်း ပွင့်ပွင့်လင်းလင်းရှိသင့်၊ မရှိသင့် ဆိုသည်ကိုမူ အမြင်အမျိုးမျိုး ကွဲပြားနေပြီလည်းဖြစ်သည်။ မိသားစုတစ်စုတွင် သားသမီးဖြစ်သူ လူငယ်တို့က လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ပြည့်ပြည့်ဝဝသုံးစွဲလေ့ရှိကြပြီး ယခုသော် ညီအစ်ကို မောင်နှမများသာမက အဖေ၊အမေ၊ ဦးလေး၊ အဒေါ်များ၊ အဘိုး၊ အဘွားများကပါ ဖေ့စ်ဘွတ်ခ်ကိုသုံးစွဲရန် ကြိုးပမ်းလာနေကြခြင်း ဖြစ်ပါသည်။
လူငယ်အတော်များများက လူမှုကွန်ရက်တွင် ဗန်းစကားအရဆိုရသော် ‘ဖလန်းဖလန်းထချင်’ တတ်ကြသည်။
မိမိကိုယ်တိုင်ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်စေ၊ ချစ်သူရည်းစားနှင့်အတူ ရိုက်ကူးထားသည့်ဓာတ်ပုံများကို မိတ်ဆွေများ ကြည့်ရှုနိုင်ရန် တင်လေ့ရှိကြသည်။ ဓာတ်ပုံဝါသနာကြီးသူများကတော့ နေ့စဉ်နှင့်အမျှ မရိုးနိုင် အောင် ရိုက်ကူးဖော်ပြကြသည်။ အချို့သော ဆယ်ကျော်သက် မိန်းကလေးအချို့ဆိုလျှင် မလုံ့တလုံရိုက်ကူး ထားသည့် ဓာတ်ပုံများကိုပင် တင်လေ့ရှိကြပြီး ထိုဓာတ်ပုံများက လူမှုကွန်ရက်တစ်ခွင် ပျံ့နှံ့မှုများသွားသည့်အခါ ဝေဖန်မှုများစွာကိုလည်း ကြုံရလေ့ရှိသည်။
များသောအားဖြင့်တော့ လူငယ်ပိုင်းအရွယ်များက ဖေ့စ်ဘွတ်ခ်တွင် မိမိခံစားချက်များ၊ မိမိ၏ဒဿနအမြင်များ၊ အချစ်အကြောင်းများကို ရေးသားလေ့ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် အတွေးအမြင်များကိုရေးသားခြင်း၊ ဝေဖန်ငြင်းခုံမှုများပြုလုပ်ခြင်း၊ အမြင်မတူသူများနှင့် အငြင်းပွားရာမှတစ်ဆင့် ဆဲဆိုရှုတ်ချသည့်အပြောအဆို၊ အရေးအသားများကိုရေးသားမိခြင်းတို့လည်း ရှိတတ်ကြသည်။
မိမိ၏ လူမှုကွန်ရက်စာမျက်နှာတွင် မိမိမသိလိုက်မီ ရောက်ရှိနေသည့် မိဘဆွေမျိုးများက မိမိရေးသားသည့် စာသားများ၊ မိမိဖော်ပြထားသည့်ဓာတ်ပုံများ၊ မိမိ၏နိစ္စဓူဝ လှုပ်ရှားနေမှုများကို မြင်တွေ့လာရခြင်းက လူငယ်တို့ အပေါ် အနေကျဉ်းကျပ်မှုအချို့ဖြစ်လာသည်။
ထို့ကြောင့် ဆယ်ကျော်သက်အရွယ်လူငယ်အများစုကို မေးမြန်းကြည့်ရာတွင် မိမိ၏မိသားစုဝင်တို့သုံးစွဲသည့် ဖေ့စ်ဘွတ်ခ်အကောင့်များကို Block ခြင်းဖြင့် မိမိလုပ်ကိုင်ဆောင်ရွက်နေမှုကို မမြင်စေရန် ဖုံးကွယ်ထားပါသည် ဟုဖြေဆိုကြသည်။
‘ဘလော့ထားတယ်’ဟူသည့်အဖြေကိုသာ အများစုက ပေးကြခြင်းပင်။ အဖေ၊ အမေ (သို့မဟုတ်) ဦးလေး အဒေါ်များ သုံးစွဲသည့် ဖေ့စ်ဘွတ်ခ်အကောင့်ကို သိရှိပါက အလျင်အမြန်ပင် Block လိုက်ကြပုံရပြီး ထိုအချက် က ၎င်းတို့၏ လူမှုကွန်ရက်ပေါ် လွတ်လပ်စွာနေထိုင်ခွင့်ကို ကာကွယ်ရာရောက်သည်ဟု ယူဆကြသည်။
