Thursday, April 9, 2015

သားသမီးတို့ ပညာရေး

သားသမီးတို့၏ လက်ဦးဆရာသည် မိဘများသာဖြစ်သည်။ ကျောင်းနေချိန် ရောက်၍ ဆရာဆရာမတို့ထံသို့ ၀ကွက် ၍ အပ်လိုက်သော်လည်း သားသမီး တို့၏ စိတ်ခံစားမှုအခြေအနေ၊ ကျန်းမာ ရေးအခြေအနေနှင့် ဆုံးဖြတ်ပိုင်ခွင့်ကို အလေးထားကာ ဦးစားပေးသင့်သည်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆို ကြမည့် ကလေးတို့သည် မိဘတို့၏ အထူးဂရုပြုစောင့်ရှောက်မှုကို ခံကြ ရသည့် အခွင့်ထူးခံကလေးများဖြစ်ကြ သည်။
အချို့မိဘတို့က စိတ်ဖြောင့်ဖြောင့် ဖြင့် ပညာရေးကိုသာ ဦးစားပေးနိုင်ရန် သားသမီးတို့၏ သဘောထားကို မေးမြန်း ခြင်းမပြုဘဲ ဘော်ဒါကိုသာတက်စေ သည်။ ထိုအခါ အိမ်လွမ်းသောရောဂါ ၀င်၍ ကျန်းမာရေးပါထိခိုက်ပြီး ပညာ ရေးကို နိမ့်ပါးစေအောင် ဖြစ်သွားကြ သည့် ကလေးများအကြောင်းကိုလည်း မိဘတို့ သတိပြုစေချင်သည်။ အရာရာ တိုင်းသည် ကလေးအပေါ်တွင်သာ မူ တည်သည်။ သူတို့ ကိုယ်တိုင် ၀င်ရောက် ဖြေဆိုရမည့် စာမေးပွဲကို မိဘတို့က လမ်းကြောင်း တည့်မတ်အောင် ဖြေဆို ရမည့် စာမေးပွဲကို မိဘတို့က လမ်း ကြောင်းတည့်မတ်အောင် စီစဉ်ပေးရန် သာဖြစ်သည်။ အရာရာကို မိဘတို့ သဘောအတိုင်း မလုပ်ကြဖို့ အရေးကြီး ပါသည်။
ကျွန်မကိုယ်တွေ့တစ်ခုပြောလိုပါ သည်။ ချမ်းသာသည့် မိဘနှစ်ပါးမှ မွေးလာသော ကလေးတစ်ဦးသည် ဖခင်နှင့် မိခင်တို့ လမ်းခွဲကြသောအခါ မိခင်နှင့်သာနေခဲ့ရရှာသည်။ မိန်းမသား ၏ မာနဖြင့် ဖခင်ဘက်မှ ထောက်ပံ့မှု ကို မယူခဲ့သော မိခင်သည် တစ်ဦးတည်း သောသားအတွက် ရည်ရွယ်ပြီး အချိန် ပြည့်စီးပွားရှာနေခဲ့သည်။ သားဖြစ်သူ၏ စိတ်ခံစားမှုတွင် မိခင်၏ ကြင်နာမှုလို ချင်သည်ကိုလည်း ဂရုမထား၊ သား၏ အပေါင်းအသင်းများသည် မည်သည့် စိတ်ဓာတ်မျိုးရှိ၍ မည်သူတို့နှင့် ပေါင်း သင်းသည်ကိုလည်း ဂရုမထားနိုင်အောင် သားလိုရာသုံးနိုင်ရန်သာ ငွေအပြည့်ပေး ထားသည်။