မိမိတို့ သားသမီးများက ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြလိုက်သည့် စာသားတစ်ကြောင်းမှစကာ ဓာတ်ပုံတစ်ပုံအထိ သူတို့ဘာလုပ်နေသည်၊ ဘယ်ရောက်နေသည်ဟူသည့်အချက်အလက်ကို မိဘများက မေးမြန်းရန်ပင် မလိုဘဲ အလွယ်တကူသိရှိနေနိုင်သည်။ မိဘများမသိစေရန် ခိုးကြောင်ခိုးဝှက်လုပ်မိသည့် သွားလာနေထိုင်ပြုမူ ပြောဆိုခြင်းတို့ကို ပြုလုပ်မိသော လူငယ်များအတွက်တော့ အိမ်ပြန်ရောက်ပါက အဆူခံထိရမည်မှာ သေချာပေါက်ဖြစ်သည်။
‘‘အစ်ကိုတွေ၊ အစ်မတွေ သုံးတယ်။ အားလုံးကို ဘလော့ထားတယ်။ ကိုယ်က ပေါက်ကရ စာတွေရေးရင် ဆူလို့။ ပေါက်ကရရေးပြန်ပြီ၊ မျက်နှာရူးပြန်ပြီနဲ့ ကိုယ်က ပုံတွေတင်တတ်တော့ တစ်နေရာရာ အလည်အပတ်သွား ရင်လည်း သူတို့ကသိနေတယ်လေ။ ရည်းစားနဲ့လည်း ဓာတ်ပုံတင်ရတာ မလွတ်လပ်ဘူး’’ဟု ရုပ်သံသင်တန်း ကျောင်းတစ်ခု တက်ရောက်နေသူ အသက်(၂၄)နှစ်အရွယ် မထက်ထက်က ပြောသည်။
ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ အနေဖြင့်    မိမိသုံးစွဲသည့်ဖေ့စ်ဘွတ်ခ်အကောင့်တွင် မိတ်ဆွေ Friend အဖြစ် လက်ခံ၍ရသကဲ့သို့  လက်မခံ၍လည်းရသည်။ Fridne အဖြစ် လက်ခံထားပါက မိမိဖော်ပြရာတွင်    Public  အနေနှင့်တင်ပါက မိမိအကောင့်ထဲရှိမိတ်ဆွေများသာမက မိတ်ဆွေမဟုတ်သူများလည်း ကြုံကြိုက်ပါက မြင်တွေ့ကြည့်ရှုနိုင်မည်ဖြစ်ပြီး Friend Only ဖြင့်တင်ပါက မိမိအကောင့်ထဲမှ မိတ်ဆွေဖြစ်နေသူများသာလျှင် မြင်တွေ့နိုင်ပါသည်။
ထို့အပြင် မိမိအကောင့်မှ တင်သမျှကို မမြင်နိုင်စေလိုသည့် မိမိ၏မိသားစုဝင်တစ်ဦးဦး၏ အကောင့်ကို Friend မဟုတ်သော်လည်း Block လုပ်ထား၍ ရသောကြောင့် လူငယ်များက ထိုသို့ပြုလုပ်ထားတတ်ကြကာ လွတ်လွတ်လပ်လပ်သုံးစွဲလေ့ရှိကြသည်။ သို့ရာတွင် များသောအားဖြင့် မိမိတို့မိသားစုဝင်လူကြီးသူမများ ဖေ့စ်ဘွတ်ခ်ပေါ်သို့ ရောက်ရှိသုံးစွဲနေပြီကို အမှတ်တမဲ့မသိရှိသေးသူများသည်ကို တွေ့ရသည်။
မိဘဆွေမျိုးများကို မတတ်သာ၍ဖြစ်စေ၊  မလွန်ဆန်နိုင်၍ဖြစ်စေ Block လုပ်၍မဖြစ်ဘဲ အကောင့်ထဲမှ Friend အဖြစ် လက်ခံထားရသည့် လူငယ်များကတော့ အနည်းနှင့်အများဆို သလို မိမိဖော်ပြသည့် အကြောင်းအရာနှင့် ဓာတ်ပုံများကို    ထိန်းထိန်းသိမ်းသိမ်း    ဆောင်ရွက်ရ တော့မည်ဖြစ်သည်။
‘‘တစ်အိမ်တည်းနေတဲ့ အစ်ကိုတွေနဲ့ အဖေနဲ့ ကိုယ်က Friend ဖြစ်နေတယ်။ တစ်ခါတလေ အလုပ်မှာ အဆင်မပြေတာမျိုး ဘာညာကျတော့ ဖေ့စ်ဘွတ်ခ်တင်ချင်ရင်တောင် ဆင်ခြင်ရတယ်။ သူတို့က ကိုယ့် Friend ဖြစ်နေတော့ အိမ်ရောက်ရင်မေးပြီ။ ဘာဖြစ်တာလဲ ရုံးက ဘာညာပေါ့။ အဲဒီလိုကျတော့ တစ်မျိုးကြီးပဲ’’ဟု သတင်းထောက်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက ရင်ဖွင့်သည်။
 ‘‘ဥပမာ ကိုယ်နဲ့ ကိုယ့်ယောက်ျားက အိမ်မှာ သိပ်ပြီး ပူးပူးကပ်ကပ်မနေဘူး။ ဒါပေမဲ့ အပြင်သွားတာ ဘာညာကျ ရင်တော့ ဖေ့စ်ဘွတ်ခ်မှာပွဲခံချင်တော့ အတူပခုံးလေးမှီပြီး ဓာတ်ပုံရိုက်တာတို့၊ ဘာတို့လုပ်တတ်တယ်လေ။ အဲဒီအခါဆို ဓာတ်ပုံတွေ တင်ပြီးတော့မှ အဲ... ငါ့အကောင့်ထဲမှာ အစ်ကိုတွေ၊ အဖေတွေရှိနေပါလားဆိုပြီး ပြန်ရှက်နေရော’’ဟု အသက် (၃၀)အရွယ်ရှိပြီဖြစ်သော ၎င်းက ဆက်လက်ပြောပြ သည်။
ရပ်ကွက်ထဲတွင် ကွမ်းယာ ရောင်းရင်း၊ ဆိုက်ကားဂိတ်ထိုးရင်း၊ တက္ကစီမောင်းရင်း၊ လမ်း ဘေးဈေးရောင်းချရင်း ဈေးနှုန်းသက်သာသည့် Android ဖုန်းလေးကိုယ်စီဖြင့် ဖုန်းကိုပွတ်ကာ ဂိမ်းဆော့နေသူများ၊ အင်တာနက် သုံးစွဲနေသူများကို နေရာအနှံ့ အပြားတွေ့မြင်လာရသည်။ ဖေ့စ်ဘွတ်ခ် Application ကလည်း ဝယ်ယူသည့် ဖုန်းဟန်းဆက်များတွင် တစ်ပါတည်းထည့်သွင်းထားပြီးဖြစ်ကာ ဖေ့စ်ဘွတ်ခ်အကောင့် မဖွင့်တတ်သူများ အတွက် အကောင့် တစ်ခုလျှင် ငါးထောင်ကျပ်၊ သုံးထောင်ကျပ် စသဖြင့် အသစ်ဖွင့်ပေးသည့် အင်တာနက်ဆိုင် အချို့၏ ဝန်ဆောင်မှုများ ကြောင့်လည်း သုံးစွဲသူဦးရေ အရှိန်အဟုန်မြင့်လာခြင်းပင်။
ထိုသို့ ကောင်းကျိုးများ ရှိသောကြောင့် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် Facebook ဟူသည့် စကားလုံး လူထုကြား ရေပန်းစား လာခဲ့သည်။ တဖြည်းဖြည်းနှင့် လူငယ်သာမက လူကြီးအရွယ်များလည်း ဖေ့စ်ဘွတ်ခ် ပေါ်သို့ ရောက်လာကြသည်။ သားသမီး များကို အကောင့်ဖွင့်ခိုင်း၍ဖြစ်စေ စတင်သုံးစွဲစ လူကြီးမိဘများက မိမိတို့ နားမလည်သည်များကို လူငယ်များထံ မေးမြန်းရင်းဖြင့် လူမှုကွန်ရက်တွင် ကျင်လည်လာ ကြသည်။ ဝေးကွာနေသောမိသား စုဝင်များနှင့်လည်း တစ်နိုင်ငံမှ တစ်နိုင်ငံ ကော်နက်ရှင်ကောင်းရုံ မျှဖြင့် ဆက်သွယ်ရန် လွယ်ကူကြ သည်။
 ထိုသို့ဖြင့် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီက အမေရိကန်နိုင်ငံ သားလူငယ်လေး မာ့ခ်ဇူကာဘတ် တည်ထောင်ခဲ့သည့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် မြန်မာနိုင်ငံမှာလည်း မိသားစုတစ်စုလုံး သုံးစွဲကြသည့် အခြေအနေ သို့ ချင်းနင်းစပြုလာနေသည်။
‘‘ လူကြီးတွေသုံးလည်း ဘာမှတော့မဖြစ်ပါဘူး။ အနေတော့မကျဉ်းကျပ်ဘူး။ တစ်ခုပဲရှိတယ်။ တချို့ကိုယ့်ကို မကောင်းတာတွေလာပြောကြတာကို သူတို့မြင်ရင် ကိုယ့်အတွက်နဲ့ စိတ်ထိခိုက်မှာစိုးတာ လောက်ပါပဲ’’ ဟု ဖေ့စ်ဘွတ်ခ်တွင် နာမည်ရလာသော မော်ဒယ် လဲ့ယမင်းက ပြောကြားသည်။