ထိုသားအမိနှင့် မတွေ့ရ သည်မှာ နှစ်နှစ်ခန့်ကြာပြီဖြစ်သော ကြောင့် သတိတရဖြင့် သူတို့အိမ်သို့ ကျွန်မ သွားခဲ့ရာတွင် တံခါးဖွင့်၍ ကြို သူသည် သားငယ်ဖြစ်သည်။ သို့သော် သား၏ ပုံစံမှာ သနပ်ခါးပါးကွက်ကျား၊ မိခင်ည၀တ်အိပ်သည့် ဂါဝန်ကိုဝတ်လျက် ပျော့ပျောင်းသော လက်ဟန်ခြေဟန် အပြည့်ဖြင့် ကျွန်မကို ဆီးကြိုရာ ကျွန် မ လွန်စွာအံ့သြရင်း စိတ်မကောင်းဖြစ် သွားရသည်။ မိခင်ဖြစ်သူမှာကား သား စိတ်ကြောင့် ဆိုဖာပေါ်တွင် ခြေပစ် လက်ပစ်ဖြစ်နေရှာပုံကို မြင်ရသော ကြောင့် သားမွေးထားသော ကျွန်မ သည် ကိုယ်ချင်းစာစိတ်ဖြင့် ရင်နှင့်အမျှ ခံစားမိပါသည်။ အဆုံးသတ်ရလျှင် မိခင်ရှာဖွေခဲ့သော သားအတွက် ငွေ ကြေးတို့သည် သား၏ ဘ၀ရှေ့ရေးကို လမ်းကြောင်းဖြောင့်အောင် မြှင့်တင် မပေးနိုင်ခဲ့ပါချေ။ သားသမီးအတွက် ငွေထက်အရေးကြီးသည်မှာ ကြင်နာမှု ဖြင့် ထိန်းသိမ်းကြပ်မတ်ရမည်ဖြစ် ကြောင်း သိခဲ့သော်လည်း နောက်ကျ ခဲ့ပြီဖြစ်သည်။
ယခုခေတ်အခေါ် Guide ဟူသည့် အနီးကပ်ကြီးကြပ်သူသည်လည်း ကလေး တို့နှင့် အံဝင်ခွင်ကျဖြစ်ရန်လိုသည်။ အချို့သော အနီးကပ်သင်ပြ သူတို့ သည် သူတို့အာဘော်အတိုင်း၊ သူတို့၏ နည်းအတိုင်းသာ ကလေးကို စာကျက်စေ သည်။ ကျူရှင်တွင် သင်ရသည့် အာ ဘော်နှင့် နည်းပြ၏ အာဘော်တို့ မတူ သောအခါ ကလေးတို့ ဒုက္ခရောက်ရ ကြောင်း မိဘတို့ သိသင့်သည်။
ကျွန်မသားန၀မတန်း တက်စဉ်က ကျောင်းကျူရှင်မတက်စေလို၍ အိမ်အနီး ရှိ တက္ကသိုလ်တက်နေသူ တစ်ဦးထံတွင် ကျူရှင်ယူစေသည်။ ကျူရှင်တွင် သင် ရမည့် လိုအပ်သော အထူးထုတ်စာအုပ် များကိုလည်း အကုန်ဝယ်ပေးရသည်။ အောက်တိုဘာလကုန်ခါနီး၌ သားဖြစ် သူ ပြောလာသည်မှာ ကျူရှင်တွင် တစ်လလုံးစာမသင်ကြောင်းပြော၍ မေးခဲ့ကြည့်ရာ ကျောင်းမှ စာသင်မှသာ စာပြန်ပြနိုင်မည်ဖြစ်ပြီး ယခုကျောင်းမှ စာမသင်သည့်အတွက် သူလည်း ကြို မသင်နိုင်ကြောင်းပြောကာ စာကြိုသင် ရမည်ဆိုပါက ငွေပိုပေးရန် တောင်းဆို လာသည်။ ထိုဖြစ်ရပ်တွင် ကျွန်မ၏ အမှားများစွာပါသည်။ နွေရာသီ သုံးလ လုံး ကြိုတက်လာသော်လည်း သင်ခန်း စာရှေ့ကြိုမရောက်ခြင်း၊ အောက်တိုဘာ တစ်လလုံး စာမသင်ဘဲ ငွေပေးလိုက် ရခြင်းတို့သည် ကျွန်မဂရုမစိုက်ခဲ့၍ ဖြစ် ရခြင်းပင်။ နောက်ဆုံးတွင် အတန်းတင် စာမေးပွဲ ဖြေဆိုပြီးသည်အထိ ကျောင်း ကျူရှင်တွင်သာ ထားခဲ့ရသည်။