ဆယ်ကျော်သက်အရွယ် လူငယ်များက မိမိတို့လူငယ်ဘဝ လွတ်လပ်စွာနေထိုင်ပြုမူ ဆောင်ရွက်လိုသည့် အတွက် လူကြီးမိဘ တို့၏ဖေ့စ်ဘွတ်ခ်အကောင့်များကို လက်မခံဘဲ ရှောင်ရှားလေ့ရှိ သော်လည်း လူမှုကွန်ရက် ကို အကျိုးရှိစွာအသုံးချလိုသူများ အပါအဝင် သာမန်သုံးစွဲသူများကတော့ ဖေ့စ်ဘွတ်ခ်ကို မိသားစု စုံညီစွာ Friend အဖြစ် လက်ခံ၍ သိုက်ဝန်းသုံးစွဲလေ့ရှိကြသည်ကို တွေ့ရသည်။ ထို့အပြင် နံနက် ခင်း ထမင်းဝိုင်းနှင့် ညစာထမင်းဝိုင်းတို့တွင် မိသားစုအတွင်းပြောဖြစ်သည့် စကားများအနက် ဖေ့စ်ဘွတ်ခ်ပေါ်မှ အကြောင်းအရာ အချို့လည်း ပါဝင်လာခဲ့သည်အထိ ကျယ်ပြန့်လာနေသည်။
‘‘ဖေ့စ်ဘွတ်ခ်မှာ သမီးရှိပါတယ်။ ဒီကနေ သတင်းတွေသိ ချင်တယ်။ အချင်းချင်းလည်း အဆက်အသွယ်ရတယ်။ ကိုယ့်မိတ်ဆွေများရဲ့လှုပ်ရှားမှုတွေကို ပုံနဲ့တကွမြင်ရတယ်။ အဲဒါတွေက သုံးဖြစ်ဖို့ စေ့ဆော်စေပါတယ်။ မိသားစုအတွင်းမှာ စကားပြော ဖြစ်တိုင်း ဖေ့စ်ဘွတ်ခ်က မိတ်ဆွေ တွေရဲ့ အကြောင်းတွေကို ပြောဖြစ်တယ်’’ ဟု ခန္တီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးအောင်ဇင်ဦးကရှင်းပြသည်။
မိမိတို့မိဘများ မျက်စိပွင့် နားပွင့်ဖြစ်စေရန်၊ ဝေးမြေရပ်ခြားမှ မိသားစုဝင်များ၊ မိတ်ဆွေများ နှင့် အလွယ်တကူ ဆက်သွယ်၍ ၎င်းတို့နေထိုင်လှုပ်ရှားမှုအချို့ကို သိရှိနိုင်ရန်၊ သတင်းအချက်အလက်များ မှန်မှန်သိရှိနိုင်ရန် စသည်ဖြင့် ရည်ရွယ်ခဲ့ကြသည်ဟု ဆိုပါသည်။
အိမ်ရှိ မိဘများကို ဖေ့စ်ဘွတ်ခ် သုံးစွဲတတ်စေရန် ကိုယ်တိုင်အကောင့်ဖွင့်ပေး၍ သင်ပြ ပေးခဲ့သော်လည်း ၎င်းတို့ သုံးစွဲသည့်အကောင့်များကိုမူ Friend အဖြစ် လက်မခံထားပါဟု မဇာခြည်ကဆိုပါသည်။
‘‘ကျွန်မကပဲ သူတို့ကိုသုံးဖို့ တိုက်တွန်းတယ်။ သင်ပေးတယ်။ သုံးခိုင်းတယ်။ ဒါပေမဲ့ ကိုယ့်အတွက်တော့ အနေကျဉ်းကျပ်ပါတယ်။ ဒါကြောင့် ဘလော့(block) ထားတယ်’’ဟုသူကပြောသည်။
ပြည်ပတွင် နေထိုင်သည့် ကိုသီဟဇော်မင်းကလည်း ‘‘မိသားစုထဲမှာ အသက်ငါးဆယ်အောက်လူတွေ အားလုံး ဖေ့စ်ဘွတ်ခ်သုံးကြပါတယ်။ ဒါပေမဲ့ မိသားစုတွေရဲ့ အကောင့်တွေက တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မရှိဘူး။ သူတို့တွေဖေ့စ်ဘွတ်ခ်ပေါ်ရောက်လာတော့ ကိုယ့်သုံးစွဲမှုအပေါ် အနေကျဉ်းကျပ်မှု နည်းနည်းရှိပါတယ်။ အဲဒီလိုမဖြစ်စေချင်လို့ ဘလော့ထားလိုက်တယ်’’ဟုဆိုသည်။
ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးက ၎င်း၏ သူငယ်ချင်းများနှင့်အတူ ဘီယာဆိုင်မှာ သောက်စား နေသည့် ဓာတ်ပုံများနှင့် ကေတီဗီမှာ သီချင်းဆိုပျော်ပါးနေသည့်ပုံများကို ဖော်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံများအောက်တွင် မှတ်ချက်ပေးသူများထဲ၌ ၎င်းကို အိမ်အမြန်ဆုံးပြန်လာရန်၊ ညဥ့်မနက်ရန် စသဖြင့်ရေးသားလာ သည့် မိဘများ၏ အကောင့်ကို  မြင်တွေ့လိုက်ရပါသည်။
ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးက ၎င်း၏ မလုံ့တလုံရိုက်ကူးထားသည့် ခပ်လန်းလန်း ဓာတ်ပုံ တစ်ပုံကို သူ့အကောင့်မှာ ဖော်ပြလိုက်ပါသည်။ အားပေးသူ၊ ဝေဖန်သူများ၏ မှတ်ချက်မျိုးစုံကိုရရှိပြီး ရက်ပိုင်း အတွင်း နာမည်ကြီးသွားသော်လည်း အဆိုပါဓာတ်ပုံကို မြင်တွေ့ကြည့်ရှုမိသူများထဲမှာ ထိုမိန်းကလေး၏ ဖခင်ဖြစ်သူလည်း ပါဝင်ခဲ့ပါသည်။
မိမိဖခင်ဖြစ်သူ ဖေ့စ်ဘွတ်ခ်သုံးစွဲနေခြင်းကို မသိရှိသည့် အတွက် ထိုဓာတ်ပုံကိစ္စက ၎င်းနှင့်ဖခင်တို့အကြားတွင် ပြဿနာတစ်ရပ်ဖြစ်စေခဲ့ပါသည်။
မိသားစုဝင်တိုင်းတွင် တစ် ဦးချင်းအလိုက် မိဘ ညီအစ်ကို မောင်ဖွားများအား လျှို့ဝှက်ထားချင်သည့် အကြောင်းအရာများရှိပါသည်။ မိမိနေအိမ်အတွင်း လျှို့ဝှက်ထားနိုင်သည့် ကိုယ်ပိုင်လွတ်လပ်ခွင့် အသေးအငယ်လေးများမှာ ဖေ့စ်ဘွတ်ခ်ပေါ် ဆက်နွှယ်နေကြချိန်တွင်မူ လျှို့ဝှက်၍ မရနိုင်တော့ပေ။ သင်ကော ဘလော့လုပ်ပြီး ဖုံးကွယ်ထားသလား၊ (ဒါမှမဟုတ်)ဖေ့စ်ဘွတ်ခ်တွင် မိသားစုနှင့်ဆက်နွှယ်နေခြင်း က ပြဿနာမရှိဟု ယူဆပါသလား . . . ။

ဥက္ကာကိုကို

နိုင်ငံတကာကျောင်းမှာ ကလေးတို့ကို ကျောင်းထားမယ်ဆိုရင်

ကလေးတို့ ကျောင်းနေမယ့် အရွယ်ကို ရောက်ပြီ ဆိုတာနဲ့ တပြိုင်နက်တည်းမှာ မိဘများ စတင်စဉ်း စားလာရတဲ့ အလုပ်ကတော့ ကျောင်းရွေးချယ်တဲ့ အလုပ်ပါပဲ။ ကျမတို့ ငယ်ငယ်တုန်းကလိုမျိုး အစိုးရကျောင်း တခုတည်း တက်စရာ ရှိတဲ့ခေတ် မဟုတ်တော့ တာမို့ ကလေးများကို ဘယ်ကျောင်းထားမလဲ ဆိုတဲ့ကိစ္စက မိဘများ အတွက် စဉ်းစားစရာ ဖြစ်လာပါပြီ။
အထူးသဖြင့် ငွေရေးကြေးရေး ချောင်လည်သူ မိဘများ အနေနဲ့ ရွေးချယ်စရာ ကျောင်းတွေက ဒီခေတ်မှာ များလာပြီမို့ ကလေးတို့ကို နာမည်ရ အစိုးရကျောင်းများမှာ ထားမလား၊ ဒါမှမဟုတ် အပြင်ကျောင်း (နိုင်ငံတကာ ကျောင်းများမှာ) ထားမလား ဆိုတာကို ရွေးချယ်လာကြရ ပါတယ်။
တချို့ကလည်း ဆယ်တန်းမှာ ဆရာဝန်၊ အင်ဂျင်နီယာ စသဖြင့် လိုင်းကောင်းကောင်း ရဖို့အတွက် တန်းစီရအောင်လို့ နာမည်ရ အစိုးရကျောင်းများမှာ ကလေးတို့ကို ကျောင်းထားဖို့ စဉ်းစားကြသလို၊ တချို့ကလည်း နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကလေးတို့ကို နိုင်ငံတကာ ကျောင်းတွေမှာ ထားကြပါတယ်။