အောက်တိုဘာလနောက်ပိုင်း၌ ကျောင်းတွင်းပွဲတော်များ ပြုလုပ်ခြင်း သည် စာသင်ခြင်းကို အနှောင့်အယှက် ဖြစ်စေသည်။ ဆရာကန်တော့ပွဲ၊ ကထိန် ပွဲတို့ပြီးပြန်လျှင် ကျောင်းသားစုံညီပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများကြောင့် ဆရာမများသည် စာမသင်ဖြစ်ခဲ့သည့် ရက်များအတွက် နောက်ကျပြီးမှ လွတ် သွားသော စာများကို စုသင်ပေးသည်။ ကျွန်မခံစားချက်နှင့် ယှဉ်၍ မိဘတိုင်း သည် သားသမီးတို့အပေါ် ပညာရေး၌ ဂရုစိုက်စေချင်သည်။ ပုဂ္ဂလိက ကျောင်း များစွာ ပေါ်ပေါက်နေသည်မှန်သော် လည်း အမှန်တကယ်ပညာသင်ပေးသည့် ကျောင်းနှင့် ကျောင်းသားပျော်အောင် ကျောင်းသားတို့အလိုကျထားသော ကျောင်းများလည်း ရှိသည်ဖြစ်၍ စုံစမ်း ပြီးမှ အပ်စေလိုသည်။ ဇီးသီးဗန်းမှောက် ခြင်းသည် ကျွန်မတို့ မိဘများရှိရာတွင် မှောက်ခြင်းမဟုတ်သည့်အတွက် ကျွန် မတို့သည် ဇီးသီးဗန်းနှင့် မည်သို့မျှ ပတ်သက်စရာအကြောင်းမရှိ။ သို့သော် ကျောင်းများတွင် မှောက်သည့် ဇီးသီး ဗန်းတို့အကြောင်းကိုမူ ကြားသိနေရ သည်ပင်။
အခြားနိုင်ငံများတွင် ကျောင်းတက် စဉ်အတွင်း မိမိသင်ယူရသည့် ဘာသာရပ် အလိုက် လုပ်ငန်းခွင်သို့ဝင်ရန် တစ်ပါ တည်းသင်ပေးပြီးဖြစ်၍ ဘွဲ့ရပြီးပါက လုပ်ငန်းခွင်သို့ တန်းဝင်ရုံသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ဘွဲ့ရပြီးသည်နှင့် သင်တန်းမျိုးစုံမှ အောင်လက်မှတ် မျိုး စုံတို့ကို အချိန်နှင့်ငွေကုန်ခံကာ ထပ် တက်ရပြီး ထိုလက်မှတ်များကိုင်ကာ အလုပ်မရဘဲယောင်ချာချာဖြစ်နေသော ကလေးတို့ကို မြင်ရသော် ကျွန်မစိတ် မကောင်းပါ။
ကျွန်မတို့ ငယ်စဉ်က သူငယ်တန်း တက်သည်နှင့် ဆရာမက ၀လုံးရေးနည်း ကို လက်ထပ်သင်ပေးခဲ့ပါတယ်။ ယခု ခေတ်တွင်မူ သူငယ်တန်းအတွက် ကျူ ရှင်အဖြစ် မူကြိုတက်ရသည်။ မူကြို မတက်ခဲ့သော ကလေးသည် ကျောင်း တက်ပါက စာလိုက်နိုင်မည်မဟုတ်ပေ။ ထိုကဲ့သို့ သူငယ်တန်းမှ ဘွဲ့ရသည်အထိ ကျူရှင်တက်ရသော နိုင်ငံကို မြန်မာ နိုင်ငံဟု ခေါ်ပါသည်။ နိုင်ငံတော် အကြံပေးကလည်း