နိုင်ငံတကာကျောင်း အရပ်အခေါ် (ဘိုကျောင်း) ကိုထားပြီဆိုရင်တော့ အနည်းနဲ့အများ ဆိုသလို ဘိုလို (အင်္ဂလိပ်လို) ပြောတတ်၊ ရေးတတ် လာပါပြီ။ မိဘတော် တော်များများဟာ ကိုယ်သွက်သွက် မပြောနိုင်တဲ့ ဘိုစကားကို ကလေးတို့ ရွတ်ရှက်ဒွတ်ဒတ်နဲ့ ပြောဆိုနိုင်ကြတာကိုလည်း ဝမ်းသာကြပါတယ်။
ကလေးတို့ ဘိုလို သွက်သွက်ပြောနိုင်လာပြီ ဖြစ်တဲ့ အတွက် ကလေးတို့ရဲ့ ဘဝအတွက်၊ ပညာရေး အတွက် စိတ်အေးရပြီ လို့လည်း မိဘတချို့က ထင်တတ် ကြပါတယ်။ ဘိုလို ကောင်းကောင်း ပြောနိုင်ပြီ၊ ရေးနိုင်ပြီ ဖြစ်လို့ နိုင်ငံတကာ တက္ကသိုလ်တွေကို တက်ဖို့အတွက် ဝင်ခွင့်ဖြေတဲ့ အခါမှာ ကိုယ့်ကလေးက တပန်းမက သာလိမ့်မယ်လို့လည်း တွေးတတ်ကြ ပါသေးတယ်။
တကယ်တော့ အင်္ဂလိပ်စာဟာ ဘာသာစကားပါ။ ပညာရပ်မဟုတ်ပါဘူး။ အင်္ဂလိပ်စကားကို ရေလည်အောင် ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်ဖို့ ဘာကြောင့် လိုပါသလဲ လို့ မေးမယ် ဆိုရင် ဒီစကားဟာ ဘယ်ပညာရပ် မဆိုရဲ့ တံတား ဖြစ်နေလို့ ပါပဲ။ ကျမတို့ဟာ ဘာကိုပဲ လေ့လာချင်၊ လေ့လာချင် အင်္ဂလိပ်လိုတတ်မှ အဆင်ပြေမှာ ဖြစ်တာ ကြောင့် အင်္ဂလိပ်စာကို အရေးတကြီး သင်ကြရပါတယ်။ ပြီးတော့ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေက ဘယ် သာသာရပ်မှာ မဆို အများကြီးပဲ ရှိတာမို့လို့ပါ။ ဒါကြောင့် မို့လို့ အင်္ဂလိပ်လိုတတ်ဖို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။
ဒါပေမယ့် ကလေးတို့ကို သူငယ်တန်းကနေ စလို့ ဆယ်တန်းအထိ ပညာသင်ကြားတဲ့ အခါမှာတော့ အင်္ဂလိပ်စာ တခုတည်းကိုပဲ ကျမတို့ အဓိက ထားပြီးတော့ သင်ကြားလို့ မရပါဘူး။  အင်္ဂလိပ်စာလိုပဲ အရေးကြီးတဲ့ သင်္ချာ၊ သိပံ္ပ၊ သမိုင်း၊ လူမှုဆက်ဆံရေး၊ ကိုယ်လက်လှုပ်ရှားမှု၊ တွေးခေါ်မှု၊ တီထွင်ဖန်တီးမှု၊ ကျိုးကြောင်းကျနစွာ စဉ်းစားတတ်မှု စသဖြင့် အဲဒီအရာတွေ ကိုပါ သင်ကြားဖို့လိုပါတယ်။
ဒီလိုအရာတွေကို ဘယ်လိုသင်ကြားမလဲ၊ ဘာနည်းနဲ့ သင်ကြားမလဲ ဆိုတဲ့ကိစ္စက ခုနက အင်္ဂလိပ်စာ တတ်ဖို့ ဆိုတာထက် ပိုပြီးတော့ အရေးကြီးပါတယ်။
ကလေးတို့ကို နိုင်ငံတကာ ကျောင်းတွေမှာထား ကြတဲ့ အခါမှာ မိဘများအနေနဲ့ ကလေးတို့ကို ဘယ်လို သင်ရိုး ညွှန်းတမ်းနဲ့ သင်မှာလဲ၊ သင်ရိုးညွှန်းတမ်းထဲမှာ ဘာတွေပါသလဲ ဆိုတာကို သိဖို့လိုပါတယ်။ ဒါ့အပြင် သင်ရိုးညွှန်းတမ်း ထဲက စာတွေကို ကလေးတို့ကို သင်ကြားပေးတဲ့အခါမှာ ဘယ်လို နည်းစနစ်တွေကို သုံးပြီးတော့ သင်သလဲ ဆိုတာ ကိုလည်း သိဖို့ လိုပါတယ်။
ကျမတို့ နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံများက ကျောင်းတွေဆီကို ရောက်လာကြတဲ့ နိုင်ငံခြားသား ဆရာတွေဟာ တကယ်တော့ ဆရာစစ်စစ်တွေ မဟုတ်ကြတာ များပါတယ်။ နိုင်ငံခြားသား (အဖြူ) ဆရာတွေ များတယ်ဆိုတိုင်း ကျောင်းကောင်းရယ်လို့ ခေါ်လို့ မရပါဘူး။ ကိုယ့်ကလေးရဲ့ ဆရာဟာ တကယ်ရော ဆရာအရည်အချင်းနဲ့ ပြည့်စုံရဲ့လား၊ ပြည့်စုံဖို့ကိုရော ကြိုးစား အားထုတ်နေတဲ့သူ ဟုတ်ရဲ့လား ဆိုတာကိုလည်း မိဘများအနေနဲ့ သိဖို့လိုပါ သေးတယ်။
ဒါ့အပြင် ကလေးတို့တက်နေတဲ့ ကျောင်းများမှာ ကလေးတို့ကို အမူအကျင့် ကောင်းလေးတွေကိုရော သင်ပေးရဲ့လား ဆိုတာကိုလည်း မိဘများအနေနဲ့ လေ့လာဖို့ လိုပါသေးတယ်။ ဥပမာ – စာဖတ်တတ်တဲ့ အကျင့်လေးရသွားအောင်လို့ ကလေးတို့ကို လေ့ကျင့် ပေးတာမျိုးပါ။ စာဖတ်ဝါသနာပါခြင်းဟာ ကလေးတို့ရဲ့ အနာဂတ်ပညာရေး အတွက် သိပ်ကိုမှ အရေးကြီးတဲ့ ရေသောက်မြစ်တခု ဖြစ်တာကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံကကျောင်းတွေမှာဆိုရင် ကလေးတို့ကို သူငယ်တန်း လောက်ကတည်းက စပြီးတော့ စာဖတ်ဝါသနာ ပါဖို့ကို စတင်ပျိုးထောင်ပေးနေကြပါပြီ။
ကိုယ့်ရဲ့ ကလေးတက်တဲ့ ကျောင်းမှာ စာကြည့်တိုက်ချိန် ရှိမရှိ ဆိုတာကို မိဘများ အနေနဲ့သိဖို့ လိုပါတယ်။ စာကြည့်တိုက်ချိန် ရယ်လို့ ရှိပေမယ့် ဒီစာကြည့်တိုက်ချိန် ဆိုတာဟာ ဟန်ပြအချိန်လား၊ တကယ်ကိုပဲ ကလေးတို့ကို စာဖတ်ဝါသနာ ပါစေဖို့ အတွက် လေ့ကျင့်ပေးတဲ့ အချိန်လား ဆိုတာကို သိအောင်လို့လည်း လုပ်ထားရပါမယ်။
နိုင်ငံတကာ ကျောင်းတွေမှာ အစိုးရကျောင်း တွေထက်စာရင်တော့ အားသာချက်တွေ အများကြီး ရှိတယ်လို့ ဆိုလို့ ရပေမယ့် အားနည်းချက်တွေလည်း ရှိပါတယ်။ အဆိုးဆုံး အားနည်းချက်ကတော့ မြန်မာစာနဲ့ မြန်မာ့သမိုင်းကို သင်မပေးနိုင်ကြတာ ပါပဲ။ နိုင်ငံတကာကျောင်းများမှာ ထားတဲ့ မိဘများအနေနဲ့ မြန်မာစာနဲ့ မြန်မာ့သမိုင်းကို ကလေးတို့ သိအောင်လို့ အိမ်မှာပြောပြ၊ သင်ပြပေးဖို့ လိုပါတယ်။ နိုင်ငံတကာ ကျောင်းမှာ ထားပေမယ့်လည်း မြန်မာစကား ကောင်းကောင်း ပြောနိုင်အောင်၊ မြန်မာစာ ကောင်းကောင်း ဖတ်နိုင်အောင်လို့ ကလေးတို့ကို သင်ကြားပေးဖို့ လိုပါတယ်။
ဒါ့အပြင် လူမျိုးတိုင်း လူမျိုးတိုင်းမှာ ရိုးရာယဉ် ကျေးမှုဆိုတာ ရှိတာကြောင့် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု များကိုလည်း ကလေးတို့ကို နားလည်အောင်လို့ ရှင်းပြသင်ပြ ပေးဖို့လိုပါတယ်။ ကထိန်ဆိုရင် ဘာကြောင့် ကထိန်ခင်းရတယ်၊ အာဇာနည်နေ့ ဆိုရင် ဘာဖြစ်လို့ အာဇာနည်နေ့လို့ ခေါ်ရတယ်၊ အမျိုးသားနေ့က ဘာ စသဖြင့် ကလေးတို့ သိအောင်လို့  မိဘများက ပြောပြဖို့ လိုပါတယ်။