ကျူရှင်စနစ်ကို ထောက်ခံထားသည် မဟုတ်ပါလော။ ယခုအခါ ပညာရေးမြှင့်တင်ရန်ဟုဆို၍ နှစ်တန်း ထပ်တိုးလေသော် နှစ်နှစ်စာကျူရှင်ခ ထပ်ကုန်ဦးမည့် ကျွန်မတို့ မိဘများ၏ ဘ၀ကိုတွေး၍ ရင်လေးမိသည်။ အတန်း မည်မျှတိုးစေကာမူ ကလေးများနားလည် စေရန် စေတနာအပြည့်ဖြင့် သင်ပြမည့် ဆရာ၊ ဆရာမတို့ပေါ်ထွက်မလာပါက ကျူရှင်ပြသူတို့ကောင်းစားစေရန် ကျွန် မတို့မိဘများက ဆင်းရဲခံ၍ ပံ့ပိုးနေရ မည့် သဘောဖြစ်သည်။
အချုပ်ဆိုရလေသော် ကျူရှင်နှင့် နည်းပြကို ငွေကုန်ကြေးကျခံ၍ ထား သော်လည်း မိဘများက အနီးကပ်ကြီး ကြပ်၍ လေ့လာသင့်သည်။ အချို့သော ကျောင်းနှင့် ကျူရှင်တို့သည် သင်ရိုးညွှန်း တမ်းအတိုင်းသာ သင်ကြပြီး အပြင် မေးခွန်း (Unseen) များသင်ကြားခြင်း မရှိသည့်အတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုလျှင် အထောက်အကူမရနိုင်ပေ။
မိမိ၏ ကလေးထူးချွန်ထက်မြက်ဖို့ ထက်အမှန်တကယ် ပညာတတ်စေလို ပါက မိဘတို့သည် အဓိကနည်းပြသူသာ ဖြစ်ရပေမည်။ အတန်းတင်စာမေးပွဲ အတွက် မေးခွန်းသုံးစုံ၊ ငါးစုံ စသည် ဖြင့် ထုတ်ပေးပြီး Unseen မေးခွန်းမပါ ဘဲ ဖြေဆိုရသော ကျောင်းတို့များစွာ ရှိကြောင်း သိကြပေမည်။ ငွေပေး၍ စာသင်သည်ဟု လက်လွတ်စပယ်တွေး ပြီး မည်သူ့ကိုမျှ မယုံလိုက်ပါနှင့်။ နာ သုံးနာကို လက်ကိုင်ထား၍ သင်သော ဆရာတို့သည် ယခုခေတ်တွင် ရှားပါး နေပြီဖြစ်သောကြောင့် မိမိ၏ သားသမီး တို့ ပညာရေးသည် မိမိတို့မိဘများ ဂရု စိုက်မှုပေါ်တွင်သာ မူတည်နေပါကြောင်း တင်ပြရင်းသားသမီးတို့ ဘွဲ့ရသည်အထိ အံခဲ၍ ထောက်ပံ့ကြပါစို့ဟု။

မကြည်ပြာ (သင်္ချာ))

Thursday, April 2, 2015

မူကြိုမှာ သူငယ်တန်းသင်တာ ကလေး ဦးနှောက်ဖွံ့ဖြိုးမှု အန္တရာယ်ရှိတယ်

မူကြိုအရွယ် ကလေးများကို သူငယ်တန်း စာတွေကို ကြိုသင်ကြတာ၊ ကျက်ခိုင်းတာ၊ ကကြီး ၊ ခခွေးတွေ၊ အေဘီစီဒီ တွေကို ရေးရ ကျက်ရတာ တွေကို မူကြိုကျောင်းတွေမှာ မလုပ်သင့်ဘူး ဆိုတဲ့ အကြောင်းကို ဧရာဝတီမှာ သာမက တခြား မဂ္ဂဇင်း၊ ဂျာနယ်များက ဆောင်းပါးတွေမှာပါ မကြာခဏ ဆိုသလို ကျမ ရေးခဲ့ဖူးပါတယ်။
ကျမတို့ နိုင်ငံက မူကြိုကျောင်း တော်တော်များများဟာ ကလေးတို့ ၄ နှစ်လောက် ရောက်ပြီ ဆိုတာနဲ့  ရှေ့နှစ် သူငယ်တန်း ကျောင်းတက်တဲ့ အချိန်မှာ ကလေး အဆင်သင့် ဖြစ်အောင်ဆိုတဲ့  ရည်ရွယ်ချက် နဲ့ သူငယ်တန်းစာ တွေကို ကလေးကို အတင်းရေးခိုင်း ကြ၊ သင်ကြရပါတော့တယ်။ မိဘတော်တော်များများ ကလည်း မူကြို အရွယ် ကလေးများကို မူကြိုကျောင်းကို ပို့ခြင်း ရည်ရွယ်ချက်ထဲမှာ သူငယ်တန်းစာတွေကို များများဖတ်တတ်၊ ရေးတတ်ဖို့ (စာကြိုသင်ဖို့) ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပို့ကြတာ များပါတယ်။ သူငယ်တန်း စာတွေ များများ သင်နိုင်တဲ့ကျောင်းကမှ မူကြိုကျောင်းကောင်း၊ ကလေးတို့ အိမ်စာတွေ များများပါလာ တဲ့ကျောင်းကမှ တကယ့် မူကြိုကျောင်း စသဖြင့် ထင်တတ်ကြ ပြန်ပါတယ်။
မူကြို အရွယ် (၃ နှစ်ကနေ ၅ နှစ် အတွင်း) ကလေးငယ်များကို သူငယ်တန်း စာတွေကိုပဲ မူကြိုမှာ သင်ပေးခြင်းဟာ ကလေးတို့ ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ထိခိုက်စေ ပါတယ်။ လူ့ ဦးနှောက်ဟာ မွေးကတည်းက အကုန်အစင် ကြီးထွား ပြည့်စုံပြီး ပါလာတာ မဟုတ်ပါဘူး။ အမေ့ဝမ်းက ကျွတ်ပြီးမှ တဖြည်းဖြည်း ဆက်လက် ဖွံ့ဖြိုးရတာပါ။ ပထမ ၅ နှစ်တာ ကာလဟာ ကလေးတယောက် (လူတယောက်) ရဲ့ ဦးနှောက် ဖွံ့ဖြိုးဖို့ အတွက် သိပ်ကိုမှ အရေးကြီး လှပါတယ်။ ဘာလို့လဲ ဆိုတော့  ကိုယ်ဝန် ၆ ပတ်ကနေ ၅ လ အတွင်းမှာ လူ့ ဦးနှောက် ဆဲလ်တွေဟာ ဘီလျံပေါင်း ၁၀၀ လောက် ဖြစ်လာကြပါတယ်။ သူတို့ထဲက တချို့ကသာ ဦးနှောက်နဲ့ ဆက်သွယ်မှု ရှိပြီးတော့ တချို့က ဆက်သွယ်မှု မရှိပါဘူး။
အမေ့ဝမ်းထဲက ကျွတ်တဲ့ အချိန်မှာ ဒီ ဦးနှောက်ဆဲလ်တွေ ဦးနှောက်နဲ့ ဆက်သွယ်ဖို့ (အမြင်၊ အကြား၊ အထိတွေ့  စတဲ့ အာရုံတို့ သန်စွမ်းထက်မြက် လာစေဖို့) အတွက် ကျမတို့ဟာ ကလေးကို လှုံ့ဆော်မှုတွေ လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လှုံ့ဆော်မှုတွေ လုပ်ပေးဖို့ ဆိုတဲ့ အလုပ်ဟာ ပထမ ၅ နှစ်တာ ကာလမှာ များများကြီး လုပ်ပေးရမှာပါ။ ဦးနှောက်ရဲ့ သဘောအရ ဆက်သွယ်မှု လုပ်ပေးနိုင်တဲ့ နပ်ဗ်ကြောတွေကို ချန်ထားခဲ့ပြီးတော့ ဆက်သွယ်မှု မလုပ်နိုင် တာကို ဖြတ်ချပစ်တတ်တာမို့ လို့ ဒီငါးနှစ်တာ ကာလဟာ လူတယောက် အတွက် တကယ့် အရေးကြီးတဲ့ သင်ယူမှု တွေကို အများကြီး လုပ်ဖို့ သိပ်ကို လိုအပ်တဲ့ အချိန်ပါပဲ။