လူမျိုးတိုင်း လူမျိုး တိုင်းမှာ ယဉ်ကျေးမှုတွေ၊ ဘာသာရေးနဲ့ဆိုင်တဲ့ ပွဲတော်တွေ ရှိတာဟာ ဘာကြောင့် ရှိရသလဲ ဆိုတာကို ကလေးတို့ သိဖို့ လိုသလို၊ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်များကို လေးစားတတ်အောင် သင်ပေးဖို့လိုပါ တယ်။ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်များကို လေးစားတတ်အောင်၊ ဒီလိုပဲ ကိုယ်နဲ့ မတူတဲ့ လူမျိုးများရဲ့ ယဉ်ကျေးမှုတွေ ကိုလည်း လေးစားတတ်ဖို့ ကလေးတို့ကို သင်ပေးဖို့ လိုပါတယ်။
ဒါဆိုရင်ဖြင့် နိုင်ငံတကာ ကျောင်းတွေမှာ ကလေးကို ထားရတာ ရိုင်းလာတယ်တို့၊ ကိုယ့်လူမျိုး ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို မသိတော့ဘူးတို့ ဆိုတဲ့ အားနည်းချက်တွေကို ကျမတို့ ကျော်လွှား နိုင်သွားပါလိမ့်မယ်။ တကယ်တော့ ကျမတို့နိုင်ငံရဲ့ ပညာရေးစနစ် အားနည်းမှုကြောင့် အစိုးရကျောင်းများရဲ့ ကျက်ဖြေစနစ် အောက်မှာ ကလေးတို့ရဲ့ ပညာရေးဟာ တခြားဖွံ့ဖြိုးပြီး နိုင်ငံက ကျောင်းတွေနဲ့ ယှဉ်ရင် အများကြီး နောက်ကျကျန်နေခဲ့ရပါပြီ။
နိုင်ငံတကာ ကျောင်းများ ပေါ်လာချိန်မှာတော့ နောက်ကျ ကျန်ရစ်တဲ့ ပညာရေးကို ပိုက်ဆံတတ်နိုင်သူ မိဘများက ဒီကျောင်းများရဲ့ အကူအညီနဲ့ အမီလိုက်ဖို့ ကြံစည်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာကျောင်း တော်တော်များများဟာ သင်ရိုးညွှန်းတမ်း မခိုင်မာ၊ ဆရာကောင်းကောင်းမရှိ၊ သင်နည်းစနစ် အတိအကျ မရှိကြသေးပါဘူး။ ဒါနဲ့ပဲ ပညာရေးဟာ နောက်ကျမြဲ နောက်ကျနေဆဲပါ။
သို့ပေမယ့် ကျမတို့ဟာ ရွေးချယ်စရာလည်း များများစားစား မရှိတာမို့ များပြားလှစွာသော နိုင်ငံတကာကျောင်းတွေ ထဲက ကိုယ့်ကလေးနဲ့ သင့်တော်မယ့် ကျောင်းလေး တကျောင်းကိုတော့ ရှာရဖွေရပါတော့တယ်။ ကလေးတို့ အတွက် ကျောင်း ဆိုတာဟာ ဒုတိယအိမ်ပါပဲ။ ဒီ ဒုတိယအိမ်မှာ ပျော်ပျော်ရွှင်ရွှင်၊ လုံလုံခြုံခြုံနဲ့ စာသင်ကြား တတ်မြောက် နိုင်ဖို့ ဆိုတဲ့ကိစ္စက ကျောင်းအဆောက်အဦတွေ ကောင်းဖို့ဆိုတာထက်၊ ကားပါကင် ကျယ်ကျယ် ဆိုတာတွေထက် ပိုပြီးတော့ အရေးကြီးပါတယ်။
ဒါကြောင့်မို့လို့ ကလေးတို့ကို နိုင်ငံတကာကျောင်းမှာ ထားမယ် ဆိုရင်ဖြင့် မထားခင်ကတည်က ကလေး သင်ရမယ့် သင်ရိုးညွှန်းတမ်းက အစ၊ ဆရာ၊ ဆရာမ အဆုံး မိဘများအနေနဲ့ ကြိုတင်စုံစမ်း လေ့လာကြဖို့ လိုတာမို့လို့ စုံစမ်းပြီးမှ သာ ကလေးကို ကျောင်းထားကြပါလို့။     ။

ခေတ်ဘုန်းသစ် (ဧရာဝတီ Blog)