ကျမတို့ရဲ့ ဦးနှောက်ဟာ ဘယ်ဘက်ခြမ်း၊ ညာဘက်ခြမ်း ဆိုပြီးတော့ ၂ ခြမ်း ရှိပါတယ်။ ဒီ ၂ ခြမ်းလုံး ဖွံ့ဖြိုးတိုးတက် အောင် (တနည်း ပြောရရင်) ဦးနှောက်တခုလုံး ဖွံ့ဖြိုးလာအောင်လို့ ကလေးတို့ကို သင်ကြားပေးရမှာပါ။ ဒီသင်ကြားမှု  (သင်ယူမှုကို ) ပထမ ၃ နှစ်တာ ကာလမှာ မိဘတို့က လုပ်ပေးဖို့ လိုသလို နောက် ၂ နှစ်တာ ကာလဟာ မူကြိုကျောင်း များက လုပ်ပေးရမှာပါပဲ။ မူကြို အရွယ် ကလေးတယောက်ဟာ မူကြိုကျောင်းမှာ လွတ်လပ်စွာ တီထွင်ဖန်တီးနိုင်ဖို့ လိုသလို၊ စိတ်ကူးစိတ်သန်း လေးတွေကို အသုံးချပြီးတော့ ကစားဖို့လိုပါတယ်။
မူကြိုကျောင်းမှာ ကလေးတို့ ကစားတဲ့ အတုယူ ဟန်ဆောင် ကစားနည်း (Pretend Play) တို့၊ သစ်သားတုံးလေး တွေကို တတုံးနဲ့ တတုံးထပ် ပြီးတော့ ကစားခိုင်းတာတို့၊ အလုံးလေးတွေကို ကြိုးနဲ့ သီတာတို့၊ ပြေးလွှားခုန်ပေါက် ကစားစေတာတို့ ဆိုတာတွေဟာ အလကား ကစားခိုင်းတဲ့ ကစားနည်းတွေ မဟုတ်ပါဘူး။ ကလေး ဦးနှောက် အတွက် လေ့ကျင့် ပေးတဲ့၊ တနည်း ပြောရရင် ကလေး ဉာဏ်ကောင်းအောင် လုပ်ပေးတဲ့ ဦးနှောက်လေ့ကျင့် ခန်းတွေပဲ ဖြစ်ပါတယ်။
မူကြိုမှာ ဘာတွေကို ဘယ်လို သင်ရမယ် ဆိုတဲ့ အကြောင်းကိုလည်း ဧရာဝတီမှာ ကျမ ရေးခဲ့ပြီးသား ဖြစ်လို့ ထပ် မရေးတော့ ပါဘူး။ ကျမတို့ ဆီက မူကြိုကျောင်း တော်တော်များများမှာ ကလေးတို့ (အေ၊ ဘီ၊စီ၊ဒီ) တမျက်နှာ၊ နှစ်မျက်နှာ စသည်ဖြင့် ရေးခိုင်းတာတွေ၊ သူငယ်တန်းဖတ်စာ ထဲက ဖတ်စာ ၁ ၊ ၂၊ ၃ စတာတွေကို အလွတ်ကျက် ခိုင်းနေတာ တွေဟာ တကယ်တော့ ကလေးတို့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် ကြီးမားတဲ့ အန္တရာယ်ကြီးပဲ ဖြစ်ပါတယ်။
တနည်း ပြောရရင် ဒီလို မူကြိုမျိုးမှာ စာထိုင်ရေး၊ စာကျက်နေတဲ့ ကလေးဟာ သူငယ်တန်း ကျောင်းတက်ချိန်မှာတော့ သူများထက် စာပိုရကောင်း ရပါလိမ့်မယ်။ ဒါပေမယ့် ကလေးတို့ အတွက် လိုအပ်တဲ့ စွမ်းရည်တွေကို မူကြိုကျောင်းမှာ လေ့ကျင့်ခွင့် မရတော့တဲ့ အတွက် တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်း စတဲ့ ဉာဏ်စွမ်းရည်များကို ကလေးခမြာ ဆုံးရှုံးရ ပါတော့တယ်။
မူကြို ကျောင်းတွေမှာ သူငယ်တန်းစာတွေ သင်နေတာ (ကျက်ခိုင်း၊ ရေးခိုင်းနေတာ) ဟာ ကလေးတို့ကို ဉာဏ်ရည် ထိခိုက်စေတယ် ဆိုတဲ့ အကြောင်းကို မူကြိုကျောင်း ထောင်နေတဲ့ တချို့ ဆရာ၊ ဆရာမများလည်း နားလည်ကြ ပါတယ်။  ဒါပေမယ့် မိဘများက သူငယ်တန်းတက်ရင် သူတို့ကလေး ကျောင်းမှာ စာလိုက်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မူကြို သူငယ်တန်းကျောင်းကို ထားကြတာ မို့လို့ သူငယ်တန်းစာ သင်မပေးတဲ့ မူကြိုကျောင်းကို မထားချင် ကြပါဘူး။
ဒါကြောင့်မို့ လို့ လူ အများစု လိုက်မှီတဲ့ ဈေးနှုန်းလောက်နဲ့ ဖွင့်ရတဲ့ မူကြိုကျောင်း တော်တော် များများဟာ ဇွန်လ ကျောင်းဖွင့်ချိန်မှာ သူငယ်တန်းစာ အပြတ်ဆိုတဲ့ မူကြို သင်ရိုးညွှန်းတန်းကို လက်ကိုင် ထားရပါတော့တယ်။
မိဘများ အနေနဲ့ တဖက်က ပြန်ကြည့်မယ် ဆိုရင်လည်း သူငယ်တန်း တက်ချိန်မှာ ကလေးကို လူ ၆၀ လောက် ရှိတဲ့ စာခန်းထဲကို ထည့်လိုက်ရမှာ ဖြစ်တဲ့ အတွက် သူတို့ ကလေးတွေကို သူငယ်တန်းစာတွေကို ကြိုသင်ဖို့ လိုတယ်လို့ စဉ်းစားကြ ပါတယ်။ ၄ နှစ်ကျော်လောက် ရောက်တဲ့ အထိ ကလေးက စာကို ကူးမရေးတတ်သေးဘူး ဆိုရင်ဖြင့် ကျောင်းတက်ရင် ဒုက္ခရောက်တော့မှာပဲ၊  ကလေးက ဘာမှ မတတ်သေးဘူး ဆိုပြီးတော့ စိတ်ပူ တတ်ကြ ပြန်ပါတယ်။
သူငယ်တန်းမှာ ကလေးတို့ စာမလိုက်နိုင်မှာ၊ ပထမ မရမှာ၊ အဆင့်ကောင်းကောင်း မ၀င်မှာ စတဲ့ မိဘတွေရဲ့ စေတနာ ပါသော စိတ်ပူပန်မှုဟာ အဆုံးသတ်လိုက် ချိန်မှာတော့ ကျမတို့ နိုင်ငံမျိုးဆက် တခု ဖြစ်တဲ့ ကလေးတို့ရဲ့ ဉာဏ်ရည်ကို ထိခိုက်စေ တော့တာပါပဲ။ ဒါဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အန္တရာယ်ကြီးပါ။ ကလေး (လူ) တို့ရဲ့ ဉာဏ်ရည် (ဦးနှောက်ဖွံဖြိုးမှု)၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု စတာတွေကို နောက်ကျသွားအောင်၊ နုံနဲ့ သွားအောင်၊ တုန်းချိသွားအောင် လုပ်ပစ်နိုင်တဲ့ အထိ အန္တရာယ် ရှိပါတယ်။
လူများစု တတ်နေရတဲ့ မူကြိုအများစုမှာ  သူငယ်တန်းစာတွေကို အလွတ်ကျက်ခိုင်း၊ ရေးခိုင်း၊ ကျက်ခိုင်းနေတာနဲ့ ပတ်သတ်ပြီးတော့ မိဘနဲ့ မူကြို ကျောင်း၊ မူကြိုကျောင်းနဲ့ မိဘ တယောက်ကို တယောက် အပြစ်တင် လွှဲချနေကြ ပေမယ့် တကယ်တော့ ပညာရေးစနစ်ကြောင့် ပါပဲ။ အစိုးရ ကျောင်းများမှာသာ သူငယ်တန်း ၊ ပထမ တန်းကို စာမေးပွဲ မရှိဘူး ဆိုရင်ဖြင့် ၃၊ ၄၊ ၅ နှစ် အရွယ် မူကြိုကလေးတွေ လည်း သူငယ်တန်း စာသင်ရတဲ့ ဒုက္ခဘေးကနေ ကင်းလွတ် လာကြမှာပါ။
သူငယ်တန်းစာဟာ သူငယ်တန်း ရောက်မှသာ သင်ရမှာ ပါ။ သူ့အရွယ် သူ့အတန်းနဲ့သာ သင့်တော်ပါတယ်။ သူငယ်တန်းမှာ တောင်မှ တကယ်တော့ စာသင်တာထက် ကလေးတို့ဟာ ကဗျာလေးတွေ ရွတ်ဆိုဖို့၊ ပုံပြင်လေးတွေ နားထောင်ဖို့ ပိုပြီးတော့ လိုပါတယ်။ သူငယ်ချင်း အချင်းချင်း ချစ်ခင် ရင်းနှီးစွာနဲ့ မိတ်ဆွေဖွဲ့ တတ်ဖို့ ပိုလိုပါတယ်။
သူငယ်တန်း အခန်းဟာ ကလေး အရွယ် စာသင်ခန်း မို့လို့ ကလေးဟာ ကလေးတူတဲ့ သင်ကြားမှု  ရှိဖို့ လိုသလို၊ စာဆိုတာ ချစ်စရာ၊ ကျောင်းဆိုတာ ပျော်စရာ ရယ်လို့ ထင်မြင်သွားအောင်လို့ သင်ဖို့ လိုပါတယ်။ သူငယ်တန်းမှာ ကလေးရဲ့ စိတ်ထဲမှာ စာမေးပွဲ ဖိအား `၀န်´ပိမနေသင့်ပါဘူး။ ပထမ၊ ဒုတိယ ဆိုတဲ့ အဆင့် တွေကိုလည်း ပြိုင်ဆိုင် ရယူလို စိတ်မွေးဖို့ မလိုသေးပါဘူး။ ဒါကြောင့် အစိုးရကျောင်းများမှာ သူငယ်တန်း၊ တတန်းလောက် အထိ စာမေးပွဲ စနစ်တွေ မရှိသင့်ဘူးလို့ ကျမ ထင်မြင် ယူဆပါတယ်။
သူငယ်တန်း၊ တတန်းမှာသာ စာမေးပွဲ ရှိမနေဘူး ဆိုရင်ဖြင့် ကလေးတို့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အင်မတန် လိုအပ် တဲ့ မွေးစကနေ ၅ နှစ် အရွယ်တွင်း လေ့ကျင့်မှုကို အိမ်မှာ၊ မူကြိုကျောင်းတွေမှာ နည်းစနစ် မှန်မှန်နဲ့ ကလေးတို့ကို လေ့ကျင့် ပေးဖို့ အတွက် မိဘများရော၊ မူကြို ဆရာမများပါ လုပ်ပေး လာနိုင်ပါ လိမ့်မယ်။     ။
ခေတ်ဘုန်းသစ်